မင်းအောင်လှိုင် ယာယီ သမ္မတ ဖြစ်သွားပြီ

by Hla Soewai - Aug 04 2024

မြင့်ဆွေသည် ဆေးကုသ မှု ခံယူ နေရသည့်အတွက် ယာယီ သမ္မတ တာဝန် ဝတ္တရားများအရ စစ်ကောင်စီ ဥက္ကဌ ထံ လွှဲပြောင်းလိုက်ကြောင်း ယာယီ သမ္မတရုံး မှ အကြောင်းကြားစာဖြင့် အသိပေးလာသည့် အတွက် ဇူလိုင် ၂၂ နံနက် ၁၁:၃၀ တွင် မင်းအောင်လှိုင်သည် ယာယီ သမ္မတ ဖြစ်သွားခဲ့ချေပြီ။

 

မင်းအောင်လှိုင် သည် ဘာမဆို လုပ်ရဲသူ ပီပီ ၂၀၀၈ ဖွဲ့စည်းပုံ အား ဗြောင်ကျကျ ဖေါက်ဖျက်ကာ စာတို လေး တစောင် ဖြင့် ၎င်း အလိုချင်ဆုံး သမ္မတ ရာထူးရ သွားခဲ့ပြီ ဖြစ်သည်။

 

အစားအသောက်ပင် ကိုယ့်ဖာသာ စားသောက်နိုင်ခြင်း မရှိ‌ ယုံမက ဦးနှောက် ပုံမှန် အလုပ် မလုပ်တော့ပဲ စာပင် မဖတ်နိုင်အောင် ဝေဒနာ ခံစားနေရသူ၏ လက်မှတ်ထိုး လွှဲပြောင်းခြင်းကို ဥပ‌ ဒေ ကြောင်းအရ မည်သည့် တရားရုံး မှ လက်ခံခြင်း ရှိမည် မဟုတ်သော်လည်း မင်းအောင်လှိုင်က လက်ခံ လိုက်ပြီ ဖြစ်သည်။

 

ထိုသို့ ပြုလုပ်ရန် နကိုယ်က အစီအစဉ် မရှိ၍ ဦးနှောက် ဝေဒနာ ခံစားနေရသည်ဟု သတင်း ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပုံရသည်။ သို့သော်လည်း ဖြစ်ပေါ်လာနေသော အနေအထား များအရ ထိုသို့ မလုပ်၍ မဖြစ်တော့ဟု ယူဆရသည်။

 

လေ့လာသုံးသပ်သူများ အဖို့ မင်းအောင်လှိုင်၏ လှုပ်ရှားမှု များ နှင့် ပတ်သက်ပြီး လူကောင်း တယောက် သဖွယ် ယူဆ သုံးသပ်၍ မရတော့၊ ထိုသို့ ဦးနှောက် ထိခိုက်နေသူ တဦး မှ တာဝန်လွှဲပြောင်းခြင်းကို ဥပဒေ ကြောင်းအရ မည်သို့မျှ အကျုံး မဝင်သည့် အတွက် လုပ်လိမ့်မည် မဟုတ်ဟု သာမန် အသိဉာဏ် နှင့် ပင် စဉ်းစား၍ ရနေပေသည်။

 

အ‌ခြေအနေများက ၎င်း ဆင်ထားသလို ဖြစ်မလာတော့၍ ကလေးပင် သိသော ကိစ္စ ကို မျက်နှာပြောင်တိုက်ကာ သူ့ကိုယ်သူ သမ္မတ အတင်း လုပ်လိုက်ရခြင်း ဖြစ်မည်။

 

ယင်းသည် နိုင်ငံသား တဦး တလေ ကို မျှ အသိဉာဏ် ရှိသူ လူ ဟူ၍ မသတ်မှတ်တော့ပဲ ၎င်းလုပ်ချင်ရာ လုပ်လိုက်ခြင်းသာ ဖြစ်သည်။

 

ထိုသို့ လုပ်ရဲသည် မှာလည်း မင်းအောင်လှိုင်သည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အီရန် နှင့် မြောက်ကိုရီယား တို့ ၏ ထောက်ခံမှု ရလိမ့်မည်ဟု အပိုင် တွက်ထားပြီး၊ ထိုသို့ တွက် နိုင်အောင်လည်း ၎င်းတို့ လိုသမျှ ထိုးပေးရန်လည်း စိတ်ပိုင်းဖြတ်ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ချက် နိုင်ငံသား ပညာရှင် အီဂေါ ဗလာစီဗစ်က ဧရာဝတီ တွင် သုံးသပ်ထားသည်။

 

၎င်း အသက်ဆက်နိုင်ရေး အတွက် နိုင်ငံ တဝှမ်း လိုအပ်လျှင် အလုံးစုံ ဖျက်ဆီးပစ်ရန်ပင် ခွင့်ပြုထားပြီး ဖြစ်သည်၊ ယင်းသည် ပူတင် ၏ ချီချန် စစ်ပွဲ နှင့် ဆီရီယား တွင် အာဆတ်၏ အောင်ပွဲခံမှု မဟာဗျူဟာ ကို အတုယူလာခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

 

ဤသည်ကို ကြည့်၍ မြန်မာ အရေး အား စေ့ဆပ် ဆွေးနွေး အဖြေရှာ နိုင်မည်ဟု ‌ယူဆနေကြသူများ သတိမူ ရမည့် အချက် နှစ်ချက်ပင် ဖြစ်သည်ဟု ဆိုသည်။

 

တော်လှန်ရေး မဟာမိတ်တပ်များသည် ရန်ကုန်၊ ပဲခူး နှင့် နေပြည်တော် နား အထိ ရောက်လာ‌နေပြီး မန္တလေး အနီး ဧရာဝတီ မြစ်ထဲသို့ မကြုံဖူးအောင် ရေတပ် သင်္ဘောများ လွှတ်ထားရချိန် တွင် မင်းအောင်လှိုင် သည် တွင်းကို နက်သည်ထက် နက် အောင် မိုက်မဲစွာ တူးဆွ နေခြင်း ဖြစ်၍ ၎င်းအပေါ် မည်သို့ မျှ ထင်မြင်ချက် ပေးရန် ပင် မထိုက်တန်တော့ပေ။

 

သမ္မတ ရာထူး ရစေကာမူ လူထု တရပ်လုံး၏ ရွံရှာ မုန်းတီး အထင်သေး ခံနေရသူ တဦး အဖြစ် ရပ်တည်နေရ ရှာသည့် အပြင် ၎င်း၏ အသိဉာဏ် အတိမ် အနက် မည်မျှသာ ရှိသည်ကို အထင်အရှား ထပ်မံပြသလိုက်ခြင်း ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!