သူတို့ ဘာ‌ တွေ တွေးနေကြလဲ

by Hla Soewai - Aug 18 2024

စစ်အာဏသိမ်း အဖွဲ့သည် ယခုအခါ ခေတ်အဆက်ဆက် မကြုံစဖူး လောက်အောင် ဆောက်တည်ရာ မရ ဖြစ်လာချိန်တွင် မင်းအောင်လှိုင်အား ဖမ်းဆီး ဖြုတ်ချ လိုက်ပြီ ဆိုသော ကောလဟသ သတင်းကြောင့် တပ်တွင်းတွင်ယောက်ယက်ခတ်ကုန်ကြသည်။

 

တရုတ် အထူး သံတမန် ပြန်သွားပြီး‌‌ မကြာ သေးမီ မှာပင် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နှင့် တရုတ် သံအမတ် အသစ် မာ ဂျီယာ ရောက်လာတော့မည့်သတင်းများနှင့်လည်း တိုက်ဆိုင်နေသည်။

 

စစ်ကောင်စီ ဖက်မှ ထိုသတင်းကို ငြင်းဆိုလိုက်သော်လည်း ၎င်းအား ထောက်ခံသူများက မှန်ပါစေ ဟုပင် ဆုတောင်းလာကြပြီး ကျန်းမာရေး အကြောင်းပြ၍ နှုတ်ထွက် နိုင်သည်ဟု ပင် ထင်ကြေးပေးလာကြသည်။

 

စစ်ကောင်စီ အတွင်းတွင်လည်း အက်ကြောင်းများ ထနေသည်က ငြင်း၍ မရအောင် ဖြစ်လာနေသည်။

 

နိုင်ငံရေးသည် ကိုယ်နှင့် မဆိုင်ဟု နေသူများ၊ အကြောင်း အမျိုးမျိုး ဖြင့် စစ်တပ်ကို ထောက်ခံနေသူ များ အားလုံး လက်ရှိ ဇောက်ထိုး မိုးမျှော် ထိုးကျ ‌လာနေသော စီးပွားရေး ဂယက်ကို အလူးအလဲ ခံနေကြရပြီ ဖြစ်သည်။

 

မည်သူမဆို ယခင်လို ဒေါ်လာဈေး ၁,၃၀၀၊ ကြကိဥတလုဲး ၂၀၀၊ ဆန်ကြမ်းတပြည် ၂,၀၀၀ ဖြင့် လောက်ငှစွာ ဝယ်ယူစားသုံး နိုင်သည့် အနေအထား မျိုး ပြန်ရောက်ချင်နေကြမည်သာ ဖြစ်သည်။ စက်သုံးဆီများ မကြုံစဖူးအောင် ပြတ်လတ်လာ၍ ဓါတ်ဆီကို ဆီဆိုင်များ တွင် တမိုင်လောက် ရှည်လျားစွာ တန်းစီ နေကြရသူ များလည်း ထိုသို့‌ တွေးနေကြမည်သာ ဖြစ်သည်။

 

ထိုအခြေ အနေမျိုး ရှိလာဖို့ ဆိုလျှင် ခေါင်းဆောင်ကောင်း ရှိဖို့ လိုအပ်သည် မဟုတ်ပါလား၊ လက်ရှိ စစ်ခေါင်းဆောင်များသည် တိုင်းပြည်ကို ထို အ‌ခြေအနေမျိုး ပြန် ရောက်အောင် စွမ်းဆောင် နိုင်သူများလော ဆိုသည်ကို အလေး အနက် စဉ်းစားဖို့ လိုအပ်လာသည်။

 

မင်းအောင်လှိုင်သည် စိတ်ကူးပေါ်ရာ လေထဲတွင် တိုက်အိမ်ဆောက်နေသည် က လွဲ၍ ယခုထိလည်း မြင်းခြံ နှင့် ပင်းပက်ရှိ သံမဏိ စက်ရုံများကိုပင် ပြန်၍ လည်ပတ်နိုင်အောင် လုပ်နိုင်စွမ်း မရှိ၊ ထိုသို့‌ ‌‌ သော လူများက တိုင်းပြည်စီးပွားရေး တခုလုံးကို တိုးတက်‌ အောင် မည်သို့များ စီမံခန့်ခွဲကြပေမည်နည်း။

