သူတို့ ဘာတွေ တွေးနေလဲ

by Hla Soewai - Aug 18 2024

စစ်ရေး သတင်းများက နေ့စဉ်လို အားတက်စရာ များ သာ ကြားသိ‌လာနေရပြီ ဖြစ်သည်။

 

ရက္ခိတ တပ်တော်သည် ယခု အခါ ရခိုင်ပြည်နယ် တောင်ဖက် စွန်း ရှိ ဂွ မြို့ ကို စတင် ထိုးစစ် ဆင်လာနေပြီ ဖြစ်သည်။ 

 

အလားတူ TNLA သည် လည်း နောင်ချို နှင့် သီပေါ မြို အနီးတဝိုက် တွင် စစ်ကောင်စီ တပ်များကို ဝိုင်းပတ် ပိတ်ဆို့ ထားပြီး သီပေါ ကို အပြီးသတ် ထိန်းချုပ် နိုင်တော့မည် ဟု သိရသည်။ လောလောဆယ်တွင် သီပေါ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၂၉ ဦး အပါအဝင် စုစုပေါင်း ၁၀၉ ဦး ကို လွှတ်ပေးနိုင်ခဲ့သည်။

 

တနင်္လာနေ့ မနက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်များသည် တရုတ် ရေနံ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ မန္တလေးတိုင်း တောင်သာ မြို့နယ် အနီးရှိ လက်ခွဲ ပို့ဆောင်ရေး စခန်း နှစ်ခု ကို သိမ်းယူ နိုင်ခဲ့ပြန်သည်။ ထို့ပြင် သပိတ်ကျဉ်း မြို့နယ် အတွင်းရှိ စစ်ကောင်စီ စခန်း ကိုး ခု ကိုလည်း တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။ ယခုအခါ တောင်သာ၊ နွားထိုးကြီး နှင့် မြင်းခြံ မြို့နယ်များအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်။

 

ထိုသို့ ဆက်တိုက် ဆိုသလို အရေးနိမ့်လာနေမှု များ ကြောင့် ကြံရာမရ ဖြစ်လာသော မင်းအောင်လှိုင်သည် ပြည်ပ ကျုးကျော်စစ် ပုံစံမျိုး လုပ်ကြံ ပြောဆိုလာပြီး လူထု ၏ ထောက်ခံမှု ရရန် ‌ကြိုးပမ်းလာပြီ ဖြစ်သည်။ ၎င်း၏ လော်ဘီများကလည်း MNDAA သည် ကြယ်များ ခြံရံထားသော အလံ (ဆိုလိုသည်က တရုတ် နိုင်ငံ အလံ) ကို ပါ လွှင့်ထူလာသည်ဟု ဆိုသည်၊ ညီနောင်သုံးဖေါ် ဆန့်ကျင်ရေး လူထု အစည်း အဝေး ဆိုသည်ကိုပင် ရန်ကုန်၊ နေပြည်တော် တွင် သာမက ဖားအံ တွင် ပင် စီစဉ် ပြုလုပ်လာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့သော တရုတ် ဆန့်ကျင်ရေး သဘောထားများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်လာမှု သည် နိုင်ငံတွင်းရှိ တရုတ် အမျိုးသား တို့ အား ခြိမ်းခြောက်လိုက်ခြင်းဖြင့် တရုတ် အစိုးရ အား အကျပ်ကိုင်နိုင်ရန် လုံးပမ်းလာခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်မှ သက်တမ်း နောက်ထပ် ၆ လ ထပ်တိုးပြီးနောက် တရုတ်-မြန်မာ ဆက်ဆံရေး ယို့ယွင်းလာခဲ့ပြန်သည်။

 

ဗိုလ်နေဝင်း လက်ထက်တွင် ပီကင်း အသံ ဆန့်ကျင်ရေး ဆိုသည့် လူထု ဆန္ဒပြပွဲများ ဖြစ်ပေါ်ပြီး မကြာမီ မှာပင် တရုတ်-မြန်မာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာခဲ့သည့် သမိုင်းကြောင်းလည်း ရှိနေပြန်သည်။

 

မင်းအောင်လှိုင်၏ ဩဂုတ် ၅ ရက်နေ့ တွင် ကြုံးဝါး‌ နေမှု များ အား စစ်ဖက် အရာရှိကြီး များ အဖို့ သေချာစေ့ငုစွာ စဉ်းစား ဆင်ခြင် နိုင်စွမ်း ရှိမည်ဆိုက ၎င်းတို့၏ စစ်ဦးစီးချုပ်သည် လာလတ္တံ့သော အရှုံးအတွက် အကြောင်းအမျိုးမျိုး ပြ၍ ဆင်‌ခြေပေးနေခြင်းသာ ဖြစ်သည် ဆိုသည်ကို သဘောပေါက်လာကြမည် ဖြစ်သည်ဟု စစ်ရေး သုတေသီ ဒေးဗစ် စကော့ မေသီဆန် က ဧရာဝတီ တွင် ရေးသားထားသည်။

 

တူးတူးခါးခါး မိုက်မဲ‌ နေဆဲ ဖြစ်‌‌ ‌သည့် မင်းအောင်လှိုင်သည် တိုင်းပြည်ကို မီးလောင်တိုက်သွင်းနေမှု ကို လက်အောက် ခံ စစ်အရာရှိကြီးများက တစုတဝေးတည်း ရပ်တည်ပေးနေခြင်းသည် ၎င်းအပေါ် အသက်အသေခံ၍ သစ္စာရှိနေခြင်းတော့ မဟုတ်ဟု မိမိ အနေဖြင့် ယူဆမိသည်။

