ဗိုလ်ချုပ်ကြီးသည် ပိန်ပိန်ပါးပါး ဖြစ်သော်လည်း သူ၏ ကိုယ်နေကိုယ်ဟန် သည် လွန်စွာ အချိုးကျ လှသည်။ တိုက်ပွဲ ပေါင်းများစွာ ကို ဆင်နွှဲခဲ့ဖူးသူ ဖြစ်ပြီး ဆုတံဆိပ်များကိုလည်း အမှန်တကယ် ထိုက်တန်စွာ ချီးမြုင့်ခံခဲ့ရသူ လည်း ဖြစ်သည်။ ထို့အတွက်လည်း လက်ချောင်း ကိုးခု နှင့် ခြေချောင်း ရှစ်ခု သာ ကျန်တော့သည်မှာလည်း ဆန်းလှသည်တော့ မဟုတ်။
သူ၏ ဘယ်ဖက် ခြေထောက် အခြေအနေကို မိသားစု နှင့် အတွင်းလူများသာ သိထားသည်။ သို့သော် သူ့ရည်မှန်းချက်များ အတွက် စိတ်ဓါတ် ကျဆင်းခြင်း မရှိ၊ ဘာဂန်ညာ တံဆိပ် အရက်ကောင်းကောင်း ကို ရှာပြီး ဝိုင်ခွက်ထဲ ရေခဲတုံး ထဲ့ သောက် တတ်သူ များ မပါပဲ အရက်ကို ဇိမ်ခံ သောက်တတ်သည့် အဖေါ်အပေါင်းများ နှင့် အရင်ကလို သောက်ချင်စားချင် စိတ် မျိုးတော့ ကင်းမဲ့လာသည်။
အစားကောင်း အသောက်ကောင်း ချက်ပြုတ်စားရသည်ကို သဘောတွေ့သော ခရစ်ယာန် ဘာသာဝင် တဦးလည်း ဖြစ်သည်။ သူ၏ ယုံကြည်မှု အား အစဉ်လိုက် ချပြရမည် ဆိုလျှင် ပထမ အစား အသောက်၊ ဒုတိယ ဘုရားသခင်၊ ထို့ နောက်တွင်တော့ ဇနီး၊ သားသမီးများ၊ ၎င်းတို့ပြီးလျှင် ပြင်သစ် နှင့် အမေရိကန် တို့ ဖြစ်သည်။
ပြင်သစ် နှင့် အမေရိကန် တို့သည် ကျွန်တော်တို့၏ မြောက်ပိုင်းရှိ ညီနောင်များ၊ တောင်ပိုင်းရှိ လူ အချို့လို လူ့ စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း ရှိသည့် ပြည်ပ မှ ပညာရှင်များ ဖြစ်သော ကားမတ်စ်၊ ဗီ အိုင် လီနင်၊ ဥက္ကဌကြီး မော်တို့လို ပုဂ္ဂိုလ်များ၏ ဖမ်းစားညို့ယူထားခံရသလိုမျိုး မဟုတ်ပဲ အသိပညာ များ ကို ကောင်းစွာ လမ်းပြ ပေးနိုင်သူများ ဖြစ်သည်ဟု ခံယူထားသည်။ သူ ကိုယ်တိုင်တော့ ထိုပုဂ္ဂိုလ်ကြီးများ ရေးသမျှ ကို တလုံးတပါဒမျှ ဖတ်ရှုခဲ့ဖူးခြင်း မရှိ။
သူ့အား ကွန်မြူနစ် ကျေညာစာတမ်း၊ မော်၏ စာအုပ်နီ လေး အစရှိသည် တို့မှ သိသင့်သိထိုက်သည်များကို လက်ထောက် ဖြစ်သူ ကျွန်တော် နှင့် ထောက်လှန်းရေး ဖက်က အရာရှိ ငယ်များကသာ ကူးယူ တင်ပြရလေ့ ရှိသည်။
သူ့အတွက်လည်း ရန်သူ၏ တွေးခေါ်ပုံ တွေးခေါ်နည်းများ ကို သိရှိရန် အချိန်ယူ လေ့လာနိုင်သည်၊ ထိုအထဲတွင် လီနင်၏ မေးခွန်းထုတ်ပုံသည် သူ့အကြိုက်ဆုံး ဖြစ်လာရသလို၊ လိုအပ်လာသည့် အခါတိုင်း သူ့စကား အလား ပုံတူ ကူးချ ပြောနိုင်လာသည်။
