အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို အပြီးအပိုင် သိမ်းပိုက် နိုင်ပြီ

by Hla Soewai - Aug 18 2024

ဩဂုတ်လ ၃ ရက် နေ့တွင် စစ်ကောင်စီ တပ်သားများသည် လားရှိုး ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အား ခုခံ ကာကွယ်ရင်းဖြင့် စစ်အနိုင်တိုက်ရေး ထက် မင်းအောင်လှိုင်အတွက် ‌ေ-သ ပေးနေရသော ၎င်းတိူ့၏ အဓိက တာဝန်ကို စွန့်လွှတ်ကာ ဆုတ်ခွာ ထွက်ပြေး သွားကြပြီ ဖြစ်၍ MNDAA မှ လုံးဝ ထိန်းချူပ် နိုင်လိုက်ပြီ ဖြစ်သည်ကို ဓါတ်ပုံ အထောက်အထား များ နှင့် ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

ဟိမဝန္တာ တောင်ခြေ မှသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် အကြား တိုင်းစစ်ဌာနချုပ်ပေါင်း ၁၄ ခု ရှိသည့် အနက် ရမခ သည် တတိယ အကြီးဆုံး ဖြစ်သည်၊ ထိုအထဲတွင် စစ်တိုင်းဌာနချုပ် ၁၀ ခုသည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေကြရသည်ဟု AFP သတင်းတွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်သည် နာမည် တပ် မပြောသောလည်း ၎င်း၏ တပ်များ တောက်လျောက် အရေး နိမ့်လာနေမှု ကို တရုတ်အား အပြစ်ဖို့ လိုက်ပြီ ဖြစ်သည်။ ၎င်းက အချို့နိုင်ငံများသည် လက်နက်ကိုင် အဖွဲ့များအား ‌လက်နက်များ၊ နည်းပညာများ၊ အ‌စားအသောက်၊ ဆေးဝါး နှင့် အုပ်ချုပ်ရေး ပိုင်း ပါ မကျန် အကူအညီ ပေးနေသည်ဟု ပြီးခဲ့သည့် ကာလုံ အစည်းအဝေး တွင် ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

 

မင်းအောင်လှိုင်သည် ဒုစစ်တိုင်းမှုး ဗိုလ်မှုးချုပ် အဆင့်ရှိသူ တဦး ကျဆုံးသွားရမှု နနှင့် အတူ လားရှိုးအား လက်လွှတ်လိုက်ရမှု ကို လက်တုံ့ပြန်သည့် အနေဖြင့် MNDAA ဌာနချုပ် ရှိရာ လောက်ကိုင် ကို လေးကြိမ် မြောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

 

တရုတ်သည် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့် နိုင်ရန် အတွက်သာ ဟိုင်ဂင် သဘောတူညီချက် ထွက်ပေါ်လာအောင် ကြားဝင်ပေးခဲ့ခြင်း ဖြစ်သည်။

 

သို့သော် ထိုသဘော တူညီချက်အရ ညီနောင် သုံးဖေါ် ၏ ထိန်းချုပ် နယ်မြေများကို စစ်ကောင်စီမှ အသိအမှတ် ပြုရမည်၊ အပြန်အလှန် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်မည် ဖြစ်သည်၊ သို့သော် ပြန်ပွင့်လာလျင်လည်း စစ်တပ်သည် မည်ကာမတ္တာ အဆင့်မျှသာ ပါဝင်ရတော့မည့် အနေအထား ဖြစ်လာသည်။

 

စစ်တပ်သည် ၎င်းတို့ မျက်နှာငယ်ငယ် နှင့် ပြန်လည် စတင်ရမည် အဖြစ်ကို လောလောဆယ် အံကြိတ်၍ လက်ခံ လိုက်ရသော် လည်း တဖက်တွင် လက်နက် လူသူ အင်အား များ ကို အတင်းအကျပ် စစ်သား စုဆောင်းသည့် နည်လမ်းများ ပါမကျန် သုံး၍ လားရှိုး နှင့် မန္တလေး ဒေသတဝိုက် တွင် စုရုံးလာနေသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါ၏ ဆောင်းပါးတွင် ‌ဖေါ်ပြလာခဲ့သည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