 

မင်းအောင်လှိုင် ကို ဖယ်ရှားမည်ဆိုလျှင် ၎င်းတို့ တသက်လုံး လူပေါ်လူညွန့် ခူးစားလာသည့် စည်းစိမ်ဥစ္စာများ လက်လွှတ်ဆုံးရှုံးရတော့မည် အပြင် ကံကောင်း လွန်း မှသာ ယခင်ရာထူး ဖြင့် သာမန် အစိုးရ ဝန်ထမ်း လို နေသွား ခွင့် ရမည် ဖြစ်သည်။

 

၎င်းတို့အားလုံးသည် လက်ရှိ ရာထူး အဆင့်အတန်းကို နှလုံးရည် လက်ရုံရည် အပြည့်ဖြင့် တက်လှမ်းလာသူ ဟူ၍ မရှိသလောက်ပင် ရှားပေသည်။ အဆက်အသွယ် နည်းလမ်းပေါင်းစုံဖြင့် ရယူထားကြခြင်း ဖြစ်ပြီး၊ ထိုအထဲတွင် တိုက်ပွဲ တပွဲ ကို ကိုယ်တိုင် ကိုယ်ကျ ဦးဆောင် ဆင်နွှဲ ခဲ့ဖူးခြင်း မရှိသူများသည်လည်း ထက်ဝက်မက ရှိနေပြန်သည်။

 

ထို့ အတွက် ၎င်းတို့အဖို့ မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ဗိုလ်တက်လုပ်ဖို့က မည်သို့မျှ မစဉ်းစားရဲအောင် ဖြစ်နေသည်၊ ဖယ်ရှားနိုင်သည် ဆိုစေဦး တယောက် အကြောင်း တယောက် ရိပ်စားမိနေ ကြ၍ စစ်အနိုင်တိုက်ရေးသည် မည်သို့မျှ မဖြစ်နိုင် မှန်း သိနေပြီးလည်း ဖြစ်သည်။

 

၎င်းတို့ အတွက် တခုတည်းသော နည်းလမ်းသည် တော်လှန်ရေး မဟာမိတ် တပ်များ နှင့် စေ့ဆပ် ဆွေးနွေး နိုင်မှသာ ဖြစ်ပေမည်။

 

ထိုအခါ တွင် လက်ရှိ ပုံစံ အတိုင်း စစ်ဘုရင်ဝါဒ ဖြင့် လူထု ကို နင်းပြား နေရာထားပြီး လူပေါ်လူညွန့် ခူးစား၍ မရတော့၊ စည်းစိမ်ဥစ္စာများ စွန့်လွှတ်ပြီးသာမန် စစ်အရာရှိ ဘဝ နှင့် နိဂုံးချုပ်ရပေတော့မည်။

 

ယခုအခါ ကံဆိုးသူ မောင်ရှင်များ ရှေ့တန်းတွင် အသေခံ တိုက်နေရသမျှ လတ်တလော စိုးရိမ်စရာ မရှိ၊ ကျွန်ယုံ ကျွန်ကောင်း ပီသစွာ မင်းအောင်လှိုင် အား မှီ၍ နောက်မြီး ဆွဲ လိုက်နေခြင်းသည်သာ လောလောဆယ် စိတ်အချရဆုံး ဖြစ်သည်၊ ကံကောင်းလျှင် ၎င်းတို့ အချင်းချင်း လူမျိုးရေး သွေးကွဲပြီး ပြန်တိုက်ကြမည် ဆိုလျင် မိမိတို့ဖက်မှပင် အသာစီး ရလာနိုင်သည်ဟု အတွေးများ ရှိနေကြသည်။

 

စဉ်းစားဉာဏ် ခေါင်းပါး နေကြ၍ မဟုတ်၊ ကိုယ်ကျိုး စီးပွား ကာကွယ်လိုစိတ် သက်သက်ဖြင့်သာ မင်းအောင်လှိုင်အား မျက်စိမှိတ် ထောက်ခံ နေကြခြင်း ဖြစ်သည်။

 

လက်ရှိတွင် ပျောက်ကြား စစ်မှ ရင်ဆိုင် စစ်ပွဲ အဆင့်သို့ ကူးပြောင်းသွားပြီ ဖြစ်သည့်တိုင် အနိုင်ရဖို့ ၅၀-၅၀ ဖြစ်နေသေးသည်ဟု ယူဆနေဆဲ ဖြစ်သည်၊ ၅၀ မှ ၂၅ ရာနှုန်း ဖြစ်လာမည် ဟု ထင်လာပါက ရာထူး စည်းစိမ် ကို မက်နေကြမည် မဟုတ်တော့။

 

ဤသည်ကား လက်ရှိ စစ်အရာရှိကြီးများ၏ ခံယူထားချက်ပင် ဖြစ်သည်၊ တိုင်းပြည် နစ်နာနေသည့် အရေးအားလည်း မည်သူမျှ ခေါင်းထဲ ထည့်မထားကြပေ။

 

၎င်းတို့ သွေးပျက် မတတ် ထိတ်လန့် နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေမည်ဟု ဩဂုတ်လ ၁၂ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!