မိုက်တယ် ဆို တာ လွယ်ပါတယ်

by Hla Soewai - Aug 29 2024

စက်သုံးဆီများ နိုင်ငံတွင်း ရှားပါးလာနေပြီ ဖြစ်၍ လူထု ၏ နေထိုင် စားသောက်မှု ဘဝ သည် မွန်းကျပ် သည်ထက် မွန်းကျပ်လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် မှ လောင်စာဆီများ တင်သွင်းသူများ အား ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်း ပေးမည် ဆိုခြင်းသည်လည်း ‌ဆေးမြီးတို ဖြင့် တလ ခန့်သာ အဆင် ပြေ နိုင်သည့်လတ်တလော ကုစားခြင်း မျိုးသာ ဖြစ်၍ ရေရှည် ‌ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်သဖြင့် မည်သူကမျှလည်း ယုံယုံကြည်ကြည်နှင့် မျှော်လင့်ချက် ထားနေကြခြင်း မရှိပေ။

 

စက်သုံးဆီ တင်သွင်းသူ များ အဖို့လည်း ထိုသို့ ဒေါ်လာ များ ထုတ်ရောင်းပေးလာခြင်း ကြောင့် အခန့်မသင့်လျင် ထောင်နန်းစံ ရမည့် အရေးကို တွေး၍ ပူပန်နေလောက်ပြီ ဖြစ်သည်။ ၎င်းတို့အဖို့လည်း မည်ရွေ့မည်မျှ ခွဲတမ်း ချပေးရမည် ဆိုသည်ကိုလည်း မသိ ဖြစ်နေသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ရောင်းချခွင့် လိုင်စင်မရှိပဲ စက်သုံးဆီ လီတာ ၁၈၀ ခန့် လက်ဝယ် ရှိနေပါက ဖမ်းဆီး အရေးယူခြင်း ခံရမည် ဆိုသော ခြိမ်းခြောက်ထားပြီး ဖြစ်သည်။

 

အကြီးစား ခရိုနီ ကြီး ဖြစ်သော ဆာခ်ျပန်း ခေါ် ဦးသိန်းဝေ အားလည်း အွန်လိုင်း လိမ်လည်မှု များ မှ တရားမဝင် ရရှိသည့် ငွေမဲ များကို ခဝါချ၍ သံလျင် ဖက်ရှိ StarCity မြို့ စီမံကိန်း တွင် ရင်းနှီးမြုပ် နှံ နေသည် ဟု တရုတ်၏ လက်တို့ သတင်းပေးချက်အရ ဖမ်းဆီး စစ်ဆေးနေရာမှ တရားဝင် စွဲချက် တင်လိုက်ပြီ ဖြစ်သည်။

 

ယခုအခါ ရန်ကုန်၊ နေပြည်တော် မြို့ကြီးများ၏ လမ်းများ ပေါ်တွင် အိမ်သုံးကားများ၊ ထရပ်ကားကြီးများ၊ လမ်းကြိတ်စက်များ၊ လယ်ထွန်စက်များ ဖြင့် ဓါတ်ဆီ တန်းစီနေသော ကားတန်းရှည်ကြီးများကို နေရာအနှံ့ တွေ့လာနေရသည်။

 

၉၂ ဓါတ်ဆီ တလီတာ၏ ဈေးနှုန်း သည် ၂,၉၀၀ ကျပ် အထိ အဆမတန် ထိုးတက်သွားသော်လည်း ဝယ်ချင်တိုင်း ဝယ်၍ မရတော့ပဲ ကားတစီးလျင် ကျပ် သုံးသောင်းဖိုး၊ ဘေးတွဲဆိုင်ကယ် တစီးလျှင် ကျပ် ခြောက်ထောင်ဖိုးသာ ရောင်းချ ပေးတော့သည်။ ညလုံးပေါက် တန်းစီ ရသူ များ အဖို့ ခြောက်ထောင်ဖိုးသည် ဓါတ်ဆီ နှစ်လီတာ ပင် မရှိ၍ လုပ်ငန်းလုပ်ဖို့ အခက်တွေ့နေကြရပြီ ဖြစ်သည်။

