တရုတ် မှ မြန်မာဖက်အား စတင် ပစ်ခတ်

by Hla Soewai - Aug 18 2024

ထိုသို့ ပစ်ခတ်မှု သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ခရီးစဉ် ပြီးဆုံးသွားပြီး တရက် အကြာတွင် ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။

 

ကချင်လွတ်လပ်ရေး တပ်တော် ကေအိုင်အေ ဌာနချုပ် လိုင်ဇာအား လာရောက် တိုက်ခိုက်သော စစ်ကောင်စီ တိုက်လေယာဉ် များကို သတိပေးသည့် အနေဖြင့် ပစ်ခတ် ခြင်း ဖြစ်သည်ဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူး မှ RFA အား ပြောခဲ့သည်။

 

ပစ်ခတ်ခြင်း မဖြစ်မီ အစောပိုင်း တွင် ကချင် တော်လှန်ရေး တပ်များသည် ဖားကန့် ဒေသရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခု ကို သိမ်းပိုက် နိုင်လိုက်ခြင်းကြောင့် လက်တုံ့ ပြန် တိုက်ခိုက်လာခြင်း ဖြစ်သည်။

 

မီးရှူး မီးပန်း ပစ်တင် သတိပေးခြင်းမျိုး မဟုတ်ပဲ ဆယ်ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ ပစ်ခတ်သံကိုလည်း ကျယ်ကျယ်လောင်လောင် ကြားရသည် ဟု ဆိုသည်။

 

နှစ်ဆန်း ပိုင်း မှ စ၍ ကေအိုင်အေ တပ်များသည် စစ်ကောင်စီ တပ်စခန်း အကြီး‌အသေး နှစ်ရာ ကျော်အား သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။

 

တရုတ်ဖက်က ပစ်ခတ်လာမှု ကို ကြည့်မည် ဆိုက ဝမ်ယီ၏ ခရီးစဉ်သည် တရုတ် ထင်ထားသလောက် ကျေနပ် အားရမှု မရှိခဲ့ဟု ယူဆ နိုင်ပေသည်။

 

နိုင်ငံတွင်း စက်သုံးစီ များ အကြီးအကျယ် ပြတ်လတ်နေ၍ လူထု၏ မကျေနပ်မှု များ မြင့်တက်နေခြင်း နှင့် စစ်ကောင်စီမှ တရုတ် ဆန့်ကျင်ရေး သဘောထားများ ဖြစ်ပေါ်လာအောင် သွေးထိုးနေချိန်လည်း ဖြစ်၍ တရုတ် အဖို့ သတိကြီးစွာ ထား နေရသော အချိန်မျိုးလည်း ဖြစ်သည်။ စစ်ကောင်စီသည် ဒေါ်လာ သန်း တရာ ခန့်အား ၃,၄၀၀ ကျပ် ပေါက်ဈေး ဖြင့် ‌စက်သုံးဆီ တင်ပို့သူများကို ရောင်းချ ပေးမည်ဆိုကာ လတ်တလော အကျပ်အတည်း ကို ဖြေရှင်းရန် ဆေးမီးတို ဖြင့် ကုစားရန် ကြံစည်လာသည်။

 

၎င်းတို့အား အမာခံ ထောက်ခံခဲ့ကြသူများသည်ပင် မိုင်းရယ် တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အဖြစ် ပြန်လည် ဖွဲ့စည်းလာရသည် အထိ ရုပ်ပျက် ဆင်းပျက် နိုင်လှသော မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု ကို ပြင်းပြင်းထန်ထန် ဝေဖန်လာပြီ ဖြစ်သည်။

 

လားရှိုးအား လက်လွှတ်လိုက်ရမှု သည် စစ်ကောင်စီ အတွက် အရှက်တကွဲ နှင့် အကြီးကျယ်ဆုံး အရေးနိမ့်သွား ခဲ့မှု ဖြစ်သည်ဟု အစချီကာ စတင်ဆန် စင်တာ မှ တရုတ် နှင့် အရှေ့အာရှ ရေးရာ ညွှန်ကြားရေးမှုး မစ္စက် ယွန်ဆန် မှ "တရုတ်သည် မြန်မာထံမှ တကယ်တမ်း ဘာတွေ လိုချင်နေသနည်း" ဟူသော ခေါင်းစဉ် ဖြင့် နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားလာသည်။

