မင်းအောင်လှိုင်၏ သွေးပျက် စကား

by Hla Soewai - Aug 18 2024

မင်းအောင်လှိုင်သည် ယမန်နေ့ည က ဂယောင် ခြောက်ချား ဖြင့် ရုပ်မြင်သံကြား ရှေ့ ထွက်ရပ်ကာ နိုင်ငံသို့ ၎င်းတို့ ရှုံးနိမ့်မှု များ ကို ဝန်ခံသွားခဲ့သည်။

 

၎င်း၏ စကားများထဲတွင် တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် နယ်စပ်ဒေသများ မှ တဆင့် အဆင့်မြင့် လက်နက်များ ရရှိနေပြီး၊ MNDAA အား ပြည်ပ ကြေးစား နည်းပညာရှင်များ" က အဆင့်မြင့် ဒရုန်းများ တပ်ဆင်ပေးထားသည်ဟု စွပ်စွဲ ပြောဆိုသွားသည်။

 

ယင်းသည် စစ်တပ်ကို ထောက်ခံနေသူ များ အတွက် မည်သို့မျှ အားတက်စရာ ဖြစ်မလာသည့် အပြင် ရေးထားသော စာရွက်ကို ဖတ်ပြနေခြင်း မျိုး ဖြစ်နေသည်။ "ငါ ကိုယ်တော်တိုင် ထွက်၍ ချေမှုန်း လတံ့" ဟူသော စကားမျိုး ပါမလာသည်ကိုပင် ကြိတ်၍ ကျေးဇူးတင်နေကြမည်သာ ဖြစ်သည်။

 

တရုတ်-မြန်မာ နယ်စပ်တွင် လက်နက် ခဲယမ်း မီးကျောက် စက်ရုံများ မည်သို့ မည်ပုံ ရှိနေသည်ကို ဆန်းစစ် ရမှာ ဖြစ်တယ်ဟု လည်း ဆိုသည်။

 

အမေရိကန်သည် MNDAA အား ဘိန်းလုပ်ငန်းများ နှင့် ဆက်စပ်နေသည်ဟု သံသယ ရှိထား၍ ခပ်ကင်းကင်း နေခဲ့သည်ကို အားလုံး အသိပင် ဖြစ်၍ ၎င်း၏ စကားသည် တရုတ်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင် မှ ထိုသို့ ပြောလာခြင်းသည် အကြောင်းများစွာ ရှိနေသည်၊ နာမည်တပ် မပြောရဲသော်လည်း တရုတ်၏ ကျုးကျော် ခံနေရပြီ ဖြစ်၍ လူထု တရပ်လုံး မှ ၎င်းတို့နှင့် ပူးပေါင်း တိုက်ပွဲဝင်ရန် နားလှည့် ပါးရိုက် စည်းရုံး လိုက်ခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ ညံ့ဖျင်းခြင်းကို ဖုံးဖိနိုင်ရန် ထိုသို့ ပြောလာသော စကား ကို ကြားခဲ့ရသူ များ အဖို့ တပ်မတော်နေ့ ဟု ဆိုကာ နှစ်စဉ် စစ်ရေး ပြ အခမ်းအနား များ တွင် ထုတ်ပြခဲ့‌သော လက်နက် ဆန်းများ၊ လေတပ်စခန်းများ မှ ဗုံးကြဲရန် ကောင်းကင်သို့ ထိုးတက်သွားသော တိုက်လေယာဉ်များကို မျက်စိထဲ မြင်ယောင်လာကြမည်သာ ဖြစ်သည်။

 

ဇော်မင်းထွန်းကလည်း ရမခ ဌာနချုပ်မှ စစ်အရာရှိ ကြီးများ အဖမ်းခံရသည် ဆိုသည်ကိုလည်း ထုတ်ဖေါ် ဝန်ခံ ခဲ့ရပြီ ဖြစ်သည်။

 

လားရှိုး ကို သိမ်းယူ နိုင်ခဲ့မှု ကြောင့် ပြင်ဦးလွင် နှင့် မန္တလေးကို တိုက်ခိုက် နိုင်ရန် လမ်းပွင့်သွားခဲ့ပြီဟု စင်္ကာပူ ရှိ မဟာဗျူဟာ လေ့လာရေး နိုင်ငံတကာ အင်စတီကျု မှ သုတေသီ ‌မိုက်ကယ် မော်ဂန် က မှတ်ချက်ချခဲ့သည်။

 

ပြည်သူတို့၏ အင်အားကို သုံးနှစ် ကျော်လာသည့် တိုင် ဖြိုခွင်း နိုင်ခြင်း မရှိသည်သာမက တနေ့တခြား အင်အား ကြီးထွားလာ‌ နေသည့် အဖြစ်ကို တုန်လှုပ်ခြင်းမက တုန်လှုပ်လာ‌ နေကြပြီ ဖြစ်၍ စစ်တပ်၏ လက်ပါးစေ ပါတီ ဖြစ်သော ကြံ့ဖွတ် ‌ခေါင်းဆောင် ခင်ရီ မှ ၎င်းတို့ ပိုနေမြဲ ကျားနေမြဲ ဆက်၍ စည်းစိမ်ခံစား နေနိုင်ရန် ရုရှားမှ စစ်ကူပေးရန် ပင် တောင်းဆိုလာပြီ ဖြစ်သည်။

