ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(4)

by Hla Soewai - Aug 29 2024

အားလုံး၏ စိတ်များသည် ဒေါသ ထွက်လွယ်နေသော်လည်း ကလော့ဒ်သည် ခေါင်းအေးအေး ထားနိုင်သူ ဖြစ်သည်။ ပူပြင်း ခြောက်သွေ့ သည့် ဒဏ်ကို အနေကြာလာခဲ့ပြီ ဖြစ်၍ သူ့ အဖို့ ချွေးပင် စို့ရ ကောင်းမှန်း မသိအောင် ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။

 

သူသည် ပညာတတ်တဉီး ဖြစ်သော်လည်း အများနှင့် မတူ တမူ ထူးခြားသည့် အမေရိကန် တဦး ဖြစ်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး လှေလှော်သား တဦးလည်း ဖြစ်သည်၊ သူ၏ လက်‌မောင်း ကြွက်သားများကလည်း ဖုထစ်နေသည်။ ကျွန်တော်တို့ နိုင်ငံရှိ ပညာတတ်များက ခန္ဓာကိုယ်အားဖြင့်လည်း မဖွံ့ဖြိုး၊အသားအရေ ဖြူယော်ယော် နှင့် မျက်မှန် တပ်ရလောက်အောင် မျက်စိမှုန်နေသူများ ဖြစ်သည်။

 

ကလော့ဒ်သည် အရပ်အားဖြင့် ခြောက်ပေ နှစ်လက္မ ရှိပြီး မျက်စိအား ကောင်းသူ ဖြစ်သည်။ မနက်တိုင်း လိုလို အကြိမ် နှစ်ရာခန့် ဒိုက်ထိုးပြီး ခန္ဓာကိုယ် အမြဲ ကြံ့ခိုင်နေအောင် ထိန်းသိမ်းထားနိုင်သူ ဖြစ်သည်။ ဒိုက်ထိုးရာတွင် ပင် အိမ် အကူ ဖြစ်သူ နောင် ဆိုသည့် ချာတိတ်အား ကျောပေါ် ခွထိုင်ခိုင်းပြီးမှ ထိုးလေ့ရှိသည်။

 

အားလပ်ချိန်တွင် စာဖတ်ပြီး ဗိုလ်ချုပ်ကြီး ဆီ အလည်လာသည့် အခါတိုင်း ချိုင်းကြားတွင် စာအုပ် တအုပ် အမြဲညှပ် ပါလာလေ့ ရှိသည်။ ပြီးခဲ့သည့် ရက်အနည်း က သူနောက်ဆုံးရောက်လာသည့် အခါ တွင် Richard Hedds ၏ Asian Communism and Oriental Mode စာအုပ် ပါလာသည်။

 

ထိုစာအုပ်ကို ကျွန်တော် ဖတ်ဖို့ ယူလာခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အ‌တွက်တော့ ဂျက် ဒင်နီယယ် တပုလင်း ပါလာသည်။ ကျွန်တော့် အဖို့ကား ရွေးချယ်ခွင့် ရမည်ဆိုလျှင် ဂျက် ဒင်နီယယ်ကိုသာ ယူမည် ဖြစ်သည်။ သို့သော်လည်း ကျွန်တော်ကို ပေးလာသော စာအုပ်ကို တယုတယ ကိုင်လိုက်သည်၊ စာအုပ် မျက်နှာဖုဲး တွင် ပါသည့် အကြောင်းခြင်းရာ အနှစ်ချုပ်ကို ဖတ်လိုက်မိသည့်အခါ အသက်ရှုရန်ပင် မေ့သွားမတတ်၊ တခိခိ နှင့် ရယ်မောတတ်ကြသည့် ဆယ်ကျော်သက် မိန်းကလေး များ စာအုပ်အသင်းမှ ကောက်နှုတ်ချက်များ အလား ထင်ရသည်။

 

တကယ်တမ်းတွင်မူ ကျွန်တော်တို့ နိုင်ငံသို့ အချက်အလက် ရှာဖွေရန် နှစ်ပတ်မျှ ရောက်ရှိလာသော ကာကွယ်ရေး ဝန်ကြီး နှင့် အထက်လွှတ်တော် အမတ်တဦး ထံ မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့ နှစ်ဦး အပြင် မိုးဇက် အဖြစ် သရုပ်‌ ဆောင်သည့်ချားလ်တန် ဟက်စတန် ၏ အပြောအဆို ကို အတုခိုးနေသည့် ထင်ရှားသည့် ရုပ်မြင်သံကြား သတင်း ထုတ်လွှင့်သူ တဦးလည်း လိုက်ပါလာသေးသည်။

 

