အဘယ်‌ ကြောင့် Secret Service သည် ထရန့်ကို မကာကွယ် နိုင်ခဲ့ရသနည်း

by Hla Soewai - Aug 04 2024

ထိုအဖြေသည်ကား ၎င်းတို့၏ လုံခြုံရေး အစီအမံများ အံ့မခန်း ပေါ့လျော့ခဲ့မှု ကြောင့် ပင် ဖြစ်သည်။ စနိုက်ပါ သေနတ် သမားသည် ဒေါ်နယ် ထရန့် နှင့် မီတာ ၁၅၀ ခန့်သာ ကွာဝေးသည် ခေါင်မိုးပေါ်တွင် မည်သို့ မည်ပုံ ရောက်နေရသနည်း။

 

ထရန့်သည် ၎င်း၏ ခေါင်းကို မီလီမီတာ အနည်းငယ်ခန့် စောင်းငဲ့လိုက်ချိန် နှင့် ကြုံသွား၍သာ အသက်ဘေး မှ လွတ်မြောက်သွားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း စနိုက်ပါ သမား သောမတ်စ် မက်သယူး ကရုခ် ၏ လက်ချက် ဖြင့် မဲ‌ဆွယ်ပွဲ သို့ ရောက်လာသူ တဦး သေဆုံးသွားခဲ့သည်။

 

ယခုအခါ တွင် တော့ သမ္မတ၊ သမ္မတဟောင်းများ၊ ၎င်းတို့၏ မိသားစုများကို စောင့်ရှောက်ရန် တာဝန်ယူထားသော Secret Service အဖွဲ့ကြီးသည် "ထိုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်နိုင်" ဟူသော အပြောမျိုးနှင့် ရပ်တည်‌ နေသည့် အတွက် အပြင်းအထန် ဝေဖန်ခံနေရပြီ ဖြစ်သည်။

 

လွှတ်တော် အမတ်များက အဖွဲ့ကြီး၏ ဒါရိုက်တာ ဖြစ်သူ မစ္စက် ကင်ဘာလေ ချီတယ် အား "မည်သို့မျှ လက်သင့် မခံနိုင်သော" ပျက်ကွက်မှု ဟု ဆိုကာ ဇူလိုင် ၂၂ ရက်နေ့ တွင် ၎င်းတို့ ရှေ့သို့လာရောက် အစစ်ခံရန် ဆင့်ခေါ်ထားပြီး လည်း ဖြစ်သည်။

 

 ယခုအခါ ထရန့် လုံခြုံရေး အတွက် လူထပ်တိုး ပေးသွားမည်ဟု ဆိုသည်။ ထို့ပြင် နောက်ထပ် သမ္မ‌တ လောင်း တဦး ဖြစ်သည့် ရောဘတ် ကနေဒီ ဂျုနီယာအတွက်လည်း လုံခြုံရေး ချ ပေးသွားမည် ဖြစ်သည်။

 

သမ္မတ တဦးသည် ခရီးများ ထွက်ခြင်း၊ လူထု အကြား ဆင်းကာ လက်ဆွဲ နှုတ်ဆက်မှု များ၊ ဓါတ်ပုံ အတူ တွဲရိုက်မှုများ တိုးလာ‌နေသည် နှင့် အမျှ အန္တရာယ် လည်း ပိုများလာခဲ့သည်။ 

 

ဂျွန် အက်ဖ် ကနေဒီသည် Secret Service ၏ မျက်စိ အောက်မှာပင် လုပ်ကြံ ခံခဲ့ရသည်၊ သမ္မတ ရောနယ် ရီဂင်သည်လည်း ဒဏ်ရာရရှိခဲ့ဖူးသည်။ ‌ကလင်တန် အိမ်ဖြူ တော် တွင် ရှိနေခိုက် အပြင်မှ သေနတ် နှင့် ပစ်ခတ်ခံရဖူးပြီး ဂျော့ခ်ျ ဒဗလျူ ဘွတ်ရှ် အားလည်း လက်ပစ်ဗုံး နှင့် ထုခြင်း ခံခဲ့ရသည်။ သို့သော် နှစ်ဦးစလုံး အနာတရ မဖြစ်ခဲ့။

 

နှစ်ပေါင်း ခြောက်ဆယ်အတွင်း Secret Service ၏ ဝန်ထမ်း အင်အားသည် ၃၀၀ မှ ၈,၀၀၀ အထိ ဖြစ်လာပြီး နှစ်စဉ် အသုံးစရိတ် ခွဲတမ်းသည် ဒေါ်လာ ငါးသန်း မှ သုံး ဘီလီယံ အထိ ရှိလာခဲ့သည်။

 

အိုဘာမား လက်ထက် တွင် နာမည်ပျက်စရာ များ ဖြစ်လာခဲ့သည်။ ၂၀၁၁ တွင် အိမ်ဖြူတော်အား စနိုက်ပါ သေနတ်သမား ပစ်ခတ်ခဲ့သည်ကို Secret Service မှ ဆောက်လုပ်ရေး လုပ်ငန်းမှ ထွက်လာသော အသံဟု ဆုံးဖြတ်ခဲ့ကြသည်။ နောက်ပိုင်း လေးရက် အကြာတွင် အိမ် တော် သန့်ရှင်းရေး ဝန်ထမ်း တဦးမှ မှန်ကွဲနေသည့် ပြတင်းပေါက် ကို တွေ့၍ အကြောင်းကြားလာမှသာ သေနတ် နှင့် ပစ်ခံရမှန်း သိသွားခဲ့ကြသည်။