 

တစီးလျှင် ဆယ်လီတာ ခန့် ပမာဏ ဖြင့် တနေ့တာရောင်းချ ပေးရမည့် ပမာဏ ကို ကန့်သတ်ထား ပြန်သည်။

 

အ‌ ခြေ အနေသည် ယမန်နှစ်က ကြုံခဲ့သည်ထက် အပုံကြှး ဆိုးဝါးလာ‌ နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဆီဆိုင် အတော်များများလည်း ပိတ်ကုန်ကြသည်။ ဂျင်နရေတာ ကို အမြဲလို မသုံးနိုင်သည့် လုပ်ငန်း အချို့လည်း ယာယီ ရပ်ဆိုင်းခဲ့ကြရသည်။ 

 

လူထု သည်လည်း အရေးပေါ် သွားဖို့လာဖို့ပင် အခက်ကြုံ နေကြရသည်။ တက္ကဆီ ခ များသည်လည်း အဆမတန် ဈေးတက်လာသည်။

 

ထိုသို့ ဖြစ်လာရသည့် အဓိက အကြောင်းရင်းသည် နိုင်ငံခြား အရံငွေ ရှားပါးလာနေခြင်းကြောင်ုပင် ဖြစ်သည်။ ပြည်သူ လူထု ၏ ဘဝ သည် ၎င်းတို့ လက်အောက်တွင် ဗြောင်းဆန်လာနေသည်ကိုပင် မည်သို့မျှ မျက်နှာပူ ရ ကောင်းမှန်းလည်း မသိပဲ ပါးစပ်ဖျား နှင့် စာရွက်‌ ပေါ်တွင် မည်သို့ လိမ်ညာ လှည့်ဖျား ၍ မစားရ ဝခမန်း ပြောရမည်ကိုသာ ကိုယ့်လိပ်ပြာ ကိုယ်မရှက် စဉ်းစားကြံဆနေသူ များ ဖြစ်သည်။

 

ပြည်တွင်း စီးပွားရေး နှင့် စက်မှု လုပ်ငန်းများသည်လည်း နိုင်ငံခြားငွေ မလုံလောက်မှု ကြောင့် နောက်ပြန် ဆောင့်ဆွဲ ခံထားရသလို ဖြစ်နေသည်။ အဓိက ပြည်ပ ပို့ကုန် အဖြစ် အားထားနေရသော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများသည် ရေကြီးမှု ကြောင့် အနည်း နှင့် အများ ဆိုသလို ထိခိုက် ပျက်စီးသွားခဲ့ပြန်သည်။

 

သီလဝါ အထူး စီးပွားရေး ဇုံတွင် အငှားချထားမှု မှ ရသည့် ဝင်ငွေသည် ၂၀၂၁ နှင့် ၂၀၂၂ အတွင်း ၇၀ ရာနှုန်း ကျဆင်းသွားသည်ဟု သိရသည်။ အလားတူ အခွန်ငွေများ နှင့် ဓါတ်ငွေ့ မှ ရသော ဝင်ငွေ သည်လည်း တော်လှန်ရေး ကြောင့် ထိခိုက် ကျဆင်းလာနေပြီ ဖြစ်သည်။ နယ်ခြားကုန်သွယ်ရေးသည်လည်း ရပ်တန့်သလောက် ဖြစ်နေသည်။ အထည် အလိပ် လုပ်ငန်းသည်သာ အခြေအနေ မပျက် ရှိနေသည်။ သို့သော်လည်း အခြား လုပ်ငန်းများနည်းတူ ဓါတ်အား မလုံလောက်မှု၊ သယ်ယူ ပို့ဆောင်ရေး အခက်အခဲများ ကြောင့် ရှေ့လျောက် ထိခိုက်လာဖို့ ရှိနေသည်။

 

