လားရှိုး - လာအို

by Hla Soewai - Aug 04 2024

မင်းအောင်လှိုင်သည် လက်နက် အားကိုး ဖြင့် ဥပဒေ ကို ခုတုံး လုပ်ကာ ၎င်းကိုယ် ၎င်း သမ္မတ အဖြစ် ခန့်အပ်လိုက်သည်ကို ရှက်ရ ကောင်းမှန်း မသိသည်သာမက နိုင်ငံတကာ မှ ကြိုဆို ကြလိမ့်မည်ဟု၍ပင် ရူးနှမ်းစွာ တွေးခေါ်နေမှု ကို ဗီယင်ကျန်း တွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် အထင်အရှား တွေ့မြင်လာရသည်။

 

အဆိုပါ အစည်း အဝေးသို့ တက်ရောက်ခွင့်ရသည့် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်မှ မြန်မာသည် အခြား နိုင်ငံများကဲ့သို့ တန်းတူ အဆင့် ပြန်ရလိမ့်မည်ဟု မျှော်လင့်ကြောင်း သင်ပေးလိုက်သည့် အတိုင်း ထုတ်ပြောလာခဲ့ခြင်းပင် ဖြစ်သည်။

 

၎င်းတို့ ခေါင်းထဲတွင် မည်သို့ များ တွေးခေါ်နေကြသည် မသိရလောက်အောင် အံ့ဩဖွယ် ကောင်းနေရသည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ လက်ဝေခံ နိုင်ငံရေး သမား အမည်ခံ များ နှင့် ရွေးကောက်ပွဲ ဆိုသည်ကို လုပ်ပြပြီး သမ္မတ အဖြစ် တရားဝင် ဘိသိတ်ခံရန် ရည်ရွယ်ထားသူ ဖြစ်သည်။

 

ယင်းနှင့် ပတ်သက်၍ စစ်ကောင်စီ နိုင်ငံခြားရေး ဌာန ၏ အရာရှိဖြစ်သူ ခင်သီတာအေး မှ ရွေးကောက်ပွဲ ကို ‌အစောလျင် ဆုံး ပြုလုပ်ပြီး ဖက်ဒရယ် ‌ဒီမိုကရေစီ ကျင့်သုံးသွားမည် ဖြစ်၍ နိုင်ငံတကာ အနေနှင့် ဝေဖန်မှု များ၊ ဖိအား ပေးမှုများ မလုပ်ပဲ ထောက်ခံကြရန် သတင်းထောက်များကို ပြောသွားခဲ့သည်။

 

ထိုအတိုင်းဆိုက မင်းအောင်လှိုင် သည် ရာသက်ပန် သမ္မတ လုပ်၍ ရမည့် ဖွဲ့စည်းပုံ ကိုပါ အသစ် ပြန်ရေး ဆွဲ ရန် စိတ်ကူးယဉ်နေပုံ ရသည်။

 

၎င်းသည် အာဆီယံက အချက် ငါးချက်ကို သဘောတူ အကောင်အထည် ဖေါ်ပါမည် ဟု ဆိုကာ ကတိဖေါက်ဖျက်ထားသူ ဖြစ်၍ ဝိုင်းပယ်ထားခြင်း ဖြစ်သည်၊ ယခုလည်း အချက် ငါးချက် ဆိုသည်နှင့် ပတ်သက်၍ မည်သို့မျှ တိုးတက်မှု ရှိမလာပဲနှင့် ၎င်းအား ပြန်၍ လက်ခံလာရန် ရွေးကောက်ပွဲ နှင့် မျှား ကြည့် မည်ဟု စိတ်ကူးနေပုံ ရသည်။

 

စစ်ကောင်စီသည် အာဆီယံ နှင့် သံတမန်ရေးအရ ပြန်လည် ဆက်သွယ်ရန် အဆင်သင့် ရှိလာနေခြင်းကပင် ၎င်းတို့ အနေအထား အားပျော့လာနေသည်ကို ပြဆိုနေသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံ၏ သံတမန်တဦးက ထောက်ပြသွားခဲ့သည်။

 

သို့သော် အာဆီယံသည် မင်းအောင်လှိုင် အရူးထ နေသည်ကို စိတ်မဝင်စားအားပဲ ၎င်းလုပ်ရပ်ကြောင့် ရှေ့လျောက် အသင်းကြီး၏ ညီညွတ်ရေး ထိခိုက်လာမည်ကို စိုးရိမ်လာကြ၍ မြန်မာ အရေး ဖြေရှင်း နိုင်ရန် တဖန် နိုးထလာကြပြန်သည်။

 

ယခုအခါ အင်ဒိုနီရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်တို့မှ မြန်မာ အား ပြတ်ပြတ်သားသား ကိုင်တွယ်ရန် လိုလားနေကြသည်ဟု ဆိုသည်။

 

