ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(1)

by Hla Soewai - Aug 29 2024

အခန်း (၁)

 

(The Sympathizer by Viet Thanh Nguyen)

 

ကျွန်တော် ကိုယ် ကျွန်တော် သူလျိုလား၊ ဒလန်လား သို့တည်း မဟုတ် ထိုသို့ လုပ်ရန် ကာလကြာမြင့်စွာ ကတည်းက ‌ဇာတ်မြုပ်ခံထားရသည့် sleeper လို လူမျိုးလား ဟူ၍ မခွဲခြားတတ်တော့၊ ထိုအမျိုးအစား ထဲက တခုခုတော့ ဖြစ်မည်။ ထို့အတွက် ကျွန်တော်တွင် မျက်နှာ နှစ် ဖက် နှင့် တကိုယ့် နှစ်စိတ် ဖြစ်နေသည်မှာ အံ့ဩစရာ တော့ မဟုတ်ပေ။

 

ကျွန်တော်ကို စိတ်ကူးယဉ် သိပ္ပံ ကာတွန်း ဇာတ်လမ်းများထဲကလို၊ ထိတ်လန့်ဖွယ် ရုပ်ရှင်များ ထဲကလို သန္ဓေပြောင်းလာသည့် သတ္တဝါ တကောင် အလား အထင်လွဲပြီး ဆက်ဆံတတ်ကြသည်။

 

ကျွန်တော် အဖို့ မည်သည့် ပြဿနာ မျိုး ကို မဆို ဘက် နှစ် ဘက် မှ အလွယ်တကူပင် ကြည့်နိုင်စွမ်း ရှိနေသည်။ ဤသည်ကိုပင် တခါတရံတွင် ကျွန်တော့်ကို ကျွန်တော်လည်း စွမ်းရည် တရပ် ပိုင်ဆိုင်ထားသည့် အလား ဘဝင် မြင့်လာတတ်သည်။ တကယ်တမ်းတ္ငင် ယင်းသည် အသေးအမွှား မျှသာ ဖြစ်သည်ဟု ဝန်ခံရမည် ဖြစ်သော်လည်း ကျွန်တော် အဖို့က ထိုအသေး အမွှား လေးကိုပင် တခုတည်း ပိုင်ဆိုင်ခွင့် ရထားသည့် စွမ်းရည် တရပ် အဖြစ် သဘောထား နေရသူ ဖြစ်သည်။

 

လောကကြီးကို ထိုသို့သော ပုံစံမျိုး ဖြင့် မရှုမြင်တတ်တောင် ဘယ်လို နေသွားရမည် နည်းဟု မတွေးပဲ မနေနိုင်အောင် ဖြစ်ခဲ့သည့် အချိန်များလည်း ရှိနေပသည်။ ထိုသို့ ရှူမြင်တတ်သည်ကိုပင် ပါရမီ ဟု ယူဆသင့်သလား ဆိုသည်ကိုလည်း စဉ်းစားမိပြန်သည်။ မိမိတွင် ရှိသည့် အရည်အသွေးကို အသုံးချ နိုင်မှသာ စွမ်းရည်ဟု ခေါ်နိုင်ပြီး ထိုအရည် အသွေးက ကိုယ့်ကို အသုံးချခြင်း ခံလာရမည့် အဖြစ် ‌အရောက်ခံမည် ဆိုက အန္တရာယ် ဖြစ်လာနိုင်သည်ကိုတော့ ဝန်ခံရမည်သာ ဖြစ်သည်။

 

ထိုသို့ ဝန်ခံ ဖြစ်လာခဲ့သည့် လ တွင် အန္တရာယ် အချို့ ပေါ်လာခဲ့သည့်တိုင် လောကကြီးကို ကျွန်တော်၏ ရှူမြင်ပုံ ရှုမြင်နည်းသည် အကျိုး ရှိသည်ဖက် အလေးသာနေဆဲ ဖြစ်သည်။

 

ထိုလ ကား ဧပြီလ ဖြစ်၍ အရက်စက်ဆုံး လလည်း ဖြစ်သည်။ စစ်ပွဲသည် ကာလရှည်ကြာစွာ ဖြစ်ပွားနေပြီး ဖြစ်၍ စစ်ပွဲ၏ ထုဲးစံ အတိုင်း ခြေကုန်လက်ပမ်း ကျလာနေပြီ ဖြစ်သည်။ ကမ္ဘာ၏ သေးငယ်သော အပိုင်း တွင် ‌နေထိုင်ကြသည့် ကျွန်တော်တို့ နိုင်ငံသားများ အတွက်မူ အရာရာတိုင်းကို အဆုံးအဖြတ် ပေးမည့် လ တလ လည်း ဖြစ်လာသော်လည်း ကမ္ဘာကြီး၏ ကျန်သည့် အစိတ်အပိုင်းတွင် နေထိုင်သူများ အတွက်မူ မည်သို့မျှ ထူးခြားမှု ရှိမည် မဟုတ်ပေ။

 

ထိုလ သည် စစ်ပွဲ၏ အဆုံးသတ် မည့် လ ဖြစ်ပြီး ငြိမ်းချမ်းရေး... ၏ အစဟု ဆိုရမည် ဖြစ်သည်၊ သို့သော် ငြိမ်းချမ်းရေးဆိုသည့် စကားလုံး သုံးစွဲမှုသည် မှန်ကန်ပါမည်လော၊ ဟုတ်တယ် မဟုတ်လား ကျွန်တော်၏ ချစ်ရသော တပ်မှုးကြီးရေ။