၎င်းတို့၏ လုပ်ရပ်ကို ညီနောင် သုံးဖေါ်က ကောင်းစွာ ရိပ်စား မိနေပြီး မတ်လ အတွင်း ကချင် လွတ်လပ်ရေး တပ်တော်မှ စတင် ထိုးစစ်ဆင်လာခဲ့မှု ကြောင့် စစ်တပ်သည် ရှမ်းမြောက်မှ တပ်အင်အား များ ထုတ်နှုတ် အသုံးပြုလာရ၍ ပိုပြီး ရဲတင်းလာခဲ့သည်။ ၎င်းတို့ အတွက် ၁၀၂၇ ဒုတိယ လှိုင်း ကို စတင်ရန် အခြေအနေကောင်းများ ဖန်တီးလာပြီဟု တွက်ဆလာခဲ့သည်။

 

မေလ အတွင်း အပစ်ရပ်ရေး ဆွေးနွေးပွဲ မစတင်မှီ မှာပင် စစ်ကောင်စီ တပ်များသည် TNLA ကို အလုံးအရင်း စတင် တိုက်ခိုက်လာပြီး ရရှိထားသော ဟိုင်ဂင် သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာခဲ့သည်။ ၎င်းတို့ အသာစီးရလာက ‌‌မျက်နှာငယ်‌ နေရသည့် အဖြစ်မှ ဆွေးနွေးသည့် အခါ အထက်စီး က နေ၍ ပြောနိုင် ဆိုနိုင်တော့မည်ဟု ယူဆ၍လည်း ဖြစ်သည်။

 

သို့သော် TNLA ၏ အပြင်းအထန် ခုခံ မှု နှင့် ကြုံခဲ့ရပြီး စစ်တပ် ကိုယ်စားလှယ် တဦးတလေကိုမျှ ၎င်းတို့ ထိန်းချုပ် နယ်မြေများထဲသို့ ခြေချခွင့် မပြုတော့သည် အထိ ဖြစ်လာသည်။ ဤသည်ကပင် ဆွေးနွေးပွဲ၏ ရည်မှန်းချက် ဖြစ်သော ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်ရေးသည် ပျက်ပြားသွားခဲ့ရသည်။

 

ထိုသို့ ပျက်ပြားသွားခဲ့ရမှု အပေါ် တရုတ်မှ စစ်ကောင်စီ ကြောင့် ဖြစ်ရသည်ဟု ယူဆလာခဲ့သည်။ ထိုသို့ ပျက်ပြားသွားပြီး နှစ်ပတ် အကြာ ‌ဇွန်လ ၁ ရက်နေ့တွင် ကိုးကန့်ဒေသအား အင်တာနက်၊ လျပ်စစ်မီး နှင့် ရေ တို့ကို ပြန်လည် ထားရှိပေးခဲ့သည်။ ယခင်က MNDAA အား အကျပ်ကိုင်နိုင်ရန် ပိတ်ထားခဲ့ခြင်းလည်း ဖြစ်သည်။ 

 

နောက်ပိုင်း သုံးပတ် အကြာတွင် မိုးမိတ်ရှိ TNLA တပ်စခန်း အား စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်လာမှု ကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း စတင်လိုက်ပြီ ဖြစ်ကြောင်း TNLA က ကြေညာလိုက်သည်။

 

