ဒီလို ပုံ နှင့် စုံးစုံး မြုပ်ခံကြမည်လော

by Hla Soewai - Aug 18 2024

ထိုမေးခွန်းသည် စစ်ကောင်စီ သစ္စာခံ အရာရှိ အရာခံ များ အကြား တိုးတိုးတမျိုး ကျယ်ကျယ် တဖုံ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

မိမိတို့ နိုင်ငံသည် လူတဦး တယောက်၏ စဉ်းစား တ္စေးခေါ် နိုင်မှု တခုတည်း ဖြင့် စေစား ခံနေရသည့် အဖြစ်ကို သမဝါယမ စနစ် ကျင့် သုံး မည် ဆိုသည့် စကား နှင့် ပင် သိသာ ထင်ရှား ခဲ့ပြီ ဖြစ်သည်။

 

အဘယ်ကြောင့် ဆိုသော ယခုလို နှစ်ဆယ့်တစ် ရာစုကြီးထဲတွင် သမဝါယမ စနစ်ကြီးဆိုသည် ကို မည်သူမျှ ၎င်းအား အကြံပေးရဲမည် မဟုတ်သော ကြောင့်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်း စိတ်ကူးထဲ ပေါ်လာသမျှ နှင့် တိုင်းပြည်ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်ခဲ့ပြီး ဖြစ်သည်။ တစထက် တစ ဒလ ဟော ကျဆင်း လာနေသော‌ ငွေကြေး နှင့် တိုင်းပြည် စီးပွားရေး အတွက် ကြံရာမရ ဖြစ်လာသည့် အဆုံး ဆင်ဖမ်းမည် ကျားဖမ်းမည် သဘောဖြင့် ပြောမိပြောရာ ပြောလာခြင်းပင် ဖြစ်သည်။

 

လူထု ၏ စုဆောင်းငွေများသည်လည်း ၎င်း အာဏာ မသိမ်းမီကထက် လေးဆ ခန့် ဆုံးရှုံးသွားခဲ့သည်။

 

၎င်း အာဏာ တည်မြဲ နေသရွေ့ တိုင်းပြည်သည် ချွတ်ခြုံကျသည်ထက် ကျလာနေပြီး ပြန်လည် ထူ ထောင် နိုင်ရန် အချိန်‌ ‌တွေ ယူ သည်ထက် ယူရမည့် အပြင် ကုန်ကျစရိတ်လည်း များသည်ထက် များလာပေတော့မည်။

 

နိုင်ငံ စီးပွားရေး အားလည်း မလုပ်တတ် မကိုင်တတ် ဖြစ်လာက ခြိမ်းခြောက် အကျပ် ကိုင်ပြီး ဆက်ကြေး ကောက်သည့် နည်းလမ်းမျိုး ဖြင့် လုပ်ငန်းရှင်များပါမကျန် ဖမ်းဆီး ထောင်ချသည့် အထိ လူကြား မကောင်း အမှားမှား အယွင်းယွင်း လုပ်လာခဲ့သည်။

 

ပြည်သူများ အပေါ်လည်း ဝေသာလီ ပြည်ကို ဘီလူး ဝင်သလို မြန်မာ သမိုင်းတလျောက် မကြုံဖူး မကြားဖူးသော ရက်စက်မှု ပေါင်း နည်းမျိုးစုံ ကျုးလွန်ခဲ့ကြသည်၊ လူ ပေါင်း သုံးသန်းခန့်အားလည်း အိုးမဲ့ အိမ်မဲ့ ဘဝ ရောက်အောင် တွန်းပို့ခဲ့ပြီး ဖြစ်သည်။

 

စစ်ရေး တွင်လည်း ဒေသတွင်းရှိ တပ်ရင်းပေါင်း ၄၀ ခန့်အား ကွပ်ကဲနေသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်လွှတ်လိုက်ရယုံ့မက ဗိုလ်ချုပ် တဦး၊ ဗိုလ်မှုး ချုပ် အဆင့် ရှိသူ တဦး ဖမ်းဆီးခံရပြီး တိုင်းမှုး အဖြစ် စေလွှတ်ခံရသူ သည်လည်း လမ်းခုလတ်မှာပင် ထွက်ပြေး သွားပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

အရှေ့မြောက် တခွင် တွင် မင်းအောင်လှိုင် တပ်များ ခြေချခွင့် မရ နိုင်လောက်သည် အထိ ဆိုးဆိုးရွားရွား အထိနာ သွားခဲ့ရပြီ ဖြစ်သည်။