 

တနိုင်ငံလုံး တော်လှန်ရေး ဖြစ်ပွားနေ၍ ၎င်းတို့ မတတ်နိုင်ဟု ဆင်ခြေ ပေးကောင်း ပေးနိုင်သော်လည်း ထိုကဲ့သို့ အခြေအနေမျိုး မရှိခဲ့သည့် ဗိုလ်နေဝင်း၊ ဗိုလ် သန်းရွှေ လက်ထက်တွင်ပင် မြစ်ထဲ ချောင်းထဲ ငါးပုဇွန် များ ရှိနေ၍ ထမင်းမငတ် နိုင်၊ ‌ဖယောင်းတိုင် ထွန်းနေသင့် ဆိုသည့် အပြောများ ဖြင့် အ‌ခြေအနေ ဆိုးများကို ဖြတ်သန်း ခဲ့ကြရပြီး ဖြစ်သည်။

 

မိမိတို့၏ သားမြေး များကို မိမိတို့ထက် အဆတရာ ဆိုးသည့်ဘဝ ထဲ တွန်းပို့နေကြခြင်း သာ ဖြစ်သည်။ မစဉ်းစား မိယုံမက ထိုသို့ ဘဝမျိုး မနေရမည် စိုး၍‌ လော မသိ၊ ခေါင်း‌ ဆောင် ကောင်းကြီး အတွက်လက်နက်ကိုင်၍ အသက်စွန့် တိုက်ပေးနေကြခြင်းကို မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်ရသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် စစ်ရေး အရ မည်သို့မျှ နာလံပြန်ထူလာနိုင်တော့မည် မဟုတ်တော့သည့် အတွက် တိုင်းပြည်သည် တဖြေးဖြေး နှင့် တရုတ် အလိုကျ ကြိုးဆွဲရာ ကရ တော့မည့် အနေအထားသို့ တစထက် တစ ချည်းကပ်လာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်းပြုလုပ်မည့် ရွေးကောက်ပွဲ ပြီးလျင် တော်လှန်ရေး မဟာမိတ်များ အတွင်း အယူ အဆ အမျိုးမျိုး ကွဲပြီး သူ့အလိုလို အရှိန်သေသွား လိမ့်မည်ဟု ပျားရည် နှင့် ဝမ်းချ ပြီး အချိန်ဆွဲ နေခြင်းသာ ဖြစ်သည်။

 

တရုတ်ကလည်း အထူး သံတမန် မှ တဆင့်အခြေအနေမှန်ကို ရိပ်မိနေပြီး မင်းအောင်လှိုင်ကို ဆက်၍ ထောက်ခံနေကြောင်း ပြဖို့လိုသည်ဟု ယူဆ၍သာ နဂိုစီစဉ်ထားသော ထိုင်း ခရီးစဉ် မစမီ လှည့်ဝင်လာခြင်းလည်း ဖြစ်ပေမည်။

 

ဘီဂျင်းသည် မင်းအောင်လှိုင်အား ဖယ်ရှားမည် ကို လက်ခံသော်လည်း ဆက်ခံလာမည်သူသည် အရင်အတိုင်း ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ် ပေးနိုင်သူ ဖြစ်ဖို့ လိုအပ်နေသည်၊ အနောက်ယိမ်းသည့် စစ်ဗိုလ်ချုပ် တဦးဦး ခြေမြန်လက်မြန် လုပ်သွားမည်ကိုလည်း အမြဲလို စိုးရိမ်မကင်း ဖြစ်နေ၍ မင်းအောင်လှိုင်အား ၎င်းတို့ သဘောကျသူ ထံ အေးအေးချမ်းချမ်း အာဏာလွှဲပေးသွားရန် လိုလားနေသည်။

 