ကြာသပတေး နေ့ နောက်ပိုင်း ထုတ်ပြန်ရန် ရှိနေသည့် ပူးတွဲ ကြေညာချက် မူကြမ်းတွင် အကြမ်းဖက်မှု များ ဆက်လက် ဖြစ်ပွားနေခြင်းကို "ပြင်းထန်စွာ ရှူတ်ချ ကြောင်း" ပါရှိသည်ဟု ဖတ်ခွင့်ရခဲ့သည့် AFP ၏ သတင်းတွင် ပါရှိသည်။

 

လက်ရှိ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး တွင် မြန်မာအရေးကို တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းရန် သုံးဦး ကော်မတီဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက မိုဟာမက် ဟာဆန် က ပြောလာသည်။

 

သုံးဦး ကော်မတီ ဆိုသည်က အာဆီယံ ယခင် ဥက္ကဌ အင်ဒိုနီရှား၊ လက်ရှိ လာအို နှင့် ‌လာမည့်နှစ် ဥက္ကဌ ဖြစ်မည့် မလေးရှား တို့ ပါဝင်သည်။ 

 

မြန်မာ အရေးကို ဖြေရှင်းရာတွင် အာဏာသိမ်း စစ်အုပ်စု နှင့်သာ အဖြေရှာလို့မရပဲ ပါဝင် သက်ဆိုင်နေသူများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေး ကြိုးစားနေသူများ အစရှိသဖြင့် အများအပြား နှင့် တွေ့ဆုံရန် လိုအပ်နေသည်ဟု ဆိုသည်။

 

အာဆီယံ အစည်းအဝေးသို့ ဂျပန်၊ တရုတ်၊ အမေရိကန် ၊ ရုရှား၊ တောင်- မြောက် ကိုရီယား၊ အီးယူ နိုင်ငံများ စုစု‌ ပေါင်း ၂၇ နိုင်ငံ တက်ရောက်ကြမည် ဖြစ်၍ မြန်မာ အရေး ကို အမှန်တကယ် ဖြေရှင်းလိုစိတ် ရှိပါက ဖြေရှင်း နိုင်စွမ်း ရှိနေသည်။

 

တရုတ် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တို့ ဘေးထွက် ဆွေးနွေးပွဲ သီးသန့် ပြုလုပ်သွားရန် ရှိနေသည်။

 

ထိုသို့ လာအိုတွင် မင်းပေါင်းစုံညီ တွေ့ဆုံနေကြချိန်တွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာန ‌ချုပ်ကြီး နှင့် အတူ လားရှိုး အား ရက်ပေါင်း ၂၃ ရက်ကြာ ထိုးစစ် ဆင်ခဲ့ပြီးနောက် MNDAA မှ သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

"မိမိတို့ တပ်တော်သည် ပြတ်ပြတ်သားသား အောင်ပွဲ ခံနိုင်လိုက်ပြီ ဖြစ်ပြီး ယခုအခါ ကြွင်းကျန်နေသော ရန်သူ တပ်များကို လိုက်လံ ရှင်းလင်းနေပြီ ဖြစ်ကြောင်း နှင့် လားရှိုး မြို့သည် လုံးဝ လွတ်မြောက် သွားပြီ ဖြစ်သည်" ဟု ကြေညာချက်တွင် ပါရှိသည်၊ လူထု အားလည်း အေးအေးချမ်းချမ်း နှင့် မြို့အုပ်ချုပ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် ပါရှိလာသည်။

 

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် တိုင်း စစ်ဌာနချုပ် ၁၃ ခု ရှိသည့် အနက် နေပြည်တော် နှင့် မြောက်ပိုင်းတိုင်းပြီးလျှင် တတိယမြောက် အရေး ပါဆုံး ဖြစ်သည်။

 

လက်ရှိလားရှိုး တွင် အခြေအနေများက ရှုပ်‌ ထွေးနေဆဲ ဖြစ်ပြီး နောက်ထပ် ပစ်မှတ်သည် စစ်တက္ကသိုလ် ရှိရာ ပြင်ဦးလွင် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

 

စစ်ကောင်စီ ဖက်က တော့ မျက်စိ စုံမှိတ် ငြင်းနေဆဲပင် ဖြစ်သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မောနင်း မှ တိုက်ပွဲ များ ရပ်ဆိုင်းပြီး စေ့ဆပ် ဆွေးနွေးကြရန် နှင့် တရုတ် ၏ လုပ်ငန်းများ နှင့် နိုင်ငံသားများ ကို ကာကွယ်ပေးရန် ဝတ်ကျေတန်းကျေ သဘောမျိုးကြာသပတေးနေ့ တွင် ပြုလုပ်‌သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောဆိုသွားသည်။

 

စစ်ကောင်စီ၏ နိုင်ငံတကာ နှင့် ပြန်လည် ဆက်ဆံခွင့် ရမည် ဆိုသော အိမ်မက်များအား လားရှိုး မှ ရိုက် ချိုး ဖျက်ဆီး လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!