 

ယင်းသည် မင်းအောင်လှိုင် ဦးဆောင်မှု အပေါ် ၎င်းတို့ တစက်ကလေးမျှ အယုံအကြည် မရှိတော့သည် သာမက တပ်တွင်းတွင်လည်း တစထက် တစ ပြိုကွဲ အစည်းပြေလာနေပြီကို တွေ့မြင်လာရ၍ ထိုသို့ ပြောလာခြင်းပင် ဖြစ်သည်။

 

မိမိတို အုပ်စု တစု လေး ကွက်၍ စည်းစိမ် ယစ်မူး နိုင်ရန် မြန်မာ တနိုင်ငံလုံးအား စစ်တလင်း အဖြစ် မီးလောင် တိုက်သွင်း ဖို့ပင် ဝန်မလေးကြတော့ပဲ ပက်စက်စွာ ကြံစည် နေကြခြင်း ဖြစ်သည်။

 

ထိုသို့ ကြီးမားသော အရှိန် အဟုန်ဖြင့် တောက်လောင်လာမည့် စစ်မီးကြီး သည် ၎င်းတို့ကို ထောက်ခံနေသည့် လူများ၊ ကြံဖွတ် ပါတီဝင်များ ဟူ၍ ခွဲခြား ချန်လှပ်ထားမည်ကား မဟုတ်ပဲ တမျိုးသားလုံးကို မီးလောင် တိုက်သွင်း သွားမည်သာ ဖြစ်သည်။

 

၎င်းတို့သည် နိုင်ငံတကာ တွင် ဖြစ်ပျက် နေသည်များကို သိနားလည် အောင် မကြိုးစား၊ မြန်မာ သည် အာဖရိက နိုင်ငံများလို အုတ်ရောရော ကျောက်ရောရော မဟုတ်၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်နေသည့် အပြင် အိမ်နီးချင်း တရုတ်သည် ၎င်းတို့ ရင်းနှီး မြုပ်နှံထားသော ‌ဘီလီယံပေါင်းများစွာ တန်သည့် စီမံကိန်း များကို အထိအခိုက် ခံမည် မဟုတ်၊ ရုရှားသည် ယူကရိန်း စစ်ကြောင့် တရုတ် မျက်နှာညိုမည့် အဖြစ်သို့ အရောက်မခံ။ မြန်မာလို နိုင်ငံ မျိုး အတွက် ငွေကုန်ကြေးကျလည်း ခံမည်မဟုတ်၊ အာဖဂန်နစ္စတန် နှင့်ပင် သင်ခန်းစာ ကောင်းစွာ ရရှိထားပြီး ဖြစ်သည်။

 

ရက် အနည်းငယ် အတွင်း ပြီးဆုံးသွားမည်ဟု အတွက်အချက် မှားခဲ့‌ သော ယူကရိန်း စစ်တွင်ပင် ရုရှားလူငယ်များ ယခုထိ နေ့စဉ်လို အသက်ဆုံးရှုံးနေရသည့် ကြားထဲ ၎င်းတို့ ကြားဖူးနားဝ သာ ရှိပြီး ဘယ်မှာရှိမှန်းပင် အတိအကျ မသိနိုင်သည့် မြန်မာ လို နိုင်ငံမျိုးကို စေလွှတ်ခံရမည့် အရေးကို မည်သို့မျှ လက်ခံကြမည် မဟုတ် ဆိုသည်ကိုလည်း တွက်ဆ နိုင်စွမ်း မရှိ။

 

အမေရိကန် နှင့် အနောက်အုပ်စု သည်လည်း ထိုအဖြစ်ကို ရေငုံနှုတ်ပိတ် လက်ပိုက်ကြည့်နေကြမည် မဟုတ်၍ စစ်တလင်း အဖြစ် ပြောင်းလဲသွားမည်သာ ဖြစ်သည်။

 

ထို့အတွက် ပြည်ပ အားကိုး ပုဆိန်ရိုး အဖြစ် ကိုယ့်ရှူး ကိုယ်ပတ် ခံရ ပြီး သမိုင်းတွင် နာမည်ဆိုး ကျန်ရစ်သွားသည်သာ အဖတ်တင်ပေတော့မည်။

 

မည်သို့ပင် ဆိုစေ မင်းအောင်လှိုင် နှင့် ခင်ရီ တို့၏ စကား များသည် ၎င်းတို့ ဟန်မဆောင် နိုင်လောက်အောင် သွေးပျက် မွှန်ထူ လာနေပြီ ဆိုသည်ကို ပြဆို‌ နေခြင်းသာ ဖြစ်‌ ပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!