အာဏာရှင် ဟောင်း မှ တရုတ်သို့ ပန်ကြား

by Hla Soewai - Aug 18 2024

စစ်အာဏာရှင် ဟောင်း ဗိုလ်သန်းရွှေ မှ ၎င်းအား လာရောက် တွေ့ဆုံသည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီအား ပြည်တွင်း တည်ငြိမ်ရေး အား ထိန်းသိမ်း နိုင်ရန် ဆက်၍ ထောက်ခံ ပေးပါရန် ပန်ကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

 

"ပြည်ပ အားကိုး ပုဆိန်ရိုး..." ဆိုသည့် ကြွေးကြော်သံ ကို နိုင်ငံ အနှံ ဆိုင်းဘုတ် ထောင်စေခဲ့သည့် ဗိုလ်သန်းရွှေ ခမျာ တပည့်ကြီး ဖြစ်သူ မင်းအောင်လှိုင် ကြောင့် မာန်ချ ခဲ့ရရှာပြီ ဖြစ်သည်။

 

အသက် ၉၀ ရှိပြီ ဖြစ်၍ ၎င်း နေရမည့် အချိန်များ မကျန်လှသော်လည်း သားမြေး များ အတွက် စိတ်ချသွားရမည့် နည်းလမ်းကို ရှာကြံဖို့ စိတ်မကူးဘဲ မိုက်လုံးကြီး နေဆဲ ဖြစ်သည်။

 

ဗိုလ်သန်းရွှေသည် "တရုတ် နိုင်ငံမှ ကိုယ်ကျိုး မငဲ့ ထောက်ခံမှု ပေးနေမှု" အပေါ်လည်း ကျေးဇူးဥပကာရ တင်ရှိကြောင်းပင် ပြောကြားသွားခဲ့သည်ဟု သတင်းများက ဆိုသည်။

 

ဝမ်ယီ မှ လာမည့် နှစ် တွင် မင်းအောင်လှိုင် လုပ်ပေးမည့် ရွေးကောက်ပွဲ အားလည်း အကူအညီ ပေးမည်ဟု ပြောသွားခဲ့သည်။

 

ဝမ်ယီသည် မင်းအောင်လှိုင်နှင့် ‌တွေ့ဆုံစဉ် အတွင်း တရုတ်-မြန်မာ ဆက်ဆံရေး အား စိတ်ဝမ်းကွဲအောင်၊ အသရေဖျက် အောင် ရည်ရွယ်သည့် မည်သည့် ဝေဖန်မှု မျိုးကို မဆို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်ဟု ရန်ကုန် ရှိ တရုတ်သံရုံးမှ ၎င်းတို့ နှစ်ဦး တွေ့ဆုံမှု နှင့် ပတ်သက်ပြီး ထုတ်ပြန်သော ကျေညာချက်တွင် ပါရှိလာခဲ့သည်။ 

 

စစ်ကောင်စီ သတင်းစာများက လက်တလုံးခြားဖြင့် ဝမ်ယီသည် ရှမ်းမြောက်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ခိုက်နေမှု ကို ဆန့်ကျင်သည်ဟု ဖေါ်ပြကြသော်လည်း တရုတ် သတင်းစဉ် ဆင်ဟွာ နှင့် သံရုံး ကြေညာချက်များ တွင်မူ "မြန်မာပြည်တွင် ဖြစ်ပွားနေသော ဖရိုဖရဲ ဖြစ်လာနေမှု များ နှင့် ပဋိပက္ခများ ကို တရုတ်မှ ဆန့်ကျင်သည်" ဟုသာ ပါရှိကြောင်း ဧရာဝတီ သတင်း မှ ထောက်ပြထားသည်။ သို့သော် ဗိုလ်သန်းရွှေ၏ ပန်ကြားမှုကိုတော့ စစ်ကောင်စီ သတင်းစာများက တလုံးတပါဒမျှပင် ဖေါ်ပြခြင်း မရှိသည်ကို တွေ့ရသည်။

 

စစ်ခေါင်းဆောင်များသည် တရုတ်၏ အကာအကွယ် ကို ယူပြီး ဂျိုကြွ နေသည့် လူမိုက်သာသာ အဆင့်သာရှိတော့ သည်ကိုလည်း သဘောမ‌ ပေါက် သည့် အပြင် ယခုလို တရုတ်၏ ခြေရာလက်ရာ မကင်းသည့် ရွေးကောက်ပွဲ အား ပြုလုပ်ရမည့် အရေးကိုလည်း မည်သို့မျှ မမှု၊ လူထု ၏ အလို ဆန္ဒ မပါပဲ လုပ်ဖြစ် ပြီးရော ဆိုကာ လက်ပါးစေ နိုင်ငံရေး ပါတီများ နှင့် လက်ဝါးခြင်း ရိုက်လာကြခြင်း ပင် ဖြစ်သည်။

 