 

ထိုကဲ့သို့သော လ မျိုးကို ကျွန်တော်သည် စံအိမ်တော်ကြီး၏ တံတိုင်း နောက်တွင် ငါးနှစ်နီးပါးမျှ နေထိုင်ရင်း စောင့်စားနေခဲ့ပြီးလည်း ဖြစ်သည်။ အိမ်တော် တံတိုင်းကြီး တလျောက် စိုက်ထားသော ဖန်ကွဲ ဖန်စ များက နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး ထိုအပေါ်တွင် သံချေး အထပ်ထပ် တက်နေသော သံဆူးကြိုး တန်းများဖြင့် သွယ်တန်း ထားပြန်သည်။

 

ထိုအိမ်တော်ကြီးထဲတွင် ကျွန်တော် နေဖို့ သီးသန့်ပေးထားသော အခန်းလည်း ရှိသည်။ တပ်မှူးကြီး စခန်းက အခန်း လိုပါပဲလေ၊ သို့သော် ကွာခြားသည်က တပ်မှုးကြီး စခန်းရှိ အခန်းသည် ကျွန်တော် အား တိုက်ပိတ်ထားသော အခန်းဟု ဆိုရမည် ဖြစ်သည်။ လက်ရှိ ကျွန်တော်နေရသော အခန်းကို နေ့စဉ်လို အိမ်တော် သန့်ရှင်းရေး အမျိုးသမီးက လာရောက် ရှင်းလင်းပေးသော်လည်း တပ်မှုးကြီး ထားသည့် အခန်းကိုတော့ အစောင့်အဖြစ် ကလေး မျက်နှာ နှင့် စစ်သား တယောက်အား တာဝန် ချထားပေးသည်ကလွဲ၍ သန့်ရှင်းရေး ဟူ၍ တခါဖူးမျှ လုပ်ပေးခဲ့ခြင်း မရှိ။ တပ်မှူးကြီးသည် ကျွန်တော်ထံ မှ လိုအပ်နေသည့် ခံဝန်ချက် ကို အနှောက်အယှက် ကင်းကင်း ဖြောင့်ဖြောင့်တန်းတန်း ရေးနိုင်ဖို့က အခန်း သန့်ရှင်းရေးထက် ပို၍ အရေးကြီး နေသည်ဟု ယူဆထားသူ ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီး၏ စံအိမ်‌ တော် တွင် ‌‌ နေရသော ကျွန်တော့ အတွက် နေဖက်တွင် ကိုယ်ပိုင် အချိန်ဟူ၍ မဆိုသလောက်သာ ရှိသော်လည်း ညဖက် တွင် တော့ ရလာခဲ့သည်။ ဗိုလ်ချုပ်ကြီး၏ လက်အောက်အရာရှိများထဲတွင် လူပျိုလူလွတ် ဆို၍ ကျွန်တော် တဦးတည်းသာ ရှိသည့်အပြင် သူ၏ ယုံကြည်စိတ်အချရဆုံး လက်ထောက် တဦး ဖြစ်နေ၍လည်း နေခွင့်ရခဲ့ခြင်း ဖြစ်သည်။

 

နေ့တိုင်းလိုလို မနက်စာကို အတူတူ စားရင်း ကျွန်းစားပွဲကြီး၏ တဖက် ထိပ်မှ နေ၍ ကျွန်‌ တော်သည် ဗိုလ်ချုပ်ကြီးထံ ဝင်လာသည့် အစီရင်ခံစာများကို စီစစ် ဖတ်ရှု‌‌ ပေးရသည်၊ သူ၏ ဇနီးဖြစ်သူက အသက်အားဖြင့် ဆယ်ရှစ်နှစ်၊ ဆယ်ခြောက်နှစ်၊ ဆယ့်လေးနှစ် နှင့် ဆယ်နှစ် နှစ် ရှိ‌ ပြီး စည်းကမ်း သေဝပ်ပြီးသား သားသမီးလေးယောက်ကို ထမင်းစားပွဲ ဝိုင်းတွင် စောင့်ကြည့် ထိန်း ကျောင်း ပေးနေသည်။ အမေရိကန် တွင် ပညာ သင်ကြားနေသော သမီး ဖြစ်သူ ထိုင်ခဲ့သော ခုံ က လွတ်နေမြဲ ဖြစ်သည်။ စားသောက်ပြီးလျှင် ဗိုလ်ချုပ်ကြီးအား အိမ်တော်နှင့် မလှမ်းမကမ်းရှိ သူ၏ ရုံးရှိရာကို ကျွန်တော် ကားမောင်း ပို့ပေးရသည်။

 

အဆုံးတွင် မည်သို့ဖန်လာမည်ကို လူတိုင်း စိုးရိမ် ကြောက်ရွံ့နေခြင်းမျိုး မရှိကြသော်လည်း ထိုအထဲတွင် မှန်မှန်ကန်ကန် သုံးသပ်နိုင်စွမ်း ရှိသည့် ဗိုလ်ချုပ်ကြီးတော့ မပါပေ။