မင်းအောင်လှိုင် အပေါ် တရုတ် ၏ တနေ့တခြား စိတ်ပျက်လာနေမှု

by Hla Soewai - Aug 04 2024

စစ်ကောင်စီ သည် အရေးပေါ် အခြေ အနေကို နောက်ထပ် ၆ လ သက်တမ်းတိုးရန် ပြင်ဆင်လာနေသည် နှင့် အမျှ ဘီဂျင်း သည် မင်းအောင်လှိုင် အား နိုင်ငံရေး အရ အဖြေရှာရန် တောင်းဆိုနေမှု အား လျစ်လျု ရှု နေမှု ကြောင့် တနေ့တခြား စိတ်ပျက်လာနေပုံ ရသည်ဟု ဝါရှင်တန် စစ်ကောလိပ် ရှိ မြန်မာ အရေး လေ့လာသုံးသပ်နေသူ ပါမောက္ခ ဇာခါရီ အဘူဇာ မှ RFA တွင် ယခုလို ရေးသားထားသည်။

 

ဘီဂျင်းသည် ထိုသို့ သက်တမ်းတိုးခြင်းအား လက်မခံ နိုင်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ပြီး လက်ရှိ အကျပ်အတည်း မှ လမ်းခွဲထွက် နိုင်မည့် အဖြေမျိုးရှာရန် အကြိမ်ပေါင်း များစွာ အရိပ်အမြွက် ပြထားပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်းခဲ့မှု အား တရုတ်က လက်ကမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်၏ အကျိုးစီးပွား ကို ထိခိုက်စရာ ဖြစ်လာစေသည့် နိုင်ငံရေး မတည်ငြိမ်မှုများ၊ NCA ပြိုကွဲသွားမှု၊ ကျောက်ဖြူ ဆိပ်ကမ်း အပါအဝင် တရုတ်၏ စီးပွားရေး စင်္ကြန် လမ်း စီမံကိန်းများ ရပ်ဆိုင်းသွားမှု များ တွေ့လာခဲ့ရသည်ဟု လေ့လာသူများက ဆိုသည်။

 

တရုတ်သည် NLD အား ဖျက်သိမ်းခြင်း မပြုရန် နှင့် အာဆီယံ ၏ အချက် ငါးချက် ကို လိုက်နာရန် စစ်ကောင်စီအား ဖိအားပေးလာခဲ့သည်။ ၂၀၂၂ မတ်လ တွင် တိန် ရှီချွန်း အား မြန်မာ ဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်ခဲ့သည်။

 

၂၀၂၂ နှစ်လည် ပိုင်းတွင် NUG နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်များ မနိုင်လာက်တော့ဟု ယူဆလာပုံရပြီး စစ်ကောင်စီ နှင့် ယခင်ကထက် တိုး၍ ဆက်ဆံလာခဲ့သည်။ ထိုသို့ တရုတ်မှ နိုင်ငံရေး နှင့် သံတမန်ရေးအရ ထောက်ခံမှု ပေးလာသော်ငြားလည်း စစ်ကောင်စီ သည် အာဏာကို ချုပ်ကိုင် နိုင်စွမ်း မရှိ ဖြစ်လာနေသည်။ ၁၀၂၇ စစ်ဆင်ရေး စလာချိန်တွင်တော့ တရုတ် နယ်ခြား နှင့် ကပ်နေသော နယ်မြေ အများအပြားကို လက်လွှတ်လိုက်ရသည်။

 

ကချင် လွတ်လပ်ရေး တပ်များကလည်း နောက်ပိုင်းတွင် ထိုးစစ်ဆင်လာခဲ့ပြီး ယခုအခါ ကချင် ပြည်နယ်အတွင်းရှိ နယ်ခြား ဂိတ်များ အားလုံးကို သိမ်းယူနိုင်ခဲ့သည်။

 

ဇန်နဝါရီ ၁၀ ရက်တွင် တရုတ်မှ ကြားဝင် ပြီး အပစ်ရပ်ရေး စီမံပေးခဲ့သော်လည်း မြန်မာ စစ်တပ်မှ တိုက်လေယာဉ်များ၊ လက်နက်ကြီး များ နှင့် ဆက်၍ ပစ်ခတ်နေသဖြင့် အင်အားပြသည့် အနေဖြင့် နယ်စပ်တွင် ကျည် အစစ် သုံး စစ်ရေး လေ့ကျင့်မှု များ လုပ်ပြီး သတိပေးလာရသည်။

