အိမ်နီးချင်း များ၏ ဖိအားများ မြင့်သည်ထက် မြင့်တက်လာနေ

by Hla Soewai - Aug 04 2024

နိုင်ငံတွင်း တော်လှန်ရေး မဟာမိတ် များ ၏ အောင်မြင် မှု များ နှင့် နယ်မြေ ထိန်းချုပ်နိုင်မှု များပြားလာနေခြင်း အပေါ် ပါးစပ်ဟောင်းလောင်း ဖြစ်လာကြသော တရုတ်၊ အမေရိကန်၊ ထိုင်း နှင့် ဂျပန် တို့သည် ၎င်းတို့၏ ရပ်တည်ချက် ကို ပြန်လည် ချိန်ဆလာနေကြပြီ ဟု နစ်ကီ အေးရှား ရီဗြူး အယ်ဒီဝာာ ဂဝင်း ရောဘင်ဆန် က ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

စစ်ကောင်စီ ၏ အရေး ပေါ် သက်တမ်း ကုန်ဆုံးရန် တရက် အလို အင်္ဂါနေ့တွင် မင်းအောင်လှိုင်အား စစ်ကောင်စီ အကြီးအကဲ အဖြစ်မှ အပြောင်းအလဲ ပြုလုပ်ရန် နှင့် ကာလကြာမြင့်စွာက ကတိပေးထားသော ရွေးကောက်ပွဲ လုပ်‌ ပေးရန် ဖိအားများ ပြင်းထန်လာနေသည်။ ယင်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာနိုင်သည် ဆိုသော ခန့်မှန်း ပြောဆိုမှု များလည်း ရှိနေသည်။ ထိုသို့ ထွက်ပေါိလာခြင်းမှာလည်း (ရာပြည့် ဦးဆောင်သည့်) စစ်ခေါင်းဆောင်များ သူမအား အနည်းဆုံး နှစ်ကြိမ်ခန့် သွားရောက်တွေ့ဆုံခဲ့မှု ကြောင့် ဖြစ်သည်။

 

တရုတ်မှလည်း မင်းအောင်လှိုင်အား နေရာဖယ်ပေးပြီး ကြားဖြတ် အစိုးရ ဖြင့် ရွေးကောက်ပွဲ လုပ်ရန် ဖိအား ပေးလာနေသည်။ ရှမ်းမြောက်ရှိ အဓိက ကျသည့် မြို့ကြီးများ လက်လွှတ်ပေးလိုက်ရမှု ကြောင့် စိုးရိမ်ပူပန် လာခြင်း ဖြစ်သည်။

 

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း နှင့် အတူ UWSA ခေါ် ဝ တပ်များ၏ အခန်းကဏ္ဍ ထွက်ပေါ်လာသည်။ ယခုအခါ ဝ တပ်များသည် လားရှိုး အပါအဝင် ရှမ်းမြောက်ရှိ မြို့ လေး မြို့ သို့ တည်ငြိမ်ရေး ဆိုကာ ဝင်ရောက် တပ်စွဲထားပြီး ဖြစ်သည်။

 

လေ့လာသူများက မူ တရုတ်၏ ထောက်ခံမှု နှင့် ထိုသို့ လှုပ်ရှားလာခြင်းဟု သုံးသပ်ခဲ့ကြသည်။ UWSA သည် လူမြင်ကွင်း တွင် "ကြားနေသည့်" အနေအထား ပြထားသော်လည်း နောက်ကွယ်တွင် NUG, PDF တပ်ဖွဲ့များ အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များ နှင့် တိတ်တိတ်ဆိတ်ဆိတ် ပူးပေါင်းပြီး ရှမ်းမြောက်ဒေသတွင် ဩဇာလွှမ်းနိုင်ပြီး နယ်မြေများ တိုးချဲ့နိုင်ရန် လှုပ်ရှားနေသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါက ဆိုသည်။

 