စစ်အာဏာသိမ်း အဖွဲ့ ၏ စီးပွားရေး မူဝါဒ သည်က သေနတ်ပြ၍ ဈေးနှုန်းကို ထိန်းချုပ် အကျပ်ကိုင်နေသည့် စစ်ဝါဒ ဖြင့် ရော‌ထွေး စီမံ နေ သည့် အဆင့်မှတိုးတက်မလာသေးသည်ကို တွေ့ရသည်။

 

ရွှေကုန်သည်များ၊ ငွေကုန်သည်များ၊ စားအုန်းဆီ နှင့် ဆန် ကုန်သည်များ၊ ဆူပါ မားကက်များ၊ အိမ်ခြံမြေ ရောင်းဝယ်သူများ၊ ဘဏ်လုပ်ငန်းရှင်များ အားလုံး နေ့စဉ်လို ဓါးကြိမ်း ကြိမ်းခံနေကြရပြီ ဖြစ်သည်။

 

ထိုအထဲတွင် ဆန် အား သတ်မှတ်ဈေးနှုန်းဖြင့် ပိုရောင်းချသည် ဆိုကာ ဖမ်းဆီးခံခဲ့ရသော အေရွန် အော်ရိမ်း ဆူပါမားကက်မှ အမှုဆောင် အရာရှိ ဂျပန် နိုင်ငံသား အား တလတာမျှ ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးလိုက် ပြန်၍ ၎င်း၏ နိုင်ငံသို့ ပြန်သွားရှာပြီ ဖြစ်သည်။

 

မြင်းခြံ ရှိ စင်္ကာပူ Sembcorp ၏ ဓါတ်အား ၂၂၅ မီဂါဝပ် ဖြန့်ဖြူးပေး နေသော ဓါတ်အားပေးစက်ရုံ အားလည်း ယာယီ ရပ်ဆိုင်းလိုက်ပြီ ဖြစ်၍ အခြေအနေများ ပိုဆိုးသွားခဲ့ပြန်သည်။

 

ပြည်တွင်း တွင် လက်ရှိ ရင်းနှီးမြုပ်နှံနေသော ကုမ္ပဏီ များသည်လည်း ဒေါ်လာများ ပြန်လည် လွှဲပြောင်း ပေးခြင်းကို ကန့်သတ်လာ၍ ငွေပင်ငွေရင်း များ တိုးချဲ့ မြုပ်နှံမှု များကို ဆိုင်းငံ့လာကြသည်။

 

တိုင်းပြည် သည်လည်း မင်းအောင်လှိုင် စေစားနေသော စစ်ဝါဒ ဖုတ်ကောင်ကြီး၏ ဝါးမြို စားသောက်ခြင်း ခံနေရသ၍ ဆက်ပြီး ဖွတ်ဖွတ် ညက်ညက် ကျေနေဦးမည်သာ ဖြစ်သည်။ လက်ရှိတွင် တော့ ၎င်း၏ သားသမီးများမှ လွဲ၍ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဒုက္ခ ရောက်နေကြပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တော်လှန်ရေး တပ်များ နေပြည်တော် သို့ ရောက်မလာမခြင်း ၎င်း၏ ဖုတ်ကောင်ကြီးအား ရွေးကောက်ပွဲ ဆိုသည့် မျက်လှည့်ပြပွဲဖြင့် ဆက်၍ မန်းမှုတ် အသက်သွင်းရန် ကြံစည်နေပြီ ဖြစ်သည်။

 

ပြည်သူများကလည်း ၎င်းတို့အား သားစဉ် မြေးဆက် လူစဉ်မမီ အောင် ဒုက္ခပေးလာသည့် စစ်အာဏာရှင် စနစ်ကို အပြီးအပိုင် ချေမှုန်းနိုင်‌ တော့မည့် အခွင့်အ ရေး များ လက်တကမ်း အကွာသို့ ရောက်လာနေပြီ ဖြစ် ၍ လည်း စိတ်အား ထက်သန်လျက် ရှိနေပြီ ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!