 

စစ်ရေး တွင်သာမက စီးပွားရေး ဖက်တွင်လည်း စီမံခန့်ခွဲမှု များ အလွဲလွဲ အချော်ချော် ဖြစ်လာနေခြင်းကြောင့်လည်း ပို၍ စိတ်ပျက်လာခဲ့သည်။

 

ဘီဂျင်းသည် မင်းအောင်လှိုင် အပေါ် တခါဖူးမျှ ယုံကြည် စိတ်ချခြင်း မရှိခဲ့ပေ၊ ၎င်းတို့ အမြင်တွင် သုံးစားမရသူ၊ အရှက်ရအောင် လုပ်နေသူ ဟုသာ ရှုမြင်ထားခဲ့သည်။ ထို့အတွက်လည်း ၎င်းအား တရုတ်ပြည်သို့ ခြေချ ခွင့်ကို အမြဲလို ငြင်းဆိုနေခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခုအခါ မင်းအောင်လှိုင်သည် နိုင်ငံကို တည်ငြိမ်အောင် ထိန်းနိုင်စွမ်း မရှိတော့သည်မှာ သေချာသည်ထက် သေချာလာနေပြီ ဖြစ်သည်။ ၎င်း ဖန်တီး၍ ဖြစ်လာသည့် အကျပ်အတည်းကြီးမှ ခွဲထွက်နိုင်ဖို့ ရွေးကောက်ပွဲ လုပ်ရန် တရုတ်က နှုတ်အားဖြင့် တွန်းတွန်း တိုက်တိုက် လုပ် လာခြင်းပင် ဖြစ်သည်။

 

ပြီးခဲ့သည့် လ အတွင်း စစ်တပ်မှ အဆင့်မြင့် ခေါင်းဆောင်ပိုင်း အား ဘီဂျင်းသို့ ဆင့်ခေါ်ခဲ့သည်။ ထိုအထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာရသည်က ယခင် သမ္မတဟောင်း ဦးသိန်းစိန်၏ ခရီးစဉ်ပင် ဖြစ်သည်၊ ထိုခရီးစဉ် အတွင်း မင်းအောင်လှိုင် အား အရှက်ရစေရန် သမ္မတ ရှီကျင့်ပင် မှ ဦးသိန်းစိန်အား လက်ဆွဲ နှုတ်ဆက်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ မှလည်း "မိတ်‌ ဆွေ ဟောင်းကြီး" ဟု ခေါ်ဝေါ် ပြောဆိုခဲ့ပြန်သည်။

 

၂၀၁၀ နောက်ပိုင်း သိန်းစိန်၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အပေါ် တရုတ်က စိုးရိမ်မကင်း ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းအား အရည်အချင်း ရှိ ခေါင်းဆောင်တဦး အဖြစ် ရှူမြင်လာခဲ့ပြီး မင်းအောင်လှိုင် နှင့် ယှဉ်လျှင် အပုံကြီး ခြားနားနေမှန်းလည်း သိလာခဲ့သည်။

 

စင်္ကာပူ CNA သတင်းဌာနမှ ဝမ်ယီသည် မင်းအောင်လှိုင်အား ရာထူး မှ နှုတ်ထွက်ရန် သိန်းစိန်မှ တဆင့် စကားစ ခဲ့သည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

 

တရုတ်သည် ယခုနှစ် အတွင်း ရွေးကောက်ပွဲ လုပ်ရန် သိသိသာသာပင် တောင်းဆိုလာပြီး နိုင်ငံတကာ နှင့် အာဆီယံ တို့မှ လက်ခံခဲ့ဖူးသည့် သိန်းစိန်အားလည်း ကြားကာလ အစိုးရ ကို ဦးဆောင်စေချင်ပုံ ရှိသည်။

 

တဖန် ဘီဂျင်းသည် စစ်ကောင်စီ၏ ဒုခေါင်းဆောင် စိုးဝင်းအား ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ စိမ်းလန်း စိုပြေ ဖိုရမ်သို့ ဖိတ်ခေါ်ခဲ့ပြန်သည်။ ယင်းသည် စစ်ကောင်စီ၏ အဆင့်မြင့်ဆုံး ခရီးစဉ် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သဘောမျိုး မဟုတ်ပဲ နိုင်ငံတကာ ညီလာခံ တက်ရန် ပုံစံမျိုး နှင့် ဖြစ်သည်။