စစ်တပ်သည် အင်အား အလုံးအရင်း ဖြင့်သာ ဆုံးရှုံးသွားသော နယ်မြေများ ပြန်ရနိုင်မည်ဟုသော ဗျူဟာကို ကျင့်သုံးလာခဲ့သည်။ ဖက်ဒရယ် နိုင်ငံရေး ညှိနှိုင်းမှု နှင့် အတိုင်ပင်ခံ ကော်မတီ FPNCC တွင် ပါဝင်နေသော တိုင်းရင်းသား ခုနှစ်ဖွဲ့ အကြား ခလောက်‌ဆန်ရန်လည်း ရည်ရွယ်ခဲ့သည်။ ဇန်နဝါရီ မှ ဇွန်လ အတွင်း MNDAA, UWSA, KIA, TNLA, SSA တို့ အကြား နယ်မြေ ဖြတ်သန်းမှု နှင့် ပတ်သက်ပြီး မကျေမလည် ဖြစ်လာမှု ကို တွေ့မြင်နေရသော ကြောင့် ဖြစ်သည်။

 

ဧပြီ နှင့် မေလ အကြား MNDAA နှင့် TNLA အကြား ညီညွတ်ရေး ပျက်ပြားရန် TNLA အား မသိမသာ တိုက်ခိုက်လာခဲ့သည်။ MNDAA သည် ၎င်းတို့ လိုလားသည့် နယ်မြေ များ ရရှိသွား၍ ကျေနပ်နေမှု နှင့် အတူ လေကြောင်းမှ တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်ထားမှု ကြောင့် ရှမ်းပြည်တောင်ပိုင်း အထိ ဆက်တိုး မလာနိုင်ဟု ဗိုလ်ချုပ်များက တွက်ဆကောင်း တွက်ဆထားဖွယ် ရှိနေသည်။

 

ထိုသို့ တွက်ဆထားမည် ဆိုက အမှားကြီး မှားသွားပြီ ဆိုသည်ကို နောက်ပိုင်းတွင် တွေ့လာရသည်။

 

၎င်းတို့ မျှော်လင့်သလို ညီနောင်သုံးဖေါ်၏ သွေးစည်း မှု သည် ယုတ်လျော့မသွားသည့် အပြင် TNLA အား တိုက်ခိုက်လာသည်ကို ကြည့်ပြီး စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေး ဖြင့် ‌ဆုံးရှုံးခံလိုက်ရသော နယ်မြေများ ကို မည်သို့မျှ လက်လွှတ်ခံမည် မဟုတ်ပဲ TNLA ကို ချေမှုန်းနိုင်ပါက ၎င်းတို့ ဖက် လှည့်လာတော့မည်ဟု တွက်ဆလာခဲ့ပြီ ဖြစ်သည်။

 

ထို့အတွက် ဇွန်လ ကုန်ပိုင်းတွင် စတင်ခဲ့သော TNLA ၏ ဒုတိယလှိုင်း တွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ အွန်လိုင်း အက်ဆေး တပုဒ်တွင် MNDAA ၏ စစ်ရေးမဟာဗျုဟာ ပညာရှင်တဦးက "လားရှိုး ကို မသိမ်းနိုင်က လောက်ကိုင်ကို စိတ်မချရ" ဟု ရေးသားခဲ့သည်။

 

စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် တရုတ် နှင့် ဝ တို့ အကြား စိုးရိမ်မကင်းစရာ များ ဖြစ်လာသည်။ ဝ သည် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် စစ်ရေး အရ အခိုင်အမာ မဟာမိတ် ပြုထားပြီး တဖက်တွင်လည်း စစ်တပ် နှင့် စီးပွားရေး အရ ဆက်ဆံမှု များ သိသိသာသာ ရှိနေသည်။ ၎င်းတို့၏ မဟာမိတ် လက်နက်ကိုင် အဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားလာမည့် အရေး နှင့် နယ်ခြားဒေသ တည်ငြိမ်ရေး အား ထိခိုက်လာမည်ကို တရုတ် အစိုးရ နှင့် ဝ တို့ က မလိုလားကြပေ။

 

SSA (မြောက်) နှင့် TNLA အကြား ပဋိပက္ခ ကို ဝ မှ ဖြန်ဖြေ ပေးခဲ့သည်ကို တရုတ်မှ ကြိုဆိုကောင်း ကြိုဆိုနိုင်သည်။

 