၎င်းတို့ အားလုံး၏ စိတ်အား တက်ကြွမှု များကို စာအုပ်ပါ အခန်း ခွဲတခု ဖြစ်သော On Understanding and Defeating the Marxist Threat to Asia ခေါင်းစဉ် အောက်တွင် အထင်အရှား တွေ့လာရသည်။

 

ကလော့ဒ်က လူတိုင်းလိုလို ဒီစာအုပ်ကို လက်စွဲ အဖြစ် ဖတ်ရှုကြသည်ဟု ပြောလာ၍ ကျွန် တော်လည်း ဖတ်ပါမည်ဟု ပြောလိုက်ရသည်။ ဗိုလ်ချုပ်ကြီးကတော့ ကျွန်တော်တို့ ပြောနေသည်များကို စိတ်မဝင်စား၊ ဘာမှလည်း ဝင်ပြောလိုစိတ် မရှိ၍ ပုလင်း အဖုံးကို ဖွင့်နေသည်။ မြို့တော်ကို ရန်သူ တပ်မကြီး ၁၈ ခု ၏ ဝိုင်းရံထားခြင်း ခံနေရချိန်တွင် ပြောဆို ဆွေးနွေးလိုစိတ် ကင်းမဲ့နေပုံရသည်။

 

သူ ပြောထားသည့် လေယာဉ် အကြောင်းသာ ဆွေးနွေး ချင်နေသည်။ ကလော့ဒ်က ဝီစကီ ဖန်ခွက်ကို သူ့လက်ဖဝါး နှင့် ပွတ်သတ်နေရင်း သူ အနေဖြင့် အကောင်းဆုံး လုပ်ပေးနိုင်သည်က စာရင်း ထဲ မပါမည့် မှောင်ခို လေယာဉ် တစီး နှင့် တင်ပေးနိုင်သည်ဟု ပြောလာသည်။ ထိုလေယာဉ် သည် C-130 အမျိုးအစား ဖြစ်ပြီး လေထီးတပ်သား ကိုးဆယ့် နှစ်ယောက် နှင့် ၎င်းတို့ ပစ္စည်းများ နှင့် အတူ လိုက်ပါ စီးနင်းနိုင်သည်။ ထိုအကြောင်းများကို လေတပ်တွင် အမှုထမ်းဖူးသော ဗိုလ်ချုပ်ကြီးက ကောင်းစွာ သိထားပြီး ဖြစ်သည်၊ သူ့အား သမ္မတ မှ ရဲချုပ် အဖြစ် ခန့်အပ်လိုက်၍ ရွှေ့ပြောင်းလာရခြင်း ဖြစ်သည်။

 

သို့သော် ဗိုလ်ချုပ်ကြီး အတွက် ပြဿနာ ဖြစ်နေရသည်က သူ၏ မိသားစု အပြင် ဆွေမျိုး များခြည်းငါးဆယ့် ရှစ်ယောက် ရှိနေခြင်းကြောင့်ပင်။ ထိုအထဲတွင် သူ သဘောမကျသည့် လူများသာမက ရွံရှာ မုန်းတီးနေသူ အနည်းငယ် လည်း ပါနေသည်။ မဒမ်က သူမ ဆွေမျိုးများ အကုန် မပါလျှင် သူ့အား မည်သို့မျှ ခွင့်လွှတ်တော့မည် မဟုတ်ဆိုသည်ကိုလည်း သိထားသည်။

 

ပြီးတော့ ကျုပ် ဝန်ထမ်းတွေကော ရှိသေးတယ်၊ သူတို့အတွက်ကော ဘယ်လို စဉ်းစားထားလဲ ဟု ဗိုလ်ချုပ်ကြီးက လွန်စွာ တိကျသည့် ရုံးသုံး အင်္ဂလိပ်စကား ဖြင့် ပြောရင်း ကလော့ဒ် ကော သူပါ နှစ်ယောက်စလုံး ကျွန်တော့်ဖက် လှည့်ကြည့်လိုက်ကြသည်။ ကျွန်‌တော်လည်း ရဲဆေးတင်လိုက်ရသည်။ ကျွန်တော်သည် အဆင်မြင့် အရာရှိ တဦး မဟုတ်သော်လည်း ဗိုလ်ချုပ်ကြီး၏ ကိုယ်ရေး အရာရှိ တဦး ဖြစ်သည့်အပြင် အမေရိကန် ယဉ်ကျေးမှု နှင့် ကောင်းစွာ ရင်းနှီးကျွမ်းဝင်သူ တဦးလည်း ဖြစ်သည်။

 