ယခုအခါ ဝ တပ်များသည် သေနတ် တချက်ပင် မ‌ ဖေါက်လိုက်ရပဲ အောင်ပွဲခံ နိုင်သူ အဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ တရုတ်သည် ဝ များအား တိုက်ပွဲများ ရပ်ပြီး ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ဖွင့် နိုင်‌ရန် စွမ်းဆောင်ပေးနိုင်မည့် သူများ အဖြစ် မျက်စိကျလာသည်။ ထိုသို့ လုပ်နိုင်မည် ဆိုက ယခုလို ပေးလိုက်ရခြင်းကို တန် သည်ဟု ယူဆ၍လည်း ဖြစ်သည်ဟု ရန်ကုန် ရှိ သံတမန် တဦး က ပြောခဲ့သည်။

 

နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၃၀ ထဲမှ ၈၀ ရာနှုန်းအထိ ပဋိပက္ခ ကူးစက် လာခဲ့ပြီး စစ်ကောင်စီသည် သုံးပုံ တပုံ ကို လက်လွှတ်ခဲ့ရပြီဟု ကုလသမဂ္ဂ မှတ်တမ်းများ တွင် ဖေါ်ပြထားသည်။

 

ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီး ပင်နီ ဝေါင်းကလည်း "ဒီပုံစံ အတိုင်း ခင်ဗျား နဲ့ ခင်ဗျား လူတွေ ရေရှည် သွားလို့ မရဘူး" ဟု စစ်ကောင်စီအား နာမည် တပ်ကာ ပြောဆိုလာခဲ့သည်။

 

တရုတ် နှင့် ထိုင်း တို့မှလည်း ၎င်းတို့ဖက် ကူးစက်လာမည့် အရေးကို စိုးရိမ်လာနေကြသည်။

 

ဝမ်ယီသည် သိန်းစိန်အား ကြားဖြတ် အစိုးရ ခေါင်းဆောင် အဖြစ် တာဝန်ယူလိုမှု ရှိမရှိ တီးခေါက်ခဲ့ပြီး မင်းအောင်လှိုင်အားလည်း နေရာဖယ်ပေးဖို့ နားချပေးရန် ပြောခဲ့သည်ဟု သံတမန် သတင်းရပ်ကွက် များက အတည်ပြုခဲ့သည်။ စိုးဝင်းအားလည်း ရွေးကောက်ပွဲ ကို ကြားဖြတ် အစိုးရ ဖြင့်၂၀၂၅ နှစ်လယ် မတိုင်မီ လုပ်ရန် တွန်းအားပေးလာသည်။ 

 

ထပ်၍ ဝက်အူ တင်းနိုင်ရန် တရုတ် ကွန်မြူနစ် ပါတီသည် နိုင်ငံရေး ပါတီ လေးခု မှ ကိုယ်စားလှယ်များကို ဆင့်ခေါ်ခဲ့သည်။ ကိုကိုကြီး အပါအဝင် ကိုယ်စားလှယ် များအား တိဘက် ဒေသအထိ ပို့ပေးခဲ့ပြီး ယူနန် ကုန်စည် ပြပွဲကို တက်ရောက်စေခဲ့သည်။

 

ကိုကိုကြီး မှ နိုင်ငံရေး နည်းလမ်းဖြင့် ရှေ့ဆက်နိုင်ရန် ရွေးကောက်ပွဲ သာ ရှိတော့သည်ဟု နစ်ကီ အေးရှားအား ပြောလာခဲ့သည်။

 

ဘူးလက်လှဆွေ မှ တရုတ်သည် လာမည့် ရွေးကောက်ပွဲ နှင့် အစိုးရသစ် အား ထောက်ခံကြိုဆိုသွားမည် ဟု တရုတ် နိုင်ငံတကာ ရေးရာ ဒုဝန်ကြီးမှ ၎င်းအား ပြောသည်ဟု ဆိုသည်။

 

