သာဝ လုပ်ချလိုက်ပြန်ပြီ

by Hla Soewai - Aug 04 2024

ယာယီ သမ္မတ ပူပူနွေးနွေး မင်းအောင်လှိုင်သည် ၎င်း၏ သက်တော်ရှည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား အရေးပေါ် အခြေ အနေ ကို နောက်ထပ် သက်တမ်း ၆ လ တိုး ရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

 

ယခု တကြိမ် တွင်တော့ ထိုသတင်း အပေါ် အံ့ဩ သူများ ချည်းသာ ဖြစ်လာကြသည်။

 

 ၎င်းအား ထောက်ခံသူ များပင် သမ္မတ ရာထူး ကို ဦးသိန်းစိန် အား လွှဲပေး၊ ၎င်းက ကာကွယ်ရေး ဦးစီးချုပ် ဆက်လုပ်၊ သို့မဟုတ် ၎င်း ကိုယ်တိုင် သမ္မတ ရာထူးယူ၊ ခင်ညွန့်လို မိတ်ကပ်လူးကာ သမဝါယမ ဆိုင်၊ ဆိုကရေးတီး၊ ကျောင်းသား၊ ဘောလုံး အသင်းများ ဆု ‌တွေ ပေး၊ ကြက်ခြံ၊ နွားခြံ၊ နေကြာပင်များ လိုက်ကြည့်၊ ကာကွယ်ရေး ဦးစီးချုပ် အား စိုးဝင်း သို့ မဟုတ် ယုံကြည်ရသူ ဗိုလ်ချုပ် လေးငါးဦး နှင့် စစ်ရေး စီမံချက် ကောင်စီ မျိုး လုပ်လိမ့်မည်ဟု မျှော်လင့်နေကြ၍ ဖြစ်သည်။

 

အဘ သည် ယခုအခါ ကလေး တယောက်ပင် တွက်ဆ၍ ရနိုင်သည့် စစ်ရေး ကို ဦးစားပေး ရတော့မည် အချိန် ရောက်လာ၍ ထိုသို့ စီမံ ခန့်ခွဲ နိုင်ရန် သမ္မတ ရာထူးကို ‌စောစီးစွာ ယူထားခြင်းသာ ဖြစ်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။

 

တော်လှန်ရေး အင်အားစုများ ဖက်ကလည်း ယခုလို ရိုးရိုးကြီး ဆက်မသွားလောက်၊ နိုင်ငံရေး ပဉ္စလက် တခုခု ထုတ်သုံးလိမ့်မည်ဟု တွက်ဆခဲ့ကြ၍ ဖြစ်သည်။ 

 

ယခုလို သုံးသီးစား အာဏာရှင် သာဝ၏ ဉာဏ် နုံနဲမှအား စုပ်တသပ်သပ် နှင့် ဖြစ်နေကြချိန်တွင် ၎င်းကတော့ ကိုယ့် ကျင်းကို နက်သည်ထက် နက်အောင် တူး နေပြီ ဖြစ်ရာ တော်လှန်ရေး အတွက် လွန်စွာ အားတက်စရာ၊ ကျေးဇူးတင်စရာ ကောင်းနေသည်။ 

 

တကယ်တမ်းတွင် မင်းအောင်လှိုင်သည် ပြဿနာ အား နိုင်ငံရေး အရ အဖြေရှာရန် စိတ်ကူး မရှိတော့ ဘဲ အသက် နှင့် ကိုယ် အိုးစားမကွဲပဲ ထွက်ပြေးရန် ကြံရွယ်ထားပြီး ဖြစ်၍ လည်း လက်ရှိ အ‌နေအထား တိုင်း အချိန် တတ်နိုင်သမျှ ဆွဲ၍ ဆက်သွား ခြင်းသည်သာ ၎င်းအတွက် စိတ်အချရဆုံး ဖြစ်မည်ဟု ခံယူ ထားခြင်းသာ ဖြစ်သည်။

 

ငွေကြေး ဖောင်းပွမှု တရိပ်ရိပ် နှင့် မြင့်တက်လာနေသည်ကိုလည်း ဖြေရှင်းရန် စိတ်မဝင်စား‌ တော့၊ ဝန်ထမ်းများကို လစာပင် ထပ်တိုးပေးလိုက်ပြန်သည်။

 

