နိုင်ငံတကာ ရေးရာ မိတ်ဆက်(81)

by Hla Soewai - Aug 04 2024

ကမ္ဘာတဝှမ်း ကျန်းမာရေး နယ်ပယ် တွင် ကြိုးပမ်း အားထုတ်လာမှု များသည် အဖွဲ့အစည်း များစွာ ဆက်စပ်ပါဝင်နေတတ်၍ ရှူပ်ထွေးနေပြန်သည်။

 

ပထမ ဦးစွာ ၁၉၄၈ တွင် စတင် တည်ထောင်ခဲ့သည့် ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ် ကြီးပင် ဖြစ်သည်၊ အမည် အားဖြင့် ခန့်ညားသလောက် သက်ရောက် နိုင်စွမ်း မရှိ ဖြစ်နေသည်။ ဤသည်ကလည်း လိုအပ်သည့် အာဏာ ပိုင်စိုးမှု နှင့် အရင်းအမြစ်များ ချို့တဲ့နေခြင်း ကြောင့် ၎င်း၏ ရည်မှန်းချက် ဖြစ်သည့်"ကမ္ဘာ လူသား အားလုံး အမြင့်မားဆုံး ကျန်းမာ‌ ရေး စောင့်ရှောက် မှု ခံစားပိုင်ခွင့် ရရှိ‌ ရေး" ဆိုသည်ကို ဦးတည် ဆောင်ရွက်နိုင်စွမ်း ကင်းမဲ့လာခြင်း ပင် ဖြစ်သည်။

 

ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး အပြင် ကမ္ဘာဘဏ်လည်း ပါဝင် ပတ်သက်နေသည်၊ သီးခြား အစီအစဉ် များ နှင့် ဆောင်ရွက်နေမှု များ အပြင်၊ ကူးစက် ရောဂါ တမျိုးမျိုး တိုက်ဖျက်ရေး အတွက် လှုပ်ရှားနေကြသော အင်ဂျီ အို အဖွဲ့များ၊ ဂိတ်စ် ဖေါင်ဒေးရှင်း ကဲ့သို့ ပရဟိတ အကျိုးဆောင် အဖွဲ့များ၊ ဆေးဝါး ကုမ္ပဏီများ၊ ဆေးရုံများ၊ ဆရာဝန်၊ သူနာပြုများ၊ အစိုးရ အဆင့် နှင့် ဒေသ အဆင့် ကျန်းမာရေး အာဏာပိုင် အဖွဲ့အစည်း အသီးသီးတို့လည်း ရှိနေကြသည်။

 

ထိုသို့ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေခြင်းကြောင့် ဦးစားပေး လုပ်ဆောင်ရမည့် ရည်မှန်းချက် များ လည်း မတူ ညီ ကြ၍ ညှိနှိုင်းဆောင်ရွက်မှု အားနည်းလာခဲ့ရသည်။

 

ဥပမာဆိုရက ၂၀၀၅ တွင် ကမ္ဘာနိုင်ငံ အစိုးရ အများအပြား သဘောတူထားသည့် ကမ္ဘာကျန်းမာရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ တွင် ကူးစက်တတ်သော ရောဂါများကို စောင့်ကြည့်ပြီး ပြင်ဆင်ထားကြရန် လိုအပ်သည်ဟု ပါရှိသည်။ အစိုးရများသည်လည်း ၎င်းတို့ နိုင်ငံ အသီးသီးတွင် ထိုသို့ ပံ့ပိုး နိုင်မည့် အဖွဲ့အစည်းများ အား အတ္တလန်တာ အခြေစိုက် ရောဂါ ထိန်းချုပ်‌‌ ရေး နှင့် ကာကွယ် ရေး စင်တာ အား နမူနာယူ၍ တည်ထောင် ပေးခဲ့ကြသည်။

 

ရောဂါ ဖြစ်ပွားလာပါက ပထမဆုံး နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြရမည့် ကယ်ဆယ်ရေး လုပ်သားများ၊ ဒေသန္တာရ ဆေးရုံများ အနေဖြင့် လိုအပ်သည့် လေ့ကျင့် သင်ကြားပေးမှုများ၊ ဆေး ပစ္စည်း ကိရိယာများ အစုံအလင် ရှိထားစေရန် စီမံပေးခဲ့ကြသည်။ သိုသော် နောက်ပိုင်း ဆယ်နှစ်ခန့် ကြာလာသည့် အခါတွင်တော့ လျော့တိလျော့ရဲ ဖြစ်လာပြီး ယခင်က အခြေအနေမျိုး ယုတ်ရော့သွားခဲ့သည်။

