ဂျပန် တွင် အမေရိကန် တို့ စစ်ဆင်ရေး ဌာနချုပ် ပြန်လည် ဖွဲ့စည်း တော့မည် ဖြစ်

by Hla Soewai - Aug 04 2024

ဂျပန်ရှိ ကာဒီနာ လေတပ်စခန်း (ပုံတွင်ရှု) သည် ပစိဖိတ် ဒေသ အတွင်း အမေရိကန် ၏ အကြီးမားဆုံး စခန်းကြီးလည်း ဖြစ်သည်၊ တရုတ် ကမ်းရိုးတန်း နှင့် ကီလိုမီတာ ၆၅၀ ခန့်သာ ကွာဝေး၍ ဒုံးကျည် များ ပျဲသန်း နိုင်မှု နှင့် ဆိုလျင် လက်တကမ်း အကွာဟု ပြော၍ ရပေသည်။

 

အမေရိကန် တပ်များသည် ဗီယက်နမ် စစ်ပြီး ချိန်ကစ၍ ဂျပန် နှင့် အနီးတဝိုက်တွင် ကင်းလှည့် ပျံသန်းရင်း ငြိမ်းချမ်းရေး အတွက် သာ ရည်ရွယ် ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။

 

သို့သော် ထိုအနေအထားသည် ဇူလိုင် ၂၈ ရက် မှစ၍ ပြောင်းလဲသွားတော့မည် ဖြစ်သည်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင် မှ ဂျပန် ရှိ အမေရိကန် တပ်များကို အမိန့်‌ပေး ကွပ်ကဲ နိုင်မည့် စစ်ဆင်ရေး ဌာနချုပ် ထူထောင်သွားမည်ဟု ကြေညာလိုက်ခြင်း‌ ကြောင့် ဖြစ်သည်။

 

ယင်းသည် အ‌မေရိကန် နှင့် ဂျပန် နှစ်နိုင်ငံစလုံးက တရုတ်၏ စစ်ရေး ခြိမ်းခြောက်မှု ကြီးမားလာနေပြီဟု ရှူမြင်လာကြသောကြောင့်လည်း ဖြစ်သည်။ အဆိုပါ စစ်ဌာနချုပ် အသစ် သည် တရုတ် နှင့် ဖြစ်ပွားလာမည့် စစ်ရေး ပဋိပက္ခ တွင် နောက်တန်း စခန်း သို့မဟုတ် ရှေ့တန်း ကွပ်ကဲရေး စခန်း အဖြစ်၎င်း၊ ဂျပန်သည် အမေရိကန် ပုံစံ ကြည်း‌၊ ရေ၊ လေ ပူးတွဲ စစ်ဌာန ချုပ် အဖြစ် အသုံးချရန် အတွက် ၎င်း ရည်ရွယ်ထားခြင်း ဖြစ်သည်။

 

ယခင်က ဂျပန် နှင့် စစ်စခန်းများ ထားရှိပြီး ပစိဖိတ် ဒေသတွင် စစ်အင်အား ဖြန့်ကြက်သွားရန် သဘော တူညီမှု မှသည် စစ်ရေး မဟာမိတ် အဖြစ် ပြောင်းလဲလာခြင်းလည်း ဖြစ်သည်။ တရုတ်သည် ၎င်းတို့ ဝိုင်းပတ်ခံရတော့မည်ဟု စိုးရိမ်မကင်း ဖြစ်လာမှု နှင့် အတူ အ‌မေရိကန်သည် "အာရှ နေတိုး" ပုံစံ ချိုးလာခြင်းဟု ကျယ်လောင်စွာ ‌ပြောဆို လာကြသည်။

 