မင်းအောင်လှိုင်သည် တရုတ် ၏ ကြိုးဆွဲရာ လိုက်က စရာ မလိုဟု စွန့်စားလိုက်ပြီ ဖြစ်၍ တိုင်းရင်းသား အဖွဲ့များကလည်း ၎င်းတို့လည်း လိုက်က စရာ မလိုဟု ပြတ်ပြတ်သားသား ဆုံးဖြတ် နိုင်ပြီ ဖြစ်သည်။

 

ထိုသို့ ဆုံးဖြတ်လိုက်မှု ကြောင့် တပ်တွင်း အောက်လက်ငယ်သား များ၏ တာဝန်သည် ၎င်းအတွက် ဆက်၍ သေပေးရဖို့သာ ဖြစ်လာသည်၊ Their jobs are to be dead. ပင် မဟုတ်ပါလား။

 

မဲစာရင်း ကောက်ရန် ဆိုကာ ရွေး‌ ကောက်ပွဲ လုပ်မည့် ရက်ကို အတိအကျ မကြေညာ နိုင်သော်လည်း ကျန် ကာလုံ အဖွဲ့ဝင် ခုနှစ်ဦး စလုံး ကန့်ကွက်သူ မရှိ သဘောတူခဲ့ကြသည်။ 

 

သူရူး နှင့် ဖက်ပြီး ငြင်းခုံနေလည်း ၎င်းတို့သာ ဒုက္ခ ရောက်ရ ပေတော့မည်၊ နောက်မှ ကြည့်ရှင်းမည်ဟု ယူဆထားကြ၍သာ ဖြစ်ပေသည်၊ ထိုသို့ မဟုတ်ပဲ တကယ်ပင် စိတ်ပါလက်ပါ ထောက်ခံသည် ဆိုက မြန်မာပြည် အား သူရူးများသာ အုပ်ချုပ်နေပြီဟု သေချာပေါက် ပြော၍ ရပေသည်။

 

တရုတ်သည် ရွေးကောက်ပွဲ ဖြစ်မြောက်က မြန်မာ ပြဿနာ သည် မီးကို ရေနှင့် ငြိမ်းလိုက်သလို ဖြစ်သွားမည်ဟု ယုံကြည်လောက်သည့်အထိ ရူး နှမ်းနေသူ များ မဟုတ်၊ ရွေးကောက်ပွဲ ဖြင့်သာ အဓိက ပြဿနာ ဟု ၎င်းတို့ ယူဆနေသည့် မင်းအောင်လှိုင်ကို ဖယ်ရှား နိုင်လိမ့်မည်ဟု ယူဆထားသောကြောင့် ပင် ဖြစ်သည်။

 

မန္တလေး ကျုံး ပတ်ပတ်လည်် တွင် သဲအိပ်‌များပင် ချထား‌ နေရပြီ ဖြစ်၍ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် နေပြည်တော် လောက်တွင် ပြုလုပ် နိုင်လျင်ပင် ကံကောင်းလှပြီဟု ယူဆရမည့် ရွေးကောက်ပွဲ မျိုး ဖြစ်သည်။

 

၎င်းတို့ အဖို့ စစ်ရေး တွင်သာ မက နိုင်ငံရေး ဖက်တွင်လည်း မည်သို့မျှ မဟန်နိုင်တော့၍ ၆ ကြိမ်မြောက်အထိ နိုင်ငံတကာ အလယ်တွင် အရှက်တကွဲ အကျိုးနည်း နှင့် မျက်နှာပြောင် တိုက်ကာ သက်တမ်း တိုးနေရှာရပြီ ဖြစ်သည်။

 

အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ ထိုသို့ သက်တမ်း တိုးခြင်းသည် စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်တွန်းလှန်နေသော မြန်မာပြည်သူများ၏ ရည်မှန်းချက် နှင့် ကန္တေကောစ ဖြစ်နေကြောင်း၊ အမေရိကန် နှင့် မဟာမိတ်များသည် မြန်မာပြည်သူများ၏ ရည်မှန်းချက် အား ဆက်လက် ထောက်ခံသွား မည် ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။

 

ယခုအခါ တော်လှန်ရေး တပ်ပေါင်းစု သည် ရှမ်းပြည် တောင်ပိုင်း အင်းလေး ကန် အနီးရှိ အချက်အခြာ ကျသော စစ်စခန်း များကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - Nikkei Asia Review