 

ပို၍ ဆိုးဝါးလာသည်က ဦးစားပေး အစီအစဉ်များ နှင့် ပတ်သက်၍ တသဘောတည်း မရှိကြတော့ခြင်းပင် ဖြစ်သည်။ ၂၀၁၅ တွင် ချမှတ်ခဲ့သည့် ကုလသမဂ္ဂ၏ ရေရှည် လုပ်ဆောင်သွားရမည့် ဖွံ့ဖြိုးရေး ရည်မှန်းချက်တွင် ကူးစက်ရောဂါ နှင့် မကူးစက် နိုင်သော ရောဂါများ တိုက်ဖျက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဟု ပါရှိသည်။

 

သို့သော်လည်း ကမ္ဘာကျန်းမာရေး နှင့် ပတ်သက်ပြီး ရှိသမျှ အရင်းအမြစ် အများစုကို ကူးစက်ရောဂါ များ ဖြစ်သော HIV/ AIDS၊ ငှက်ဖျား၊ တီဘီ ခေါ် အဆုပ်နာ ရောဂါ၊ မိခင် နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု များ တွင် ပုံအော်ထားကြသည်၊ ကူးစက် နိုင်ခြင်း မရှိသည့် ရောဂါများ အတွက်မူ ကျန်းမာရေး ရံပုံငွေ အဖြစ် တ‌စ်ကျပ် ရရှိလျင် ထိုရောဂါ များ အတွက်မူ ပြား အနည်းငယ်မျှသာ ခွဲဝေ ပေးလေ့ရှိသည်။ တကယ်တမ်း ထိုရောဂါများသည် နာမကျန်း ဖြစ်မှု နှင့် သေဆုံးမှု နှုန်း တွင် အများဆုံး ဖြစ်သည်။ ၂၀၁၇ စာရင်းဇယား များအရ အချိန်မတန်ပဲ သေဆုံးမှု တွင် ကူးစက်ရောဂါထက် နှစ်ဆ ခန့် ပိုများနေသည်ကို တွေ့ရသည်။

 

ဦးစားပေး အစီအစဉ် များသည် ယခုထိ ဆက်ရှိ‌ နေပြီး ကူးစက်ရောဂါ ကာကွယ်ရေး နှင့် မိခင် ကလေး၊အသေအပျောက် လျော့ချ နိုင်ရေး များတွင် တိုးတက်မှု များ ရရှိနေပြီး လူ့အဖွဲ့အစည်း အသီးသီး တွင် သက်ကြီး ရွယ်အို များ များပြားလာနေသော်လည်း ကူးစက်နိုင်ခြင်း မရှိသော ရောဂါများသည် ကူးစက်ရောဂါများ လောက် အလေးထားခြင်း မခံရပဲ ရှိနေဆဲပင် ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ထိုရောဂါများ တိုက်ဖျက်ရေး အတွက် ကမ္ဘာတဝှမ်း စုစုစည်းစည်း ဆောင်ရွက် နိုင်ရန် မစည်းရုံး နိုင်ပဲ ဖြစ်နေသည်။

 

ကျန်းမာရေး အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်နိုင်ရေး တွင် တစိတ်ထဲ တဝမ်းတည်း မရှိကြခြင်း၊ အားလုံး လိုက်နာရမည့် စီမံခန့်ခွဲထားသည့် လုပ်ငန်း ဘောင်များ မချမှတ်နိုင်ခြင်း၊ အသုံးပြုရမည့် အရင်းအမြစ်များ အလုံအလောက် မရှိခြင်း၊ ကူးစက်ရောဂါများ၏ အန္တရာယ် အမြဲလို ခြိမ်းခြောက် ခံနေရခြင်း၊ မကူးစက်နိုင်သော ရောဂါများ အသစ်တဖန် ပြန့်ပွားလာခြင်း အစရှိသည့် အကြောင်းများ‌ကြောင့် ကမ္ဘာတဝှမ်း ကျန်းမာရေးသည် သိသိသာသာ တိုးတက်မှု များ ရှိနေသည် ဆိုသော်လည်း အနာဂတ် တွင် မည်သည့် အခြေစိုက်လာမည် ဆိုသည်က မရေရာ မသေချာ ဖြစ်နေဆဲပင်။

 

ထို့အတူ အသီးသီးသော လူ့အဖွဲ့အစည်းများသည်လည်း အချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံနေမှု များကြောင့် လုံခြုံမှု မရှိ ဖြစ်လာနေသည်။