ထိုသို့ ပြောဆိုနေမှု သည် အမှန်တရား နှင့် အလှမ်းကွာနေပြန်သည်။ အာရှ ရှိ အ‌မေရိကန် မဟာမိတ် များသည် နေတိုးကဲ့သို့ တဦးကို တဦး ကာကွယ်ပေးရမည် ဟူသော ကတိကဝတ်မျိုး ရှိမထားပေ။ လက်ရှိ US Forces Japan (USFJ) သည် နိုင်ငံတွင်း ရှိ တပ်များ အတွက် အုပ်ချုပ်ရေး နှင့် ဂျပန် အစိုးရ နှင့် ဆက်သွယ်ရန် တာဝန် များ ယူထားသည့် ဌာနချုပ် ပုံစံမျိုးသာ ရှိနေသည်။

 

စစ်ဆင်ရေး များ အတွက် တာဝန်ယူထားသည့် ရေတပ်ဗိုလ်ချုပ်ကြီး ဆမ်မြူရယ် ပါပါရို သည် အရှေ့ဖက် ကီလိုမီတာ ၇,၅၀၀ ဝေးသည့် ဟာဝိုင်အီ ရှိ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ် တွင် ရုံးထိုင်လျက် ရှိသည်။

 

ယင်းသည် ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် တို့ နှင့် ရေတပ် တိုက်ပွဲကြီးများ နှင့် ကျွန်းသိမ်း တိုက်ပွဲများ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည့် ရေတပ် ဗိုလ်ချုပ်ကြီး ချက်စတာ နိမစ်ဇ် လက်ထက်ကတည်းက ထိုပုံစံမျိုး ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုသို့ ဟာဝိုင်အီ မှ စီမံ ကွပ်ကဲ ရမည့် အရေးသည် ယခုအခါ မဖြစ်နိုင်သလောက် နီးပါး ဖြစ်လာခဲ့သည်။

 

တရုတ် နှင့် စစ် ဖြစ်လာမည် ဆိုက ဂျပန်ရှိ ရှေ့တန်းတပ်များ နှင့် ဆက်သွယ်ရေး လမ်းကြောင်းသည် ဆိုက်ဘာ နည်းဖြင့်သော်၎င်း၊ ပင်လယ်ရေအောက် ကေဘယ်များ အား ဖြတ်တောက်ပစ်ခြင်း၊ အာကာသ ထဲရှိ ထောက်လှန်းရေး နှင့် ဆက်သွယ်ရေး ဂြိုလ်တု များကို ဖျက်စီးပစ်ခြင်း အစရှိသည့် နည်းလမ်း မျိုးစုံ ဖြင့် ပြတ်တောက်သွားမည် ဖြစ်သည်။

 

ဖွဲ့စည်းလာမည့် စစ်ဆင်ရေး ဌာနချုပ် အသစ်အား ကြယ်သုံးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီးက ဦးဆောင်ပြီး ရေတပ် ဗိုလ်ချုပ် ပါပါရို ထံ အစီရင်ခံရမည် ဖြစ်သည်။ သို့သော် ဂျပန်တို့က တောင်ကိုရီယားရှိ အမေရိကန် တပ်များကို ဦးစီးနေသည့် ဗိုလ်ချုပ်ကြီး ပေါ လကမ်မီယား ကဲ့သို့ ကြယ် လေးပွင့် အဆင့်ရှိ သူ ကို စေလွှတ်ရန် တောင်းဆိုနေသည်။

 

ကိုရီယား စစ်ပွဲ အတွင်း အမေရိကန် ဗိုလ်ချူပ်ကြီးသည် အမေရိကန် နှင့် တောင်ကိုရီယား တပ်များ၊ ကုလ တပ် အကြွင်းအကျန် များ ကို ဦးစီးရသော်လည်း ဂျပန် တွင် မူ လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့အား အမေရိကန် နှင့် ဂျပန် စစ်ဦးစီးချုပ်များက သီးခြားစီ ကွပ်ကဲ သွားမည် ဖြစ်သည်။

 

တိုကျို တွင် ပြုလုပ်သော 2+2 ခေါ် အမေရိကန် နှင့် ဂျပန် ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် မြောက်ကိုရီယား၊ ရုရှား နှင့် တရုတ်တို့၏ မဟာမိတ် အနေအထား ပို၍ ခိုင်မာလာမှု နှင့် အတူ လုံခြုံရေး အရ အန္တရာယ် ပေးလာမှု များ တိုးမြင့်လာနေပြီ ဟု သတိပေးလာခဲ့သည်။