ဇူလိုင် လ လယ်တွင်တော့ စစ်တပ်ဖက်မှ မရှူမလှ အရေး နိမ့်လာခဲသည် နှင့် အတူ ညီနောင် သုံးဖေါ် နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ အကြား လက်ချင်းပို၍ ချိတ်ဆက်မိလာကြသည်။

 

လားရှိုး အား MNDAA သိမ်းယူနိုင်မှု အား လက်တုံ့ပြန်သည့် အနေဖြင့် ‌တရုတ် နှင့် ကီလိုမီတာ အနည်းငယ်သာ ကွာသော လောက်ကိုင်အား ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သား များ သေဆုံးနေမှု သည် တန်ပြန် သက်ရောက်မှု များ ဖြစ်လာနိုင်သည်။ MNDAA တို့ ‌လားရှိုး အား တိုက်ခိုက်နေမှုသည်လည်း ကြောင်းကျိုး ဆီလျော်သည်ဟု တရုတ်ဖက်က ယူဆလာမည် ဖြစ်သည်။

 

လားရှိုး အား ‌လေကြောင်းမှ တိုက်ခိုက်လာပါက မြို့တွင် ရှိနှင့်ပြီး ဝ တို့၏ အကျိုးစီးပွားများ အကြီး အကျယ် ထိခိုက်သွားဖို့ ရှိနေ၍ ဇူလိုင် ၂၉ တွင် ဝ တပ်များ ဝင်ရောက် နေရာယူလာခြင်းပင် ဖြစ်သည်။

 

တရုတ်သည် ယခုထိ NUG အား ပစ်ပယ်ထားသည်ကို ကြည့်ပါက ၎င်းတို့ အကျိုးစီးပွားကိုသာ ကြည့်ပြီး မြန်မာတို့၏ ဒီမိုကရေစီ အရေးကို စိတ်မဝင်စား ဆိုသည်မှာ သိသာနေသည်။ ၎င်းတို့ အကျိုးစီးပွား ရှိရာဒေသများမှ လွဲ၍ တနိုင်ငံလုံး ငြိမ်းချမ်းရေး ပိုမို ကျယ်ပြန့်စွာ ရရှိရေး ကိုလည်း လျစ်လျုရှုထားသည်။

 

လက်ရှိတွင် ညီနောင် သုံး ဖေါ် ၏ တောင်းဆိုမှု များကို လိုက်လျောမှု မရှိ၍ ဖြစ်လာရသည်အတွက် စစ်ကောင်စီ တွင် တာဝန် အရှိဆုံးဟု တရုတ်ဖက်မှ ယူဆလာသည်၊ သို့သော် ရှမ်းမြောက်တွင် အပစ်အခတ် ရပ်စဲရန် ညီနောင်သုံးဖေါ် နှင့် စစ်တပ် အား ဖိအားများ တိုးပေးလာဖို့ ရှိ‌ နေ သည်။ ယင်းသည် ဝ တို့ အတွက် တန်ဖိုးနည်နည်း ဖြင့် အကျိုးများ ဖို့ ဖြစ်လာပေမည်။

 

တရုတ်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ပလက်ဖေါင်း ဖြင့် မြန်မာ အရေး ပို၍ စွက်ဖက်လာဖို့ ရှိနေ၍ အိန္ဒိယ၊ အာဆီယံ၊ အမေရိကန် နှင့် အင်ဒို-ပစိဖိတ် ဒေသ အကျိုးတူ နိုင်ငံများ အတွက် စိုးရိမ်ဖွယ် အနေအထား ရောက်လာနိုင်ပေသည်။

 

စစ်တပ်သည် ရှေ့လျောက် အရှုံးများ နှင့် ရင်ဆိုင်လာရသည် နှင့် အမျှ တရုတ် မျက်နှာသာ ပေးထားသည့် MNDAA နှင့် ဝ တို့ ခေါင်းထောင် ထ လာမှု နှင့် အတူ နိုင်ငံရေးလားရာသည် အာဏာရှင် လမ်းကြောင်းသို့ ဦးတည်လာတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!