 

နောက်တနှစ် တွင် ကိုလံဘီယာ တွင် ပြုလုပ်သော ထိပ်သီး ဆွေးနွေးပွဲ သို့ တက်ရောက်လာသော သမ္မတ အိုဘာမား နှင့် အတူ လိုက်ပါလာသည့် Secret Service အဖွဲ့ဝင်များသည် ဟိုတယ်ရှိ ၎င်းတို့ အခန်းများသို့ မိန်းမပျက်များကို ခေါ်လာခဲ့၍ ၁၀ ဦး အလုပ် မှ ထုတ်ပစ်ခြင်း ခံခဲ့ရသည်။

 

၂၀၁၄ တွင် ဓါးကိုင် လူတဦးသည် ခြံစည်းရိုးကို ကျော်တက်ကာ အိမ်ဖြူတော် သို့ တဟုန်ထိုး ပြေးလာသည်ကို သတိမထားမိပဲ ဖြစ်သွားခဲ့သည်။ ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့သည့် အစိုးရ ခန့် ကော်မရှင် မှ "လေ့ကျင့်သင်ကြားမှု ပိုင်း တွင် ဆိုးဆိုးဝါးဝါး ပျက်ယွင်းနေခြင်း' ဟု ကောက်ချက်ချခဲ့ကြသည်။

 

ဇူလိုင် ၁၃ ရက် ပစ်စဘတ် အနီးရှိ ထရန့် မဲဆွယ်ပွဲတွင် လုံခြုံရေး ပိုင်း သိသိသာသာ ပေါ့လျော့နေသည်ကို တွေ့ခဲ့ရသည်။ Secret Service မှ အတွင်းစည်းဟု သတ်မှတ်ထားသော ဧရိယာ အတွင်းရှိ အဆောက်အဦး ခေါင်မိုးတွင် သေနတ်သမား သည် နေရာယူထား နိုင်ခဲ့သည်မှာ ဒေသခံ ရဲ အဖွဲ့ မှ ထိုအဆောက်အဦးအား တက်ရောက် စစ်ဆေးရန် တာဝန် ရှိသည် ဟု ယူဆထားသောကြောင့် လည်း ဖြစ်သည်။ Secret Service အေးဂျင့်များ အနေဖြင့် ခေါင်မိုး ပေါ်တွင် နေရာယူထားသင့်သည်၊ အဆောက်အဦး အထဲတွင်သာ ရဲတပ်ဖွဲ့ဝင်များ ရှိနေပြီး ခေါင်မိုး ပေါ်တွင် တဦးတလေမျှ ရှိမနေခဲ့။

 

ကွင်းထဲရှိ သူများက သေနတ်သမား ကို တွေ့သွား၍ ရဲများကို အသိပေးပြီး တမိနစ် ခွဲ ကြာမှ စတင် ပစ်ခတ် လာခြင်း ဖြစ်သည်။ ရဲ အဖွဲ့ဝင် တဦးမှ ခေါင်မိုးပေါ် ရောက်အောင် ပြေးတက်သွားနိုင်သော်လည်း သေနတ်သမား က ၎င်းဖက် လှည့်၍ ချိန်ရွယ်လိုက်သဖြင့် နောက်ပြန် ဆုပ်သွားခဲ့ရသည်ဟု ဆိုသည်။ ထိုနောက် သောမတ်စ် မက်သရူး ခရုခ် သည် ‌သေနတ် ပြောင်းဝ ကို ထရန့်ဖက် လှည့်၍ စတင် ပစ်ခတ်လာခြင်း ဖြစ်သည်။

 

Secret Service သည် ထိုသို့သော ပွဲမျိုး ကို လွှတ်နေကျ စနိုက်ပါ သမား အရည်အတွက်ထက် လျော့ပြီး စေလွှတ်ခဲ့သည်။ ထိုနေ့ တနေ့တည်းမှာပင် ဂျိုး ဘိုင်ဒင်သည် ပစ်စဘတ်သို့ ရောက်လာခဲ့၍ နည်းနည်း နှင့် ကျဲကျဲ ဝိုင်းခဲ့ရခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

 

ထရန့်၏ လုံခြုံရေး အတွက် တာဝန်ယူထားရသော အဖွဲ့ သည် အလုပ်များ မနိုင်မနင်း ဖြစ်လာ၍ အတွေ့အကြုံ နည်းသူ များပါ ထည့်သွင်း အားဖြည့်ခဲ့ရသည်။

 

ဂျိုး ဘိုင်ဒင် မှ ထိုဖြစ်ရပ် အပေါ် လွတ်လပ်စွာ စစ်ဆေး နိုင်မည့် အဖွဲ့ ဖွဲ့စည်းသွားရန် ညွှန်ကြားထားသည်။

 

(၂၀၂၄ ဇူလိူင် ၁၆ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "Why did the Secret Service fail to protect Trump from being shot?" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)