 

ပူးတွဲ စစ်ဌာနချုပ် ဖွဲ့စည်းမည့် အပြင် ရှားပါးနေ‌သော လေကြောင်း ကာကွယ်ရေး နှင့် တာဝေးပစ် ဒုံးကျည်များ တိုးမြှင့် ထုတ်လုပ်သွားရန် သဘောတူညီ ခဲ့ကြသည်။ ထို့ပြင် တိုင်ဝမ် နှင့် ကပ်နေသော ဂျပန် ၏ အနောက်တောင် ဖက် ကျွန်းများတွင်လည်း တပ်များ ကို တိုး၍ ချထားဦးမည် ဖြစ်သည်။

 

အမေရိကန် သည် ဂျပန်အား နျူကလီယား လက်နက် များ အပါအဝင် အင်အား အလုံးအရင်း နှင့် ကာကွယ်ပေးသွားမည် ဟူသော ကတိကို လုံးဝ အပြောင်းအလဲ ရှိမည် မဟုတ်ဟု အခိုင်အမာ ထပ်လောင်း အတည်ပြုသွားခဲ့သည်။

 

ဂျပန်ကလည်း ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ ခုနှစ် အရောက်တွင် ၆၀ ရာနှုန်းကျော် တိုးမြှင့် ပြီး ဖြစ်စေရမည် ဟု ၂၀၂၂ တွင် ကြေညာခဲ့သည်၊ ၎င်းတို့ သုံးစွဲမည် ဆိုသော ပမာဏ သည် တနိုင်ငံလုံး ကုန်ထုတ် လုပ်မှု GDP ၏ ၂ ရာခိုင်နှုန်း ဖြစ်သည်။ တရုတ်ပြည်မကြီးသို့ ရောက်နိုင်မည့် တာဝေးပစ် ဒုံးကျည်များလည်း လက်ဝယ် ပိုင်ဆိုင်လာမည်ဟု ဆိုသည်။

 

အမေရိကန် စစ်ဌာနချူပ် အသစ် အား အဆင့်အလိုက် တည်ဆောက်သွားမည် ဖြစ်သည်။ အင်ဒို-ပစိဖိတ် ဒေသရှိ ဖိလစ်ပိုင် နှင့် ဩစတေးလျှ ကဲ့သို့မဟာမိတ်များ အတွက်လည်း နေရာချပေးသွားမည် ဖြစ်သည်။ ဂျပန်သည် လက်ရှိတွင် ၎င်းတို့၏ ရွှေပြည်အေး ဝါဒ အား ခဝါချရန် ရုန်းကန်နေရဆဲ ဖြစ်ပြီး အမေရိကန် နှင့် ဂျပန် တပ်များ အကြား ပြိုင်ဆိုင်မှု များလည်း ရှိလာနိုင်သည်။

 

လက်ရှိ စီစဉ်ထားသည်က ပူးတွဲ စစ်ဌာနချုပ်အား တိုကျို မြို့လယ်ကောင်ရှိ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန တွင် ထားရှိပြီး USFJ အား မြို့ပြင်ရှိ ယိုကိုတာ ‌လေတပ် စခန်းတွင် ထားရှိမည် ဖြစ်သည်။

 

အမေရိကန် ဌာနချုပ်သည် ဂျပန်ကို ကာကွယ်ရန် အဓိက ဖြစ်သော်လည်း တိုင်ဝမ် နှင့် ပတ်သက်ပြီး စစ်ပွဲ ဖြစ်လာက အဆိုပါ ဌာနချုပ်သည် မည်သည့် အခန်းကဏ္ဍ မှ ပါဝင်မည် နည်း ဆိုသည့် မေးခွန်း ထွက် ပေါ်လာ‌ခြင်းပင် ဖြစ်သည်။

 

(၂၀၂၄ ဇူလိုင် ၂၇ နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "America recreates a warfighting command in Japan" မှ ကောက်နှုတ် တင်ပြသည်။)