 

စိုးဝင်း ဖက်ကလည်း စစ်ရေး နှင့် သံတမန်ရေး အရ ထောက်ခံနေမှူ များ ခိုင်မာသည်ထက် ခိုင်မာအောင် ကြိုးပမ်းလိုသော်လည်း ဘီဂျင်းမှ စစ်ခေါင်းဆောင် ပိုင်းအား တိုက်ရိုက် စကား ပြောခွင့်ရနိုင်သည့် အတွက် ရွေးကောက်ပွဲ ရက် အတိအကျ သတ်မှတ်ရန် ဖိအားပေးလာခဲ့သည်။

 

ဇူလိုင်လ လယ်ထဲတွင် USDP ဦးဆောင်သည့် နိုင်ငံရေး ပါတီများ ဆိုသည်ကို ဆင့်ခေါ်ခဲ့ပြန်သည်။

 

သို့သော် စစ်ကောင်စီ သည် ရွေးကောက်ပွဲ ရက်ကို အတိအကျ မသတ်မှတ်ပဲ ဝေ့လည် ကြောင်ပတ် ဆက်လုပ်နေခဲ့သည်။

 

ဇွန်လ ၂၅ ရက်တွင် မင်းအောင်လှိုင်သည် ဘီဂျင်းမှ သဘောကျလို ကျငြား ဆိုကာ တရုတ်နှစ်သစ်ကူး ရက် အား တရားဝင် ရုံးပိတ်ရက် အဖြစ် ကြေညာပြီး သနားစဖွယ် မျက်နှာလို မျက်နှာရ လုပ်ခဲ့သည်။

 

စစ်ကောင်စီ သည် တရုတ်၏ စစ်ရေး အကူအညီ ဖြင့် အသာစီးရလာမှသာ ရွေးကောက်ပွဲ လုပ်နိုင်မည် ဖြစ်သည်။ တရုတ်မှ လောလောဆယ် တွင် လက်နက် နှင့် နည်းပညာရှင်များ၊ ထောက်လှန်းစောင့်ကြည့်နိုင်ရန် ဆော့ဖ်ဝဲယား နှင့် နည်းပညာ အကူအညီများ ပေးနေဆဲပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တရုတ်မှ မည်မျှပင် ဖိအားပေးနေသော်လည်း ရာထူးမှ ဆင်းပေးမည့် အရိပ်အယောင်ပင် မတွေ့ရသည့် အပြင် ယာယီ သမ္မတ အဖြစ်ပင် ၎င်းကို ၎င်း ပြန် ခန့်ခဲ့သည်။

 

တရုတ်ဖက်မှ ဆူဆူပူပူ လုပ်နေသော်လည်း ဩဂုတ်လ ၁ ရက်တွင် ကြိမ်းသေပေါက် အရေးပေါ် အခြေအနေကို သက်တမ်း တိုးမည်သာ ဖြစ်သည်။ အချို့ကလည်း တရုတ် ကျေနပ်စေရန် ယာယီသမ္မတ ရာထူးကို သိန်းစိန်အား လွှဲပေးကောင်း လွှဲပေး နိုင်သည်ဟု ခန့်မှန်းနေကြသည်။

 

တရုတ်ကို အာခံမည် ဆိုက မင်းအောင်လှိုင် အတွက် မည်သို့မျှ အခြေ အနေ ကောင်းလာဖွယ် မရှိပေ။

 

ညီနောင် သုံးဖေါ် မဟာမိတ် အဖွံ့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ကို ဇွန်လ အတွင်း ပြန်လည် စတင်လာချိန်တွင် တရုတ်သည် ယခင်ကလောက် ဖိအားပေးခြင်းမျိုး မလုပ်တော့ပဲ ဇူလိုင် ၂၀ တွင် အပစ်ရပ်ရေး ‌ဆွေးနွေးပေးခဲ့သော်လည်း တရက်ပင် မခံခဲ့ပေ။

 

တရုတ်သည် နောက်ပြန် လျိုနေခဲ့သဖြင့် MNDAA သည် လားရှိူး ကို ထိန်းချုပ် နိုင်လိုက်ပြီး TNLA သည် မိုးကုတ် ကို ရရှိသွားခဲ့သည်။

 