အေးမောင်ကလည်း တရုတ်သည် အစိုးရသစ် နှင့် ဆက်ဆံနိုင်ဖို့ လွန်စွာ စိတ်အား ထက်သန်နေပြီး ရွေးကောက်ပွဲ ပြီးနောက် အစိုးရသစ်အား ထောက်ခံပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဆက်၍ ပံ့ပိုးသွားမည်ဟု ပြောပြန်သည်။

 

(နိုင်ငံအား တရုတ်၏ အကြောဆေး ထိုး၍ အသက်ဆက် သွားရမည့် အရေး ကို အားရဝမ်းသာ ပြောနေကြသည်ကပင် လွန်စွာ အံ့အားသင့်ဖွယ် ကောင်းလှသည်။ - စကားချပ်)

 

၎င်းတို့သာ အားရဝမ်းသာ ဖြစ်နေသော်လည်း ထိုင်းအစိုးရ ကမူ ဒုက္ခသည်များ ထပ်မံ ဝင်ရောက်လာနိုင်မှု နှင့် စစ်မှုထမ်းရမည့် အန္တရာယ်မှ တိမ်းရှောင်လာကြမည့် အရေးကို စိုးရိမ်ပူပန်နေကြသည်။

 

ဂျပန်သည်လည်း စစ်ကောင်စီ နှင့် ခပ်ခွာခွာ နေလာသည်။ မကြာမီ က ဂျပန် ဆူပါမားကက်မှ အထက်တန်း အရာရှိတဦးအား ဆန် များ ဈေးတင်ရောင်းသည် ဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် ဆက်ဆံရေး ပိုမို ဆိုးဝါးသွားခဲ့သည်။ နှစ်နိုင်ငံ အကြား ဆက်သွယ်မှု နှင့် အကူအညီ ပေးနေမှု များကို သိသိသာသာ လျော့ချပစ်ခဲ့သည်။

 

အာဏာသိမ်း အဖွဲ့သည် ဂျပန် နိုင်ငံသားများကိုပင် သည်းငြီး ခံလိုစိတ် မရှိ ဆိုသည်ကို တွေ့မြင်လာ၍ နိုင်ငံတွင်း လုပ်ကိုင်နေကြသော ဂျပန် ဝန်ထမ်းများ စိုးရိမ်လာနေကြသည်။

 

အမေရိကန်သည် ဖေဖေါ်ဝါရီ လ မှ စ၍ အာဏာသိမ်း အဖွဲ့ နှင့် အနည်းဆုံး ငါးကြိမ် ခန့် သိုသိုသိပ်သိပ် ဆက်သွယ်လာပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အရပ်သားများ အပေါ် အကြမ်းဖက်နေမှု များ လျော့ချရေး နှင့် ပြုပြင်ပြောင်းလဲမှု များ လုပ်ရန် ဖိအား ပေးလာခဲ့သည်။

 

ထိုသို့ လုပ်ခဲ့ရခြင်း မှာလည်း နိုင်ငံ မြောက်ပိုင်းရှိ တရုတ် ကျောထောက်နောက်ခံ ပြုထားသော လက်နက်ကိုင် အဖွဲ့များ အားကောင်းလာနေမှု အပေါ် စိုးရိမ် လာ၍ ဖြစ်သည်ဟု အမေရိကန် အထက်တန်း သံတမန် တဦးက ဆိုသည်။

 

ယခုအခါ လားရှိုးကို သိမ်းယူ နိုင်ခဲ့မှုကြောင့် ၎င်းတို့၏ စိုးရိမ်မှု ဒီရေ သည် သေချာပေါက် မြင့်တက်သွားပြီ ဖြစ်သည်ဟု သံတမန် တဦးက မှတ်ချက် ချခဲ့သည်ဟု ရေးသားထားသည်။

 

ယနေ့ ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီး မာရိစ် ဆန်ဂီယမ်ပွန်ဆာ မှ ယခုအခါ နိုင်ငံ အများအပြားသည် မြန်မာ စစ်ကောင်စီ အပေါ် ယခင်ကထက် ပို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုလာနေကြသည်ဟု လာအို တွင် ရှိနေစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!