မင်းအောင်လှိုင် အနေဖြင့် ၎င်း နေရာ ဖယ်ပေးရမည့် အကြံကို လုံးဝ လက်မခံပဲ ရုရှားလို ခြွင်းချက်မရှိ ထောက်ခံခြင်းမျိုးသာ လိုလားနေသည်ဟု ဘီဂျင်း ရှိ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ ဖြစ်သော တိုင်ဟေး အင်စတီကျု မှ ယင် ယီဟန် က ပြောသည်ဟု South China Morning Post သတင်းစာတွင် ရေးသားထားသည်။

 

မင်းအောင်လှိုင်သည် လားရှိုး စစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရမှုသည် တရုတ်ကြောင့် ဖြစ်ရသည်ဆိုကာ တရုတ် ဆန့်ကျင်ရေး သဘောထားများ လှုံ့ဆော်လာနေပြီး မည်မျှ အတိုင်းအတာ အထိ ပတ်သက်နေသည် လည်း ဆိုသည်ကို တိုး၍ စုံစမ်း စီစစ် လာနေသည်ဟု ဆိုသည်။ ၎င်း၏ မိန့်ခွန်းကိုလည်း တရုတ်လို ဘာသာပြန်၍ပင် ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ သော သံသယ များ ပပျောက်သွားစေရန် ၎င်းတို့အား အသိအမှတ် ပြုသည့် ပုံစံမျိူး ဖြင့် ပြန် ချော့ရန် ဝမ်ယီ ရောက်လာရသည့် အကြောင်းတခုလည်း ဖြစ်သည်ဟု မှတ်ချက်ချထားသည်။

 

ယနေ့ ဝမ်ယီမှ မင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် (ပုံတွင်ရှု) မြန်မာ တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ရရှိအောင် မိမိတို့မှ အလေးအနက် ပူးပေါင်း ဆောင်ရွက်လျက် ရှိနေပြီး ရှမ်းမြောက်‌ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်နေမှု ကို ဆန့်ကျင်ကြောင်း၊ နိုင်ငံ ငြိမ်းချမ်းရေး အား ထိန်းသိမ်း နိုင်ရန် တန်ဖိုးရှိသော အထောက်အပံ့များ ကို ဆက်၍ ပံ့ပိုး ကူညီ သွားမည်ဟု ပြောဆိုသွားခဲ့သည်။

 

ဝမ်ယီ သည် အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ အားလည်း သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

 

စိတ်ထဲတွင်တော့ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ် နိုင်စွမ်း မရှိအောင် ညံ့ဖျင်းလှသော မင်းအောင်လှိုင် ၏ ဦးဆောင်မှု ကို မည်သို့မျှ ယုံကြည် စိတ်ချ ထားနိုင်စွမ်း မရှိ ဖြစ်လာနေသည်က ၎င်း၏ စကားများက သက်သေခံနေပေသည်။

 

လွိုင်ကော် နမူနာ ကို ကြည့်၍ ရန်သူကို အနားပေး၍ မရဟူသော ခံယူချက်ဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်များသည် ဒလကြမ်း ထိုးစစ်ဆင်လျက် ရှိရာ စဉ့်ကူ ပြီး ဒုတိယ မြို့ အဖြစ် မန္တလေး မြို့ မြောက်ဖက် ၁၃၀ မိုင် အကွာရှိတကောင်း မြိုကို နောက်ထပ် သိမ်းယူ နိုင်ခဲ့ပြန်သည်။ တကောင်းမြို့သူ မြို့သားများက အောင်ပွဲရ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အား သောင်း‌သောင်းဖျဖျ ကြိုဆိုနေကြပုံကို ဆိုရှယ်မီဒီယာ ပေါ် တွင် တွေ့လာခဲ့ရသည်။

 

မြင်းခြံ၊ တောင်သာ၊ သပိတ်ကျဉ်း မြို့နယ်များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။ တောင်သာ အား မိမိတို့ တပ်များက အပြင်းအထန် ခုခံနေကြောင်း စစ်ကောင်စီ မှ သတင်းထုတ်ပြန်လာရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!