အမေရိကန်များ နှင့် အတူ တက်ရသော အစည်းအဝေး တိုင်း ဗိုလ်ချုပ်ကြီး နှင့် အတူ ကျွန်တော် လိုက်ရလေ့ရှိသည်။ ကျွန်တော့် နိုင်ငံသား အချို့သည် အင်္ဂလိပ်လို ပြောနိုင်ကြသော်လည်း သူတို့ လေယူလေသိမ်းတွင် ဗီယက်နမ် သံ ဝဲနေသည်။ဘေ့စ်ဘော အသင်းများ အနေအထား၊ ဂျိန်း ဖွန်ဒါ ၏ ဗီယက်နမ် စစ် ဆန့်ကျင်ရေး နှင့် ပတ်သက်၍ ဆိုးဆိုးဝါးဝါး လုပ်ရပ်များ၊ ရိုးလင်းစတုန်း နှင့် ဘီးတဲလ် တို့ အကြောင်း၊ မည်သူမျှ ကျွန်တော်လို သူတို့ နှင့် ပြိုင်ပြီး မဆွေးနွေးနိုင်ကြ။

 

အမေရိကန် တယောက်သာ မျက်လုံး ပိတ်ပြီး ကျွန်တော်ပြောတာ ကြားနေရမည် ဆိုက ကျွန်တော်ကို သူ့လို အမေရိကန် တဦး ဟု ထင်‌နေမည်သာ ဖြစ်သည်။ ကျွန်တော် ဖုန်းစကား ပြောလျှင် တဖက်လူက အမေရိကန်ဟု အမြဲလို အထင်ခံရလေ့ ရှိသည်။ လူချင်း ဆုံသည့် အခါတွင် ကျွန်တော်ကို ကြည့်ပြီး ထိုသို့ ထင်ခဲ့သူများ ကြက်သေ သေသွားမတတ် အံဩကုန်ကျသည်။ ကျွန်တော်အားလည်း အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်အောင် ဘယ်လို များ သင်ယူခဲ့သလဲဟု အမြဲလို မေးတတ်ကြသည်။

 

အမေရိကန် ပြည်ထောင်စု ၏ လိုင်စင်ရ နိုင်ငံ တနိုင်ငံ အဖြစ် သတ်မှတ်ထားသည့် ပိန္နဲသီး သမ္မတ နိုင်ငံများ ထဲမှ တခု အပါအဝင် ဖြစ်သည့် ကျွန်တော်တို့ နိုင်ငံရှိ သန်းပေါင်းများစွာအား အင်္ဂလိပ်လို မပြောတတ်ကြ၊ ပြောလည်း အစုံသုပ် အင်္ဂလိပ်၊ အသံထွက် ညံ့ဖျင်းသည့် လေယူလေသိမ်း မျိုး ဖြင့်သာ ပြောတတ်သူများဟု အမေရိကန်များက ထင်ထားကြ၍ ဖြစ်သည်။ ထိုသို့ အထင်ရောက်မှုကို ကျွန်တော် မုန်းတီးနေမိသည်။

 

ထို့အတွက်ကြောင့်လည်း သူတို့ရှေရောက်လျှင် အရေး ရော၊ အပြောပါ ကျွန်တော်၏ ကျွမ်းကျင် ပိုင်နိုင်မှု ကို အစွမ်းပြလေ့ ရှိစမြဲ လည်း ဖြစ်သည်။ ကျွန်တော်၏ စကားလုံးကြွယ်ဝ နှံ့စပ်မှု၊ သဒ္ဒါ အသုံးအနှုန်း များ ဖြင့် သာမန် အမေရိကန်တဦး ထက် ပို၍ တိကျသေချာစွာ ပြောဆို သုံးနှုန်း နိုင်သည်။ ကျွန်တော်သည် အင်္ဂလိပ်လို ပြောရာတွင် အဆင့်မြင့်မြင့် ပြောဖို့ လိုအပ်လျှင် ပြောနိုင်သလို ဘန်းစကားများ ကိုလည်း ပိုင်နိုင်စွာ ပြောနိုင်ပေသည်။ 

 

ကလော့ဒ်က သူ့ သံအမတ်ကြီးအား "Putz" (stupid, worthless person)၊ jerkoff (comtemptible) ဟူသော အသုံးအနှုံးမျိုး နှင့် ဝေဖန်လာမှုများ၊ မြို့တော်သည် ရန်သူ လက်သို့ ကျလုကျဆဲ အနေအထားကို မဖြစ်နိုင်ဟု ဘူးခံနေမှု ကို his head up his ass ဟု ပြောလာသည်ကိုလည်း ကျွန်တော် ကောင်းကောင်းကြီး နားလည် နိုင်စွမ်း ရှိသည်။