 

လားရှိုးအား စစ်ကောင်စီ လက်လွှတ်လိုက်ရမှူ သည် တရုတ် အတွက်လည်း လွန်စွာ အရေးတကြီး ထည့်သွင်း စဉ်းစားရဖို့ ဖြစ်လာသည်ဟု ဆိုသည်။

 

MNDAA သည် လောက်ကိုင်အား အခိုင်အမာ ထိန်းချုပ်ထားနိုင်ရန် ရှမ်းပြည် အတွင်းပိုင်းအထိ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။ ယခုအခါ လားရှိုးအား သိမ်းပိုက် နိုင်ခဲ့မှု နှင့် အတူ MNDAA သည် နယ်မြေအရရော၊ အခွန်ငွေ ပိုင်း အကျိုးအမြတ် ရှိလာယုံမက ဩဇာအာဏာအရ ပါ ဝ တပ်ဖွဲ့ပြီးလျှင် အရေးပါဆုံး လက်နက်ကိုင် အဖွဲ့ကြီး အဖြစ် တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။

 

တရုတ်သည် အစောပိုင်းက လားရှိုးအထိ တိုက်ခိုက်လာမှု ကို ဆန့်ကျင်ခဲ့သော်လည်း MNDAA သည် မထင်မှတ်‌သော အောင်ပွဲ များ ရရှိပြီး ပြောင်းလဲလာသော မြေပြင် အနေအထားများကြောင့် အလျော့ပေးလာခဲ့သည်။ ဝမ်ယီ၏ ခရီးစဉ်သည် တရုတ် အနေဖြင့် စစ်ကောင်စီ နှင့် ဆက်၍ ဆက်ဆံသွားဖို့ ရှိနေဆဲ ဆိုသည်နှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို မျှော်လင့်နေဆဲဆိုသည့် သဘောထား ရှိ‌ ကြောင်းကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။

 

တရုတ် မှ နောက်ထပ် တကြိမ် အပစ်ရပ်ရေး ကြားဝင်ပေးပါကလည်း လက်ရှိ လားရှိုး သိမ်းပိုက်ခံထားရမှု ကို အတည်ပြု လက်ခံလိုက်ရတော့မည့် အနေအထား ဖြစ်လာ၍ စစ်ကောင်စီ အဖို့ အကျပ်ရိုက်လာရသည်။

 

တရုတ်သည် ယခုအခါ ၎င်းတို့၏ အတွက်အချက်ကို ပြောင်းလဲလာစေသည့် အကြောင်းနှစ်ရပ် ရှိနေသည်။

 

ပထမ အကြောင်းသည် စစ်ကောင်စီ မှ အမေရိကန် အရာရှိများ နှင့် အလွတ်သဘော ဆက်တိုက်ဆိုသလိုဆွေးနွေးလာသည်အထိ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒကို မသိမသာ ပြောင်းလဲလာမှု ပင် ဖြစ်သည်။

 

ထိုသို့ တွေ့ဆုံမည် ဆိုသည်ကိုလည်း ကြိုတင် တိုင်ပင်ခဲ့ခြင်း မရှိသည့် အတွက် တရုတ်ဖက်မှ ဒေါသ အမျက် ချောင်းချောင်း ထွက်ခဲ့သည်။ တရုတ်အဖို့ကလည်း အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာမှ ဝိုင်းပယ်ထားသည့် ကြားမှ နာမည် အပျက်ခံပြီး တောက်လျောက် ထောက်ခံလာသည့် မျက်နှာကို မထောက်ဟု ယူဆလာသည်။ ထို့အပြင် ၎င်းတို့အား အနာဂတ် နိုင်ငံရေး ဖြေရှင်းချက် တွင် မဖြစ်မနေ ပါဝင်လာအောင် ကြိုးစားပေးနေပြီး အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် မဆက်ဆံပဲ ခပ်ကင်းကင်း နေပြခဲ့ပြီးလည်း ဖြစ်သည်။ ယခု စစ်ကောင်စီ ၏ လုပ်ရပ်သည် မြန်မာ နှင့် ဒေသအတွင်း ပတ်သက်လာအောင် အမေရိကန် အား ဖိတ်ခေါ်သလို ဖြစ်နေ၍ အရှိုက်ကို အထိုးခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

