မိုက် ဦး မည် ‌လော

by Hla Soewai - Aug 04 2024

ရှမ်း မြောက် ‌တွင် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ သည် တရုတ် ၏ "ဖိအား" ပေးမှု ကြောင့် ဆိုကာ လက်ရှိ ထိုးစစ် အား ဇူလိုင် ၃၁ ရက် အထိ ရပ်ဆိုင်းပေးလိုက် ရသည်ဟု TNLA ခေါင်းဆောင်တဦးက AFP သတင်းဌာနသို့ ပွင့် ပွင့်လင်းလင်း ပင် ပြောလာခဲ့ပြီ ဖြစ်သည်။

 

"အခု ချက်ခြင်း ဆိုသလို အပစ်ရပ်ဖို့ ဖိအားပေးလာနေ တာမို့ ဘယ်လိုမှ ရှောင်၍ မရ ဖြစ်လာလို့ပါ" ဟု အဆိုပါ ပုဂ္ဂိုလ်က ‌ဆိုသည်။

 

သို့သော် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် ရက္ခိတ တပ်တော်မှ အပစ်ရပ်မည် မဟုတ်ဟု ပါရှိသည်။ ကျန် နှစ်ဖွဲ့ကလည်း ထိုရက်များ အတွင်း အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ ထိန်းချုပ် နယ်မြေ များအား ဗုံးကြဲ တိုက်ခိုက်လာမည် ဆိုလျှင် ဆက်၍ တိုက်ခိုက်သွားမည်ဟု သတိပေးလာခဲ့သည်။ ထို့ပြင် မန္တလေး ဒေသကြီး လည်း အပစ်ရပ်ရေး တွင် မပါဝင်ပဲ စဉ့်ကူ မြို့အား အပြီးအပိုင် ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်သည်ဟု သိရသည်။

 

ဇူလိုင် ၃၁ ရက်သည် လက်ရှိ မင်းအောင်လှိုင်၏ အရေးပေါ် အခြေ အ‌နေ ငါးကြိမ်မြောက် သက်တမ်း တိုး မှု အဆုံးသတ် ရမည့် နေ့လည်း ဖြစ်သည်။

 

စိုးဝင်း၏ တရုတ် ခရီးစဉ်လည်း မကြာခင်က ပြီးဆုံးသွားခဲ့ပြန်သည်။ 

 

ထို့သို့ သော အ‌ခြေ အနေများကို သုံးသပ်မည် ဆိုက တရုတ် သည် ဇူလိုင် ၃၁ နောက်ပိုင်း မြန်မာ တွင် နိုင်ငံရေး အပြောင်းအလဲ ကြီး တခု ဖြစ်ရန် ကြံစည်နေသည်ဟု ယူဆစရာ ဖြစ်လာနေသည်။

 

ထို့အတွက်လည်း ၎င်း၏ လူများကို အခုချက်ခြင်းလို အပစ်ရပ်ပြီး အခြေအနေ စောင့်ကြည့်ရန် အတင်းအကျပ် ဖိအားပေးလာခြင်း ဖြစ်နိုင်သည်။

 

ဤနေရာ တွင် စဉ်းစားဖို့ ဖြစ်လာရသည်က ထိုသို့သော အပြောင်းအလဲ တခု ဖြစ်လာနိုင်လျှင် ညီ‌ နောင် သုံးဖေါ် အတွက် ဘာတွေ အကျိုးထူးလာ နိုင်စရာ ရှိနေလဲ ဆိုသည်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် သည် သူ့အလို အလျောက် ရာထူးမှ ဆင်းပေးမည့်သူ မဟုတ်၊ သူ နှင့် သူမိသားစု လုံခြုံရေး အတွက် အာမခံ ပါသည်ဟု ကတိကဝတ်မျိုး ပေးလျင်ပင် စိတ်ချ လက်ချ ရှိ မည်သူ့ မဟုတ်။

 

တရုတ် ဖက်က မင်းအောင်လှိုင်အား ယခု ပုံစံမျိုး ဆက်သွားခွင့် မပေးနိုင်အောင် အခြေအနေများ ဆိုးလာနေပြီ ဖြစ်‌၍ အနည်းဆုံး ကုလသမဂ္ဂ တွင် ၎င်းတို့ အား သံတမန် ရေး အရ အကာအကွယ် ပေးနေမှု ရုတ်သိမ်း ပစ်မည် ဟု အကျပ် ကိုင် နိုင်သည်။ ရုရှားဖက်ကလည်း မြန်မာ နှင့် ပတ်သက်၍ တော့ ၎င်းတို့၏ အဓိက မဟာမိတ် ကြီး ဖြစ်သည့် တရုတ် နှင့် ကန္တေကောစ လုပ်မည် မဟုတ်။

 

တရုတ်မှ ထိုသို့ ရုတ်သိမ်း သွားမည်ဆိုက လက်ရှိ အနေအထား တွင် မင်းအောင်လှိုင် တဖွဲ့လုံး တလ အတွင်း ပြုတ်ကျ ပြီး လူထု ဖက်က အနိုင်ရ သွားနိုင်ခြင်းပင် ဖြစ်သည်။

 

အဖြစ်နိုင်ဆုံးက ၎င်း မှ ကာကွယ်‌ ရေး ဦးစီးချုပ် ရာထူး တွင် ဆက်‌ နေပြီး ဖွဲ့စည်းပုံ ကို ဆိုင်းငံသည် ဆိုကာ သိန်းစိန် ကို အိမ်စောင့် အစိုးရ ပုံစံ ဖြင့် ရွေးကောက်ပွဲ လုပ်ခိုင်း၊ ပြီးလျှင် ၎င်းက သမ္မတ အဖြစ် တာဝန် ဆက်ယူမည် အနေအထား ထိ ဖြစ်လာနိုင်စရာ ရှိနေသည်ဟု သုံးသပ်၍ ရနေသည်။

