ရုန်း ထ ဖို့ လိုပြီ

by Hla Soewai - Aug 04 2024

လူပေါင်း ၅,၄၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည့် မြန်မာ ပဋိပက္ခ စတင်ခဲ့သည့် အချိန်က စ၍ ချမှတ်ထားသော ဘုံရပ်တည်ချက် ငါးရပ်ကို ဘုရားဟော သမ္မာ ကျမ်းစာ အလား အစည်းအဝေး တိုင်းတ္ငင် မပျက် မကွက် ရွတ်ဆိုလေ့ ရှိသော အာဆီယံသည် ယခု အကြိမ်တွင်လည်း ထို အတိုင်းပင် ပြီးဆုံးသွားပြန်သည်။

 

အစည်းအဝေး အပြီး ထုတ်ပြန်သော ကြေညာချက် တွင် စစ်ကောင်စီ အား နာမည် မထည့်ပဲ နိုင်ငံ တွင်း နိုင်ငံသားများ နှင့် အရပ်ဖက် အဆောက်အအုံများကို တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှူတ်ချပြီး အကြမ်းဖက်မှု များ ချက်ခြင်း လက်ငင်း ရပ်ဆိုင်းရန် တောင်းဆို‌ ကြောင်း၊ သက်ဆိုင်သူများ အားလုံး ယခုလို လက်လွတ်စပယ် ပြုမူနေကြသည့် အကြမ်းဖက် လုပ်ရပ်များ ရပ်တန့်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းကြောင်း' ပါရှိသည်။

 

အာဆီယံသည် လုံးဝ ဆီလျော်ခြင်း မရှိတော့သည့် အချက် ငါးချက်ထက် ပို၍ မကြံတတ် မစီတတ် ဖြစ်နေရှာသည်ဟု ဝေဖန်မှု များ မြင့်တက်လာသည်။

 

အာဆီယံ ခေါင်းဆောင်များ အနေဖြင့် ဖြေရှင်းချက် ထွက်ပေါ်လာသည် ဆိုစေဦး မင်းအောင်လှိုင်သည် ရာထူးက ဆင်းပေးမည်လော ဆိုသည်ကို စဉ်းစားရ‌ တော့မည် ပင် ဖြစ်သည်၊ ၎င်းပင် ဆက်အုပ်ချုပ်သွားခွင့် ရမည့် ဖြေရှင်းချက် မျိုး ကို လက်ရှိ စစ်ရေး တွင် အထက်စီးက ရလာနေသည့် တော်လှန်ရေး တပ်ပေါင်းစုကကော လက်ခံမည်လော။ ၎င်းတို့ အချက် ငါးချက်သည် မင်းအောင်လှိုင် မှ သဘောတူ လုပ်ပေးရမည် ဆိုသည် အပေါ် အခြေခံနေခြင်းကပင် မည်သို့မျှ လက်ရှိ အခြေ အနေ နှင့် ဆီလျော်မှု မရှိတော့၊ ၎င်းတိူ့ ပြောသည့် အချက်များကို မင်းအောင်လှိုင်သည် နေပြည်တော် အဝိုင်း မခံရ မချင်း သဘောတူမည်သူ့ မဟုတ်ဆိုသည်ကို မြန်မာ ပြည်သူများက သိထားပြီး ဖြစ်သည်။

 

ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ပင်နီ ဝေါင်း မှ လက်ရှိ ၎င်းတို့ ဆင်နွှဲနေသော စစ် သည် မည်သိုမျှ ရေရှည် ဆက်သွားရန် မဖြစ်နိုင်တော့၍ လမ်းကြောင်း ပြောင်းရန် စစ်ခေါင်းဆောင်များကို တိုက်ရိုက် ပန်ကြားသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မှလည်း အားလုံး ပါဝင်သည့် ဆွေးနွေးပွဲ ဖြစ်မြောက်အောင် မိမိတို့ ကူညီ သွားရန် အဆင်သင့် ရှိကြောင်း အဆိုပြုလာသည်။

 

မင်းအောင်လှိုင်သည် အာဏာ စွန့်လွှတ်ရန် လုံးဝ စိတ်ကူး ခြင်း မရှိသည် မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီး နိုင်ငံ၏ သုံးပုံ တပုံ ခန့်သာ ကျန်‌ တော့သည့် နယ်မြေများ တွင် ရွေးကောက်ပွဲ ဆိုသည်အား လက်ဝေခံ နိုင်ငံရေး သမားများ နှင့် မျက်လှည့်ပြ နိုင်ရန် စိတ်ကူးနေသော်လည်း ၎င်းအတွက် လက်ကျန် အချိန်များက နည်းသည်ထက် နည်းလာနေပြီ ဖြစ်သည် ကို မသိခြင်ယောင် ဆောင်နေဆဲပင် ဖြစ်သည်။

 

စစ်တပ် အတွင်း အက်ကြောင်းများ ထလာ နေပြီး ၎င်း၏ အနီးကပ် လူယုံ များ မှ လွဲ၍ အားလုံးက အခြေအနေ ပေးသည် နှင့် ဘက်ပြောင်းရန် အဆင်သင့် ဖြစ်နေသည် ဟု အတွင်း သတင်းများ အရ သိရသည်။

 

အရေးကြီးဆုံးက ယခုလို အနေအထား တွင် ၎င်းတို့ဖက်က စိတ်ဓါတ်များ ပြန်တက်လာနိုင်မည့် မည်သို့သော အသာစီး ရလာမှု မျိုး ကို ခွင့်မပြုပဲ အနည်းဆုံး သရေ အနေအထား နှင့် ထိန်းထားနိုင်ရေး ပင် ဖြစ်သည်။ စိတ်ဓါတ် စစ်ဆင်ရေး သဘောမျိုး ဖြင့် ရန်သူဖက်က အားပျော့နေသည့် နေရာ မှန်သမျှ တိုက်ခိုက် သိမ်းပိုက် ထားနိုင်ဖို့ ပင် ဖြစ်သည်။

 

မြို့ပြနေ ပြည်သူများ ဖက်က နောက်တကြိမ် အားခဲပြီး ရုန်းထ နိုင်လျှင် ပွဲ က ပြတ်သလောက် ဖြစ်သွားပြီ ဖြစ်သည်၊ ရခဲလှသော လူ့ဘဝ တွင် လူပီပီ နေထိုင်ခွင့် ရရေးထက် လတ်တလော လုံခြုံလျင် ပြီးရော သဘောထားမည် ဆိုက ထို အချက် နှစ်ချက်စလုံး မည်သို့မျှ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။ လတ်တလော ဆိုသည် အတိုင်း ခေတ္တခဏ သာ ဖြစ်သည် မဟုတ်ပါလော။

 

ဒေါက်တာ တေဇာဆန်း ပင် စွန့်စွန့်စားစားဖြင့် မန္တလေး မြို့တွင်း သို့ မကြာသေးခင်က ဝင်ရောက်လာခဲ့မှု သည် အထက်က ပြောသည့် အချက်သည် တော်လှန်ရေး ကြီး အမြန်ဆုံး အဆုံးသတ်နိုင်ရေး အတွက် လွန်စွာ အရေးကြီး သည်ကို ပြဆိုနေသည်။

 

မန္တလေးတိုင်းအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မှ ဒေသနေ ပြည်သူများ အတွက် လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပေးတဲ့အစီအစဉ်တွေ ပြုလုပ်‌ ပေးနေသည်ဟု ဒေသခံများ၏ အပြောကို ကိုးကားပြီး ဒီဗွီဘီ သတင်း တွင် ဖေါ်ပြထားသည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!