ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(3)

by Hla Soewai - Aug 29 2024

စားရင်းသောက်ရင်း ပြောဆို ဆွေးနွေးစရာ များ ကုန်သွားသည့် အခါတွင် ကျွန်တော်သည် ဗိုလ်ချုပ်ကြီးအား စီးကရက် မီးညှိပေးလိုက်သည်။ သို့သော် သူသည် စီးကရက် ဖွာရှိူက်ရန် မေ့လျော့နေပြီး မျက်လုံးအစုံသည် ရှေ့တူရှုသို့‌ ငေးမော စိုက်ကြည့် နေသည်။ သူ့လက်ထဲက လပ်ကီး စထွိုက် စီးကရက် မီးသည် လက်ချောင်းများ အနားအထိ ရောက်လာသည်။

 

 စီးကရက် မီး၏ အပူရှိန်ကြောင့် ဗိုလ်ချုပ်ကြီးသည် ‌တွေဝေ မိန်းမောနေရာမှ နိုးထလာသည်။ သူ့ပါးစပ်ဖျား မှ မပြောသင့်သည့် စကား လုံးများ ထွက်လာသည်။ မဒမ်သည် သူတို့အချင်းချင်း တခိခိ ရယ်နေသော ကလေးများကို ဟန့်လိုက်ရင်း ရှင် ဒီထက်ကြာကြာ စောင့်နေရင်တော့ ကျမတို့ ထွက်လို့ရမှာ မဟုတ်တော့ဘူး၊ ကလော့ဒ် ကို လေယာဉ် တောင်းသင့်နေပြီနော်။

 

ဗိုလ်ချုပ်ကြီးသည် မဒမ် ပြောသည်ကို မကြားဟန် ပြုနေသည်။ သူမသည် ပေသီးလို တွက်တတ်ချက်တတ်သူ တဦး ဖြစ်ပြီး ကလေး ငါးယောက် ရှိသည့် တိုင် အပျိုစင် တဦးလား ထင်ရသည်။ စံပြုလောက်သည့် ဗီယက်နမ် အမျိုးသမီး တဦးလည်း ဖြစ်သည်။ ထိုသို့သော အမျိုးသမီးတဦးကို ပိုင်ဆိုင်ထား၍ ဗိုလ်ချုပ်ကြီး အဖို့ သူ၏ ကံကောင်းခြင်းများ အတွက် ကျေးဇူး တင်မဆုံး ဖြစ်နေသလို တဖက်ကလည်း ကြောက်ရွံ့နေတတ်သည်။

 

ဗိုလ်ချုပ်ကြီးသည် မီးဟပ်သွားသော သူ၏ လက်ဖျား ထိပ်ကို လက်နှင့် ဆုပ်နယ်လိုက်ရင်းက ကျွန်တော်ကို ကြည့်လိုက်ပြီး ငါတို့ ကလော့ဒ်ကို လေယာဉ် တောင်းဖို့ အချိန်ရောက်ပြီ ထင်တယ် ဟု ဆိုလာသည်။ ကျွန်တော်သည် မဒမ်အား တချက်လှမ်းကြည့်လိုက်ပြီး အဲ့ဒီ အကြံကောင်းပါတယ် ခင်ဗျ ဟု ပြန်ပြောလိုက်သည်။

 

ကလော့ဒ်သည် ကျွန်တော်တို့ ယုံကြည် စိတ်အချရဆုံး အမေရိကန် မိတ်ဆွေ တဦး ဖြစ်သည်။ တဦးနှင့် တဦး လည်း အတော်ပင် ရင်းနှီး ကျွမ်းဝင် ရှိကြ၍ သူ့တွင် နီဂရိုးသွေး ဆယ်ခြောက်ပုံ တပုံ ပါသည်ဟုပင် ဖွင့်ဟ ဝန်ခံ ပြောခဲ့ဖူးသည်။ ကျွန်တော်ကလည်း အရက်ကလေး ခပ်ထွေထွေ ဖြင့် ဒါကြောင့် ခင်ဗျားရဲ့ ဆံပင်က မည်းနေပြီး အသားအရည်ကလည်း နေလောင်ထားသလို ဖြစ်နေတာကိုး၊ ပြီးတော့ ကျွန်တော် တို့လိုပဲ ချာ ချာ အက ကနိုင်တာလည်း မဆန်းဘူး ဟု ပြောလိုက်သည်။