သူသည် စားပွဲကို လက်ဆစ် နှင့် ခေါက်ပြီး "ကဲ...လူကြီးမင်း တို့ " ဟု အစချီကာ "What is to be done" ဟု မေးတတ်သည်၊ ထိုစကားသည် နီကိုလေး ရှာနင်ရှက်စကီး ၏ စာအုပ် အမည် ဖြစ်ပြီး ထိုစာအုပ်ထဲတွင် မေးခွန်းထုတ်ထားပုံသည် သူ မေးသည် နှင့် တခြားစီ ဖြစ် နေသည်ကို ဗိုလ်ချုပ်ကြီး ကို ပြောလည်း မည်သို့မျှ ထူးလာမည် မဟုတ်၊ ယခု ရှာနင်ရှက်စကီး အမည်ကို မှတ်မိသူပင် ဘယ်လောက်များများ ရှိနေလို့လည်း။ လက်တွေ့ကျကျ လုပ်တတ်သူ လီနင် သည်သာ ထိုမေးခွန်းကို အလေးအနက်ထားပြီး ထို ခေါင်းစဉ် ဖြင့်ပင် သူ ကိုယ်ပိုင် ဖြစ်အောင် ကြေညာ စာတမ်း ထုတ်လာခဲ့သူ ဖြစ်သည်။
ဧပြီလ၏ စိတ်ဓါတ်ကျစရာ အကောင်းဆုံး နေ့ရက်များတွင် ထိုမေးခွန်းဖြင့် အစချီကာ လုပ်စရာ တစုံတရာ ကို လုပ်တတ်သူ ဗိုလ်ချုပ်ကြီးလည်း လက်မှိုင်ချ နေရပြီ ဖြစ်သည်။ ယဉ်ကျေးလာအောင် လမ်းပြရမည့် mission civilsatrice (Civilizing mission) နှင့် အမေရိကန်တို့၏ လူနေမှု ဘဝ ခံယူချက်များကို ယုံကြည်ခဲ့သူ အဖို့ နောက်ဆုံးတွင်တော့ မယုံကြည်မှု ဆိုသည့် ပိုးမွှား စွဲကပ် ခံလာရပြီ ဖြစ်သည်။
ရုတ်ခြည်းဆိုသလို အိပ်မပျော်သည့် ဝေဒနာ စွဲကပ်လာသူ ဗိုလ်ချုပ်ကြီးသည် ငှက်ဖျားရောဂါ စွဲကပ်နေသူ တဦး၏ ဖြူယော်ယော် မျက်နှာမျိုး နှင့် အိမ်တော်အတွင်း ဟိုဟိုဒီဒီ လမ်းလျောက်နေတတ်သည်။
ပြီးခဲ့သည့် မတ်လ အတွင်း ကျွန်တော်တို့၏ မြောက်ပိုင်း စစ်မျက်နှာရှိ ခံစစ်စည်းသည် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ ဝင်လာသော သတင်းများကို အမြဲလို မျက်နှာ မသာမယာ ဖြင့် မင်း ယုံနိုင်လားဟု အစချီကာ ကျွန်တော် ရုံးခန်း သို့မဟုတ် ကျွန်တော် အခန်းဝ သို့ ရောက်လာပြီး ပြတတ်သည်။ ထိုအခါ ကျွန်တော်ကလည်း နိုး ..ဆာ၊ ဘယ်လိုမှ မယုံနိုင်စရာဘဲ" ဟု ပြန်ဖြေရစမြဲ ဖြစ်သည်။
မတ်လ အစောပိုင်း တွင် သာယာ လှပသော ကုန်းမြင့်ဒေသရှိ ကော်ဖီစိုက်ခင်းများ ရှိရာ ဘန် မေး သောက် အား ရန်သူ တို့ သိမ်းပိုက် ဖျက်ဆီး ခံလိုက်ရသည့် သတင်းကို ကျွန်တော်တို့ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ အမည်ကိုပင် ပါးစပ်မှ ထုတ်မပြောချင်အောင် ရွံရှာဖွယ် ဖြစ်လာနေသည့် သမ္မတ သီယူးသည် ကုန်းမြင့်ဒေသ အား ကာကွယ်နေသော ကျွန်တော်တို့ တပ်များအား ဆုတ်မိန့် ပေးလာသည်ကိုလည်း မယုံနိုင်အောင် ဖြစ်ရပြန်သည်။
ဒါနန်း နှင့် နာထရန် တို့ ရန်သူ့လက် ကျသွားပြီ ဆိုသည့် သတင်း၊ ကြောက်လန့်တကြား နှင့် ရရာ လှေသဗ္ဗာန်၊ မော်တော်များဖြင့် ခြေဦး တည့်ရာ ထွက်ပြေးကြသော အရပ်သားများကို ကျွန်တော်တို့ တပ်များက နောက်မှနေ၍ လိုက်လံ ပစ်ခတ်ကြ၍ သေဆုံးသူ ထောင်ပေါင်းများစွာ ဖြစ်လာနေသည်ကို မယုံနိုင်အောင် ဖြစ်လာခဲ့သည်။