 

ပြည်တွင်းစစ် ပိုမို ပြင်းထန်လာပြီး ဘော်လကန် ဒေသ လို ပြိုကွဲသွားမည့် အရေး သည် နယ်ခြား တည်ငြိမ်ရေး နှင့် အခြေခံ အဆောက်အအုံပိုင်း ရင်းနှီး မြုပ်နှံမှုများ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာပြီး ၎င်းတို့ လိုလားသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ပြန်လည် သင့်မြတ်ရေး ဆိုသည်တို့ နှင့် အလှမ်း ကွာသည်ထက် ကွာလာတော့မည် ဖြစ်သည်။

 

ရွေးကောက်ပွဲ ဖြင့် အရပ်သား တပိုင်း အစိုးရမျိုး ထွက်ပေါ်လာခဲ့ပြီး ပြန်လည် သင့်မြတ်ရေး နှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်လာမည် ဆိုလျင်ပင် လက်ရှိ နယ်မြေများ လက်လွှတ်ထားရမှု သည် တော်တော်နှင့် ပြန်၍ အဖတ်ဆယ် နိုင်မည် မဟုတ်တော့ ဆိုသည်ကိုလည်း သိရှိထားသည်။

 

ထို့အတွက်ကြောင့် ဒုတိယ အချက် အဖြစ် ၎င်းတို့နှင့် နယ်နမိတ် ထိစပ်နေသော ရှမ်းမြောက်‌ဒေသ တည်ငြိမ်မှု ရရေးသည် အရေး တကြီး ပြဿနာ အဖြစ် ယူဆလာသည်။ အဆို ပါ ဒေသအား ၎င်းတို့မျက်နှာကို ထောက်မည့် တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ထားနိုင်ခြင်း ဖြင့်သာ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည်။ ခေါင်းမာပြီး မဟာဗျူဟာ အရ လူတကာ နှင့် အပေးအယူ လုပ်လိုသည့် စစ်ခေါင်းဆောင်များ ထက် ဆက်ဆံရ ပို၍ လွယ်ကူမည်လည်း ဖြစ်သည်။

 

ထိုအခါတွင် နိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်းတွင် ဗမာ လူမျိုး များ နှင့် ဆက်ပြီး တိုက်ပွဲ များ ဆက်ဖြစ်နေခြင်းကို အရေးတယူ စဉ်းစားစရာ မလိုတော့ဟု ယူဆလာသည်။

 

မင်းအောင်လှိုင်သည် လားရှိုး ရမခ အား လက်လွှတ်လိုက်ရမှု ကြောင့် ဂမူးရှူးထိုး ဖြစ်လာပြီး ရုပ်မြင်သံကြား မှ တရုတ် အား အမည် မဖေါ်ပဲ စွပ်စွဲလာခဲ့သည်၊ ၎င်း၏ လက်ပါးစေများကလည်း ရုရှားမှ ဝင်ရောက် ကူညီရန် အထိ တောင်းဆိုလာသည်၊ ယင်းသည် တရုတ် အဖို့ ရယ်ဖွယ် ကောင်းသည့် ပျက်လုံး တခုလို ဖြစ်လာသည်။ ရုရှားသည် ယူကရိန်း စစ်ပွဲ ကြောင့် ၎င်းတို့၏ အညိုအငြင် ခံရဲမည် မဟုတ် ဆိုသည်ကို သိနေသောကြောင့်လည်း ဖြစ်သည်။

 