 

ကလော့ဒ်က ဘီသိုဗင်လည်း သူလို ဆယ်ခြောက်ပုံ တပုံ သွေးပါသူ ဖြစ်သည်ဟု ဆိုပြန်သည်။ ကျွန်တော်က ဒါကြောင့်လည်း ခင်ဗျား သူရဲ့ Happy Birthday တီးကွက် ကို ကောင်းကောင်းကြီး ပိုင်နေတာကိုး၊ 

 

သူနှင့် ကျွန်တော် သိကျွမ်းလာခဲ့သည်မှာ နှစ် နှစ်ဆယ် ကျော်ကျော် ရှိလာပြီ ဖြစ်သည်။ ကလော့ဒ်သည် ကျွန်တော်ကို ၁၉၅၄ ခုနှစ် က ဒုက္ခသည် များ ပါလာသော သဗ္ဗာန်ကြီး တစင်းပေါ်တွင် စတင် သတိထားမိ လာခဲ့ရာမှ ကျွန်တော်၏ အရည်အချင်းကို သိသွားခဲ့သည်။

 

ထိုစဉ်က ကျွန်တော်သည် အသက် ကိုးနှစ်ခန့်သာ ရှိသေးသော်လည်း အင်္ဂလိပ်စာကို အမေရိကန် မစ်ရှင် အဖွဲ့မှ သင်ကြားပေးထားသည့် အတွက် အတော်အသင့် တတ်မြောက်ထားပြီး ဖြစ်သည်။ ကလော့ဒ်သည် ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပုံ ရှိသည်။ ယခု သူသည် အမေရိကန် သံရုံးတွင် ရုံးထိုင်နေပြီး စစ်ဖြစ်နေသော ကျွန်တော်တို့ နိုင်ငံ အတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး ဆိုသည်ကို ဟန်ပြ လုပ်နေရသူ ဖြစ်၍ တကယ်တမ်း သူ့ တာဝန်သည် ဘာမဆို လုပ်နိုင်သည် ဆိုသော အမေရိကန် စိတ်ဓါတ်၏ ချွေးများ နှင့် ရွှဲနစ်နေသော လက်ကိုင် ပုဝါ တထည်မှ ရသလောက် ညှစ်ထုတ်ယူနေရသူ မှန်း တွေးကြည့်ယုံ နှင့် ပင် သိနိုင်ပေသည်။

 

တကယ်တမ်း တွင် ကလော့ဒ်သည် ပြင်သစ် တို့ အုပ်ချုပ်နေစဉ် ကတည်းက စီအိုင်အေ ဝန်ထမ်း ဖြစ်နေခဲ့သည်။ ထိုစဉ်က စီအိုင်အေ အမည်သို့ မပြောင်းရသေးပဲ အိုအက်စ်အက်စ် အမည်နှင့်ပင် ရှိနေသေးသည်။ ထို အိုအက်စ်အက်စ် အဖွဲ့ကိုပင် ဟိုချီမင်းသည် ပြင်သစ်တို့ကို တိုက်ထုတ်နိုင်ရန် အကူအညီ တောင်းခဲ့ဖူးပေသည်။ နိုင်ငံ၏ လွတ်လပ်ရေး ကျေညာ စာတမ်းထဲတွင်ပင် အမေရိကန် နိုင်ငံကို တည် ထောင်ခဲ့သူ တို့၏ စကားလုံးများကို ကိုးကားခဲ့သည်။

 