 

လက်အောက်ခံ စစ်အရာရှိများ အဖို့ ၎င်းတို့ အရင်ကလို တိုင်းပြည်၏ အသီးအပွင့် နှင့် အကျိုး အမြတ်များကို ဘယ်သူ့ကိုမျှ လူမထင်ပဲ ဆက်၍ လက်ဝါးကြီးအုပ် စားသုံး နိုင်ရန် စစ်ကို အနိုင်တိုက်မှ ဖြစ်မည်၊ ထို့ အတွက် မင်းအောင်လှိုင်ကို အရင်ဦးဆုံး ဖယ်ရှားနိုင်မှ ဖြစ်တော့မည်ဟု ယူဆလာကြတော့မည် က မလွဲဧကန်ပင် ဖြစ်သည်။ ၎င်းတို့ ၏ စားပွဲဝိုင်းမှ ကျလာသော အရိုးအရင်းများကို ပင်နတ်သုဒ္ဒါ အလား ထင်မှတ်နေသူများ ကလည်း ထိုသို့ ယူဆလာကြပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခုအချိန်ထိ ‌စေ့ဆပ်ဆွေး‌နွေးရန် လေသံ မဟသေး၊ အကြံပေး ဖြစ်သူ ကိုကိုလှိုင် ကိုပင် ကမ္ဘောဒီယား သို့ အထူး သံ အဖြစ် စေလွှတ်ခဲ့သည်။ ဟွန်ဆန် အား လက်ရှိ ရှမ်းမြောက် တွင် အရေးနိမ့်နေမှု များ အတွက် ဝင်ရောက် ဟန့်တားပေးရန် တရုတ်အား ဖြောင်းဖျ ပေးဖို့ ပြောခိုင်းခြင်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ယုံကြည်နေကြသည်ဟု ဧရာဝတီ သတင်း တွင် ရေးသားထားသည်။

 

ပြည်ပ ‌လေ့လာသူများက လားရှိုး အောင်ပွဲကို ကြည့်၍ စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့ များ အကြား မဟာဗျုဟာ ပိုင်းတွင် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု နှင့် စွမ်းဆောင်ရည်များ မြင့်တက်လာနေပြီ ဟု မှတ်ချက်ချခဲ့ကြသည်ဟု CNN သတင်းတွင် ပါရှိလာခဲ့သည်။

 

ပြီးခဲ့သည့် ခြောက်လ မှ ရှစ်လ အတွင်း အောင်မြင်မှု များ ဆထက်တံပိုး ရရှိလာခဲ့သည်ကို ကြည့်မည် ဆိုက တော်လှန်‌ ရေး တပ်ဖွဲ့များ အထူးသဖြင့် ညီနောင် သုံး‌ ဖေါ် မဟာမိတ် အဖွဲ့တွင် လက်နက်ကြီးများ၊ ဒရုန်းများ အပါအဝင် လက်နက်အင်အား အပြည့်အစုံ ရှိလာပြီး အရေးပါသည့် အထိုင်စခန်းများကို တိုက်ခိုက် နိုင်စွမ်း ရှိလာပြီ ဖြစ်သည်ဟု ဩစတေးလျှ မဟာဗျူဟာ ပေါ်လစီ အင်စတီကျု မှ သုတေသီ နေသန် ရူဆာ က ဆိုသည်။

 

ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်များက တရုတ်နှင့် ‌ဖက်စပ် အကောင်အထည် ဖေါ်နေသော မန္တလေး နှင့် မိုင် ၁၅၀ အကွာရှိ တကောင်းတောင် နီကယ် သတ္တုတွင်းကို သိမ်းပိုက် ထားနိုင်ပြီ ဖြစ်၍ တရုတ် အဖို့ NUG နှင့် ဆက်ဆံသွားဖို့ စဉ်းစားလာနေချိန်လည်း ဖြစ်သည်။

 

ထိုသို့ အောင်ပွဲ များ အလီလီ ရရှိခဲ့ပြီး တော်လှန်ရေး အား အလှည့်အပြောင်းကြီး ဖြစ်အောင် ကြံဆောင်ပေးခဲ့သည့် မြန်မာ အမျိုးသား ဒီမိုကရက် မဟာမိတ် တပ်တော် MNDAA နှင့် တပ်ပေါင်းစု အား ချီးကြူး ဂုဏ်ပြု အပ်ပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!