တရုတ်သည် စစ်ကောင်စီ လုပ်မည်ဆိုသော ၂၀၂၅ ရွေးကောက်ပွဲအား သေချာပေါက် ဆက်၍ ပံ့ပိုးသွားမည်သာ ဖြစ်သည်။ တဖက်တွင် လားရှိုးအား MNDAA သိမ်းပိုက်ထားမှု ခိုင်မာသည် ထက် ခိုင်မာစေရန် အပစ်အခတ် ရပ်စဲရေး ရရှိအောင် လုံးပမ်းသွားမည်လည်း ဖြစ်သည်။

 

ထိုသို့ ဖြစ်မလာကလည်း လားရှိုးတွင် ဝ တပ်များ ရောက်ရှိနေမှု ကြောင့် စစ်ကောင်စီ အနေဖြင့် တဖန် ပြန်၍ တိုက်ခိုက်လာဖွယ် မရှိပေ။ လေကြောင်းမှ တိုက်ခိုက်ခြင်းဖြင့် ဝ တပ်ဖွဲ့များ ထိခိုက်သေဆုံးမှု ရှိလာပါက ၎င်းတို့၏ ရန်သူစာရင်းတွင် ကြောက်စရာ ကောင်းသည့် အင်အားကြီး အဖွဲ့ ထပ်တိုးလာဖွယ်ရှိနေ၍ ချုပ်တည်းနေရသည်။

 

တရုတ်သည် မြောက်ပိုင်း ‌ဒေသ တည်ငြိမ်ရေး နှင့် တောင်ပိုင်းတွင် ‌ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကြံဆောင်နေမှုသည် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း နောက်ပိုင်း မရေရာ မသေချာမှု များ ပြည့်နှက်လာနိုင်သည်။ ၎င်းတို့ ရင်ကြားစေ့ ပေးရေး ကို တော်လှန်ရေး တပ်များက လက်ခံသည် ဆိုလျင်ပင် နိုင်ငံ နှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို စောင့်ရှောက်နေသူများ အဖြစ် ကြွေးကြော်ထားသော စစ်တပ် အနေဖြင့် မည်သို့မျှ ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မည် မဟုတ်ပေ။

 

နိုင်ငံ နှစ်ပိုင်း ကွဲထွက်သွားမည် ဆိုက ရခိုင်ဖက်မှ အိန္ဒိယ သမုဒ္ဒရာ အား ထွက်ပေါက်ရရန် ချောင်းနေသည့် တရုတ် ၏ မျှော်လင့်ချက်များ ပျက်စီးသွားနိုင်ပြန်သည်။ နိုင်ငံ တောင်ပိုင်းကိုသာ အုပ်ချုပ်ခွင့် ရနိုင်တော့မည့် အာဏာသိမ်း အဖွဲ့သည်လည်း ပြည်တွင်းစစ်ကို အဆုံးသတ် နိုင်တော့မည် မဟုတ်ပေ။ တရုတ်၏ လက်ရှိ ကြံစည်နေမှု များ သည် ထိုအရေးများ အတွက် ‌အဖြေ ဟူ၍ မရှိ ဖြစ်နေပြန်သည်။

 

လားရှိုး အား စစ်ကောင်စီ လက်မှ သိမ်းယူ နိုင်လိုက်ခြင်းသည် တော်လှန်ရေး တပ်များ အတွက် လွန်စွာ အရေးပါသော အလှည့်အပြောင်းကြီး ဖြစ်လာမည့် အချိန် ဖြစ်သော်လည်း ယင်းနှင့် အတူ ရှေ့ဆက်ဖြစ်လာမည့် သက်ရောက်လာနိုင်မှုများ သည် စစ်တပ်သာမက ပါဝင်ပတ်သက်နေသူ အားလုံး အတွက် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံကြီးလည်း ဖြစ်နေသည်။

 

ဘီဂျင်း အနေဖြင့် ရှေ့လျောက် ဖြစ်ပေါ်လာမည့် နိုင်ငံ၏ အနာဂတ် အနေအထား အား ထည့်မတွက်ဘဲ စစ်ကောင်စီ အား မဆုပ်မနစ် ထောက်ခံမှု ပေးနေခြင်းသည် ၎င်းတို့အတွက် စိတ်အချရဆုံး ဖြစ်လာမည်လား ဆိုသည်ကိုပါ ထည့်သွင်း တွက်ချက်ရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!