ကျွန်တော် အဖို့ကတော့ ကျွန် တော်အား ညွှန်ကြားနေသည့် မန်း ကျေနပ် အောင် တာဝန် သိသိ ဖြင့်ရုံးခန်းထဲတွင် လူလစ်သည်နှင့် ထိုသတင်းများကို သိုသိုသိပ်သိပ် ဓါတ်ပုံ တဖြတ်ဖြတ် ရိုက်ကူးခဲ့သည်။
အစိုးရ၏ မလွဲမသွေ ကျဆုံးခန်း ရောက်ဖို့ တဖြေးဖြေး နီးကပ်လာနေပြီ ဆိုသည့် သတင်းများကြောင့် ကျေနပ် အားရမိသလို တဖက်တွင်လည်း သနားစဖွယ် ကောင်းလှသည့် ပြည်သူများ အကြောင်း တွေးပြီး စိတ်မကောင်း ဖြစ်နေမိသည်။
နိုင်ငံရေး အရ ပြောရလျှင် ကျွန်တော်စိတ်ထဲ ထိုသို့ စိတ်မကောင်း ဖြစ်နေခြင်းသည် မှန်ခြင်မှ မှန်ပေလိမ့်မည်၊ သို့သော် အမေသာ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုလျှင် ထိုအထဲတွင် သူမလည်း ပါနေမည်သာ ဖြစ်သည်။
အမေသည် သနားစဖွယ်ကောင်းသော အမျိုးသမီး တဦး ဖြစ်သလို ကျွန်တော်လည်း သနားစဖွယ် ကောင်းလှသည့် သူမ၏ ရင်သွေးလည်း ဖြစ်သည်၊ ထိုသို့ သနားစဖွယ် ကောင်းလှသူများကို စစ်ကို လိုလားသလားဟု မည်သူကမျှလည်း မေးကြလိမ့်မည် မဟုတ်၊ ထိုအတူပင် ရေငတ်၍ သော်၎င်း၊ ပင်လယ်ထဲ မျော၍သော်၎င်း၊ သို့တည်းမဟုတ် သူတို့ကို ကာကွယ်ပေးရန် တာဝန်ရှိနေသည့် စစ်သားများ၏ အလုအယက်ခံ၍သော်၎င်း၊ အဓမ္မကျင့်ခံ၍သော်၎င်း သေချင်ကြသလားဟု မေးမြန်းကြလိမ့်မည်လည်း မဟုတ်ပေ။
ထိုလူများသာ ယခုထိ ဆက်၍ အသက်ရှင်နေကြဦးမည် ဆိုလျင် သူတို့သေခဲ့ပုံ သေခဲ့နည်းကို ယုံနိုင်ကြလိမ့်မည် မဟုတ်ပေ၊ ကျွန်တော်တို့လည်း သူတို့လိုပင် ကျွန်တော်တို့၏ မိတ်ဆွေလည်းဖြစ်၊ အကျိုးတော်ဆောင်လည်း ဖြစ်၊ အကာအကွယ် ပေးနေသူလည်း ဖြစ်သည့် အမေရိကန်သည် ငွေကြေး ပိုမို ထောက်ပံ့ပေးရန် ကျွန်တော်တို့၏ မေတ္တာရပ်ခံချက်ကို ပစ်ပစ်ခါခါ ငြင်းမည်ဟု ယုံကြလိမ့်မည် မဟုတ်။
ပို့ပေးသည် ဆိုစေဦး ထိုငွေများ နှင့် ကျွန်တော်တို့ ဘာလုပ်နိုင်ဦးမည်နည်း။ လက်နက်များ၊ လေယာဉ်များ၊ တင့်ကားများ အတွက် ခဲယမ်းများ၊ လောင်စာဆီများ၊ အပို ပစ္စည်းများကို အမေရိကန်တို့ အလကား ပေးလာသည့် ငွေများနှင့် ၎င်းတို့ထံမှ ပြန် ဝယ်ကြရမည်လော။
ကျွန်တော်တို့အား အပ်များသာ ပေးထားပြီး ယခုအခါ ဆေး ပေးဖို့ ပေကပ်ကပ် လုပ်နေကြသလို ဖြစ်နေသည်။
ဗိုလ်ချုပ်ကြီး က တော့ အလကား ပေးခံရတာလောက် တန်ဖိုကြီးတာ မရှိဟု အမြဲပြောလေ့ ရှိသည်။