ဦးလေး ဟို ၏ ရန်သူများက ပါးစပ်တပေါက်တည်းမှ နှစ်မျိုး ထွက်အောင် ပြောနိုင်သူဟု ဆိုလေ့ရှိသည်။ ကလော့ဒ်ကတော့ ဟို ဒီ နှစ်ဖက်စလုံးကို တပြိုင်တည်း မြင်အောင် ကြည့် နိုင်ခဲ့သူ ဟု ယုံကြည်ခဲ့သည်။

 

ဗိုလ်ချုပ်ကြီး၏ စာကြည့်ခန်း နှင့် မလှမ်းမကမ်းတွင် ရှိ‌‌ သော ကျွန်တော် ရုံးမှ နေ၍ ကလော့ဒ် ထံ ဖုန်းဆက်လိုက်သည်။ အင်္ဂလိပ်လိုပင် ဗိုလ်ချုပ်ကြီးသည် မျှော်လင့်ချက်များ ကုန်ခမ်းသွားပြီဟု အကြောင်းကြားလိုက်သည်။

 

ကလော့ဒ်၏ ဗီယက်နမ် စကားပြောသည် ဆိုးဆိုးဝါးဝါး နိုင်ပြီး ပြင်သစ်လို ဆိုလျင် ပို၍ပင် ဆိုးသေးသည်။ အင်္ဂလိပ်လိုတော့ အပြစ်ဆိုစရာ မရှိအောင် ကောင်းမွန်လှသည်။ ကျန်သည့် အမေရိကန်များကို ကျွန်တော် ထိုသို့ ပြောနိုင်မည် မဟုတ်၍ ယခုလို ချီးမွမ်းလိုက်ခြင်းလည်း ဖြစ်သည်။

 

အားလုံး ပြီးသွားပြီ ဟု ပြောလိုက်သော ကျွန်တော့် စကား သည် နောက်ဆုံး အခြေအနေ အမှန် ဖြစ်မှန်း ကလော့ဒ် သိနေပုံရသည်။ ‌ကျွန်တော့် စိတ်ထဲတွင် ကလော့ဒ်မှ အမေရိကန် ဗုံးကြဲ လေယာဉ်များ ကောင်းကင်ယံ တွင် မကြာမီ ပြည့်နှက်လာတော့မည်၊ စက်သေနတ်များ တပ်ဆင်ထားသော ရဟတ်ယာဉ်များလည်း ကျွန်တော်တို့ကို ကယ်တင်ဖို့ ရောက်လာတော့မည် ဟု ဆိုကာ ကျွန်တော် စကားကို ကန့်ကွက် ချေပ လာလိမ့်မည်ဟု ထင်ထားခဲ့သည်။

 

သို့ သော် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ စဉ်းစားပြီး မကြောင်းပြန်မယ် ဟု သာ ကလော့ဒ်က ပြောလာသည်။ တယ်လီဖုန်းထဲတွင် တိုးတိုး တိုးတိုးနှင့် အချင်းချင်း ပြောနေသံများကို ကြားနေရသည်။

 

သံရုံးထဲတွင်လည်း ဖရိုဖရဲ ဖြစ်နေပြီး ကြေးနန်းရိုက်စက်များပင် မီးခိုးထွက် မတတ် ပူလောင်နေ လောက်ပြီဟု မှန်းကြည့်၍ ရနေသည်။ ဆိုင်းဂုံ နှင့် ဝါရှင်တန် ကြားလည်း ကြေးနန်းများ ပလူပျံ နေပေတော့မည်၊ ဝန်ထမ်းများလည်း အနားရသည်ဟူ၍ မရှိ၊ လူလားခပ်နေပေတော့မည်၊ ရှုံးနေပြီ ဆိုသော အသိမှ ထွက်လာသော ဇောချွေး ၏ စူးရှသည့် အနံ့များအား သံရုံးထဲရှိ လေအေးပေးစက်များပင် လက်မှိုင်ချနေလောက်ပြီ ဖြစ်ပေမည်။