 

ယင်းသည် မင်းအောင်လှိုင် ဖက်က အဆုံးစွန် လိုက်လျော ပေး နိုင်မည့် အနေအထားပင် ဖြစ်သည်။

 

ထိုသို့ ဖွဲ့စည်းပုံ ဆိုင်းငံ့လိုက်ခြင်းဖြင့် ညီနောင်သုံးဖေါ် ၏ လိုလားချက် များကို လိုက်လျော ဖို့ လမ်းပွင့် သွားမည် ဖြစ်သည်။

 

သိန်းစိန် ဖက်က လက်ခံမည် လက်မခံမည် ဆိုသည်က ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 

 

သိန်းစိန်၏ အိမ်စောင့် အစိုးရသည် လည်း အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆွေးနွေးမည် ဆိုကာ ကမ်းလှမ်းကောင်း ကမ်းလှမ်းလာနိုင်သည်၊ အဓိက အား ဖြင့် ရွေးကောက်ပွဲ လုပ်နိုင်သော အနေအထား ရောက်သည်အထိ သေနတ်သံများ တိတ်သွား‌ စေချင်၍သာ ဖြစ်သည်။

 

တရုတ်ဖက်ကလည်း မြန်မာ လူထု သည် လက်ရှိ ကျီးလန့်စာစား အနေအထားမှ ရှေမတိုး နောက်မဆုပ် ဖြစ်လာနေသည်ကို စိတ်ကုန်ခမ်းစ ပြုလာပြီး အေးရာ အေးကြောင်း နေချင်ကြပြီဟု လိုရာဆွဲတွေး လာကြသည်။ ထိုသို့ တွေးလာ အောင်လည်း ဂဠုန် ဦးစော လက်သစ်များက ပြည်သူ့ ဆန္ဒကို ဖုံးဖိကာ ၎င်းတို့ အာဏာရလာရေး အတွက် ရွေးကောက်ပွဲ လမ်းစဉ်သည်သာ ပြဿနာ၏ အဖြေ ဖြစ်သည်ဟု တရုတ် ကို သွား၍ သွေးထိုး နေကြချိန်လည်း ဖြစ်သည်။

 

ပြီးခဲ့သည့် အပတ် တနင်္လာနေ့ တွင် အမေရိကန် အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အများအပြား မှ မြန်မာ အရေးသည် လုံးဝ စိုးရိမ်စရာ အနေအထား ရောက်လာနေပြီဟု ကြေညာချက် သီးခြား ထုတ်ပြန်လာခဲ့သည်။

 

အဆိုပါ ကြေညာချက် အား ကုလ ဆိုင်ရာ လက်ထောက် အမေရိကန် သံအမတ် ကြီး ရောဘတ် ဝု‌ဒ် မှ သတင်းထောက်များကို ဖတ်ကြားပြရာတွင် "ပဋိပက္ခ နှင့် အကြမ်းဖက် မှု များ အရှိန် မြှင့်လာ နေမှု နှင့် အတူ နိုင်ငံတဝှမ်း တွင် နိုင်ငံတကာ မှ ပြဋ္ဌာန်းထားသော ဥပဒေ ပေါင်းစုံ ကို ချိုးဖောက်နေသည် ဆိုသော ခိုင်လုံသော သတင်းများ ရရှိထားသည့် အတွက် လူသားချင်း စာနာထောက်ထားရမည့် အနေအထား များ ပို၍ နက်ရှိုင်းလာနေမှု အား အဖွဲ့ဝင် နိုင်ငံများက စိုးရိမ် မကင်း ဖြစ်လာနေပြီ" ဟု ပါရှိခဲ့သည်။

 

မင်းအောင်လှိုင်ကတော့ တည်းတည်းလေးမျှ ကျန်တော့သော နိုင်ငံ အ‌ခြေအနေ ကို မျက်ကွယ်ပြုကာ ပြည်ပ အားကိုး နှင့် လိမ်ညာ လှည့်ဖျားရန် အားထုတ်လာနေပြီ ဖြစ်သည်။

 

ပြည်သူများဖက်ကတော့ ယခုလို အနေအထား အထိ ‌‌ သေလုမျောပါး တောင့် ခံခဲ့ကြရပြီးမှ ပန်းတိုင်ကို လှမ်းမြင်‌နေရသည့် ယခုလို အချိန်မျိုးတွင် ထိုသို့ ဖြစ်အောင် တွန်းပို့ခဲ့ကြသူများ နှင့် ၎င်းတို့၏ ကြံရာပါ အမျိုးသား သစ္စာဖေါက်များ မှ မှ မိမိတို့ အပေါ် ဆက်၍ ဂုတ်ခွစီးကာ စီမံ ခန့်ခွဲ ကြမည့် အရေးကို အလျော့ပေး ပြီး အသာတကြည် ခွင့်ပြုကြမည် မဟုတ်၊ ထိုသို့ ခွင့်ပြု ကြမည်ဟု ယူဆ နေသည် ကပင် ရူးသွပ်ခြင်း သက်သက် မဟုတ်ပါလော။

 

နောက်ဆုံး ရသည့် သတင်းအရ တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ဇူလိုင်လကုန်အထိ ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ကြေညာထားသော လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး၊ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများ၏ သတင်းများ ကို ကိုးကားပြီး ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!