ဇူလိုင် ၁၄ တွင် စစ်တပ်သည် လောက်ကိုင်အား ဗုံးကြဲ တိုက်ခိုက်လာခဲ့၍ တရုတ် တို့ ပို၍ပင် ဒေါသ ထွက်လာခဲ့သည်။

 

စစ်တပ်ကို အားကိုးမရမှန်း သိ၍ တရုတ်သည် ၎င်းတို့၏ ကိုယ်ပွား ဖြစ်သော ဝ တပ်များကို သုံး၍ ညီနောင် သုံးဖေါ်အား ရှေ့ဆက်မတိုးရန် ထိန်းချုပ်စေခဲ့သည်။

 

နိုင်ငံ အနောက်ခြမ်း တွင် တော့ တရုတ်၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်း ဖြစ်ပေါ်လာနေ‌သော ပကတိ မြေပြင် အခြေအနေများ နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

AA သည် ကျောက်ဖြူ ကို သိမ်းပိုက်ခြင်း မရှိသေး‌သော်လည်း တရုတ်၏ အထူး စီးပွားရေး ဇုံအား ဝိုင်းပတ် ပိတ်ဆို့ထားပြီး ဖြစ်သည်။ တရုတ် တို့ အဖို့ ဆက်၍ အကောင်အထည် ဖေါ်လိုပါက AA နှင့် ဆွေးနွေး ရတော့မည် ဖြစ်သည်။

 

လက်ရှိ စစ်ကောင်စီ နှင့် ဆက်၍ ပူးပေါင်းနေသည်က အွန်လိုင်း ငွေလိမ့်ဂိုဏ်းများ နှိမ်နှင်းရေး ဖြစ်ပြီး ၂၀၂၃ စက်တင်ဘာ နှင့် ၂၀၂၄ ဇွန်လ အကြား ကျုးလွန်နေသူ တရုတ် နိုင်ငံသား ၅,၄၈၂ ဦးအား တရုတ် ရဲအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ ထိုအထဲတွင် မြန်မာ ရဲအဖွဲ့ထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အရည်အတွက် ပို၍ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းဖြင့် လုပ်ရည်ကိုင်ရည် သာလွန်ကြောင်း ပြသနိုင်ခဲ့သည်။

 

တရုတ်သည် စစ်ကောင်စီ အား စိတ်ပျက်လာနေသည်ကို သိသာ ထင်ရှားစွာ တွေ့လာရသည်။ သို့သော်လည်း စစ်တပ်သည် အနာဂတ် နိုင်ငံရေး ဖြေရှင်းမှု တွင် တစိတ်တပိုင်း ပါဝင်ရမည်ဟု ဆက်လက် ယူဆထားဆဲ ဖြစ်သည်။

 

တရုတ်သည် နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်စိုးရေးအား ၎င်းတို့၏ နိုင်ငံတကာ ဆက်ဆံရေး ဒေါက်တိုင်ကြီး တခု သဖွယ် ခံယူထားပြန်၍ နေပြည်တော်ကို စွန့်ခွာပြီး NUG နှင့် တိုင်းရင်းသား မဟာမိတ်များ ကို ဦးစားပေးလိုက်၍ မဖြစ်မှန်း သိနေသဖြင့် ပင်ကိုယ်အားဖြင့် သတိကြီးစွာ ထားလေ့ ရှိသည်။

 

သို့သော်လည်း တိုင်းရင်းသား တပ်များ နှင့် တိုက်ရိုက် ဆက်သွယ်မှု ထားရှိပြီး နေပြည်တော်ကို ဖိအားပေးစရာ မောင်းတံကြီး အဖြစ် အသုံးချ ခဲ့သည်။

 

ဘီဂျင်း သည် ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် နိုင်ငံရေး အရ အဖြေရှာရန် လိုလားနေသည်မှ သိသာ ထင်ရှားနေသော်လည်း အလိုက်ကမ်းဆိုး မသိ ဖြစ်နေသူများက စစ်ခေါင်းဆောင် များပင် ဖြစ်သည်။

 

၎င်းတို့အဖို့က နေပြည်တော်ရှိ ခံတပ်ကြီးထဲတွင် တွယ်ကပ် လုံးထွေးနေပြီး စစ်မြေပြင်တွင် အရှုံးများ ထပ်ခါ ထပ်ခါ ရင်ဆိုင်နေရသည့် အဖြစ်ကို မသိကျိုး ကျွံ ပြုနေကြဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - RFA (Burmese)