၎င်းတို့ မရှုမလှ မဲရှုံးခဲ့ရသည့် အတွက် မင်းအောင်လှိုင် ကို အာဏာ‌သိမ်းပေးပါရန် တောင်းဆိုခဲ့ကြသူများ အဖို့ လူထု တရပ်လုံး ၏ ရန်သူ ဖြစ်‌ သော စစ်ကောင်စီ၏ ဖဲသုံးချပ် ကစားဝိုင်း တွင် ဝင် အော်လျင် ဝန်ကြီး တနေရာစာ လောက် ရနိုင်သည်ဆိုကာ ယစ်မူးနေကြပြီ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များ အသက်နှင့် ထပ်၍ ကျားကုတ် ကျားခဲ ဆုပ်ကိုင်ထားသော နိုင်ငံရေး တန်ခိုး အာဏာများကို ရွေးကောက်ပွဲ ဖြင့် ၎င်းတို့ လက်ထဲ လွှဲပေးလာလိမ့်မည် ဟု မိုက်မဲစွာ ယုံကြည်နေကြဆဲဖြစ်သည်။ ကံကောင်းလျင် ၎င်းတို့ အဖို့က ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဟု ပြောနိုင်ဆိုနိုင် ယုံမျှသာ ရှိပြီး အများအားဖြင့် စစ်ဗိုလ်ချုပ်များကို ကျွန်ယုံ ကျွန်ကောင်းကြီးများ သဖွယ် အလုပ်အကျွေး ပြုကြရဖို့သာ ရှိပေသည်။

 

သို့သော် ‌၎င်းတို့ မျှော်မှန်းသည့် ဝန်ကြီး တနေရာ လောက်ကို စိတ်ကူးထဲပင် မထည့်ပဲ တိုင်းပြည်အား ဖခင် အမွေပေးထားသည့် မြေကွက် ပမာ ထင်သလို အသုံးချနေသူ များ က မင်းအောင်လှိုင်၏ သားသမီး များပင် ဖြစ်သည်။ သားနှင့် သမီးများ ဖြစ်သော အောင်ပြည့်စုံ နှင့် ခင်သီရိသက်မွန် တို့သည် တိုင်းပြည်၏ လျပ်စစ်ကား တင်သွင်းမှု လုပ်ငန်း အားလုံးကို လက်ဝါးကြီး အုပ်ထားနေမှု ကို ဧရာဝတီ သတင်းတွင် အကျယ်တဝင့် ရေးသားထားသည်။

 

‌ယခုအခါ နိုင်ငံ၏ လူဦး‌ ရေ တဝက် ကျော်သည် တနေ့ဝင်‌ ငွေ အမေရိကန် ဒေါ်လာ ၇၆ ဆင့် ဖြင့် စားရမဲ့ သောက်ရမဲ့ ဘဝမျိုး ဖြင့် အသက်တချောင်း အတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရချိန်တွင် ဖခင် ဖြစ်သူ အာဏာသိမ်းခဲ့သည့် အတွက် သား နှင့် သမီး များသည် တိုင်းပြည်၏ ဓနဥစွာများကို မတန်မတရား ခေါင်းပုံဖြတ်ကာ ကျိကျိတက် ချမ်းသာနေကြပြီ ဖြစ်သည်။ 

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ သမိုင်းဝင် နေအိမ် အား ဒုတိယ အကြိမ် အဖြစ် ဈေးချကာ ကျပ် ဘီလီယံ ၃၀၀ ဖြင့် လေလံ တင်ပွဲ ပြုလုပ်ခဲ့သော်လည်း သတင်းသမားများ မှ လွဲ၍ တဦးတလေမျှ ရောက်မလာခဲ့ပဲ ပြီးဆုံးသွားခဲ့ပြန်သည်၊ ထိုလေလံပွဲ အား ၎င်းတို့၏ အခွင့်ထူးခံ သားသမီးများ ဝင်ရောက် ပတ်သက်လာခြင်း မရှိသည်ကပင် ပါးနပ်လိမ္မာမှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ 

 

မတ်လ လေလံတင်ပွဲ သည် ကျပ် ၃၁၅ ဘီလီယံ အပြင် ပေါက်ဈေး ဖြင့် ဆိုက ဒေါ်လာ သန်း ၉၀ ရှိ‌သော်လည်း ယခု ကျပ် ၃၀၀ ဘီလီယံ ကြမ်းခင်း ဈေး သည် ဒေါ်လာ ၄၆ သန်း ခန့်သာ ရှိပေတော့သည်။

 

ထိုကဲ့သို့သော လုပ်ရပ်များသည် မည်မျှအထိ လူထု သဘောထား နှင့် ကင်းကွာနေသည်ကို ပြဆိုနေပေသည်။ ၎င်းတို့အဖို့က ဂရုစိုက်စရာ မလိုဟု ယူဆနေသော်လည်း လူထု၏ ရွံရှာ မုန်းတီးမှု များကို စစ်မြေပြင်တွင် တန်ဖိုးကြီးကြီး ပေးဆပ်နေကြရသည်က ၎င်းတို့၏ လက်အောက်ငယ်သားများ ပင် ဖြစ်သည်။

 

ယခုအခါ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များသည် မန္တလေး၏ တောင်၊ မြောက် နှင့် အရှေ့ဖက်ခြမ်း တို့တွင် တပ်များ ဖြန့်ကြက် ချလာကြပြီး မြို့အား ယခုနှစ် မကုန်မီ အပြီး သိမ်းပိုက်မည်ဟု ကြွေးကြော်လာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!