လောက်ကိုင် ကို ဗုံးကြဲပြီ

by Hla Soewai - Jul 22 2024

စစ်ကောင်စီ သည် နိုင်ငံတကာ နယ်ခြားစီး များကို ထိန်းချုပ် နိုင်ခြင်း မရှိတော့ပဲ တရုတ်၏ လက်အောက်ခံ တပိုင်း ဖြစ်လာနေပြီ ဆိုသော ဝေဖန်သံ များ ကျယ်လောင်စွာ ထွက်ပေါ်လာနေသည်ကို မခံချင်စိတ် ဖြင့် ဘာမဆို လုပ်ရဲသူကြီးမှ လောက်ကိုင် ကို ဗုံးကြဲရန် အမိန့်ပေးလိုက်ပြီ ဖြစ်သည်။ 

 

စစ်ကောင်စီ ပိုင် တိုက်လေယာဉ် များသည် တနင်္ဂ‌နွေနေ့ နံနက် စောစောပိုင်း ၂ နာရီ ခန့် တွင် လောက်ကိုင် မြို့ပေါ် ပျံဝဲလာပြီး တွန်ချိန် အရပ်ရှိ Fully Light ဟိုတယ် ရှေ့ သို့ ဗုံးများ ကြဲချခဲ့၍ အရပ်သား ပိုင် နေအိမ် လေးလုံးခန့် ပျက်စီးသွားခဲ့သည်။ (ပုံတွင် Fully Light ဟိုတယ်ကို တွေ့နိုင်သည်၊ ဓါတ်ပုံ - မြန်မာနောင်း)

 

MNDAA မှ တရုတ် ကွန်မြူနစ် ပါတီ တတိယ အကြိမ် ပါတီ ညီလာခံ ကျင်းပမည့် ဇူလိုင် ၁၄-၁၈ အတွင်း တိုက်ပွဲ ကို လေးရက်ကြာ ရပ်နားထားမည်ဟု မကြေညာမီ နာရီပိုင်း အလိုတွင် ယခုလို တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

 

ယင်းသည် ၎င်းအပေါ် တရုတ် မှ ပစ်ပစ်ခါခါ ဆက်ဆံလာခြင်းကို မင်းအောင်လှိုင်မှ လက်တုန့်ပြန်လိုက်ခြင်း ဖြစ်ပုံရသည်။ လက်ရှိတွင် MNDAA သည် လားရှိုး မြို့ပြင် တောင်ဖက်ရှိ ခမရ ၅၀၇ အား သိမ်းပိုက်ထားပြီး အရှေ့မြောက်ခြမ်းရှိ ခလရ ၆၈ အား ဆက်လက် ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန် တွင် ရှေ့ဆက် မတိုးရန် သတိပေးသည့် အနေဖြင့် ကြောက်အားလန့်အား တိုက်ခိုက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။ စိုထိုင်းနေသော မီးခြစ်ဆံ ဖြင့် မီးမွှေးရန် ကြိုးစားနေခြင်းမျှသာ ဖြစ်သည်။

 

ဝ တပ်များသည် တန့်ယန်း မြို့အား ရရှိပြီးနောက် မြို့၏ အနောက်ဖက် မိုင် ၄၀ အကွာရှိ မိုင်းရယ် မြို့အား ရှမ်းပြည်နယ် မြောက်ပိုင်း တပ်‌ တော် နှင့် ပေါင်း၍ ဆက်လက် ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ မုံးယိုင်သည် ၎င်းတို့ လှုပ်ရှား နယ်မြေထဲတွင်ရှိ၍ ခြေမြန်လက်မြန် သိမ်းယူလိုက်ခြင်းလည်း ဖြစ်သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုးကြီး စိုင်းစုက အေပီ သတင်းဌာန သို့ ပြောခဲ့သည်။

 

လားရှိုး တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရပြီး TNLA ၏ ဝိုင်းရံ ခံထားရ‌ သော မိုးကုတ် နှင့် မိုးမိတ် တဝိုက် တွင် စစ်ကောင်စီ တပ်သားများသည် အရပ်ဝတ်များဖြင့် လူထု အကြား ပုန်းအောင်းနေကြသည်ဟု သတင်းများက ဆိုသည်။

 

ရွှေဘို ဘက်တွင်လည်း ရိက္ခာ ထောက်ပံ့‌ မပေး နိုင်တော့၍ စစ်ကောင်စီ တပ်များ နှင့် ပျုစောထီး များသည် စခန်း သုံးခုကို အလိုအလျောက် စွန့်ခွာ၍ နေရာပြောင်းရွှေ့သွားကြသည်ဟု သိရသည်။

 

စစ်ကောင်စီ သည် နိုင်ငံ ဧရိယာ ၏ ၅၀ ရာနှုန်း ခန့်လောက်သာ ထိန်းချုပ် နိုင် တော့သည်။ ထို့အတွက် ၎င်းတို့ အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်စွမ်းသည် အားပျော့နေသည်ဟု ပြော၍ မရတော့ပဲ အလယ်ဗဟိုမှ ပြိုလဲလာသည့် အဆင့် ရောက်လာနေပြီ ဖြစ်ကြောင်း ဩစတေးလျှ မဟာဗျူဟာ လေ့လာရေး အင်စတီကျု မှ ထုတ်ဝေသော The Strategist စာစောင်တွင် ဂရေမီ ဒိုဘဲလ်က ရေးသားထားသည်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ၎င်းအပေါ် မည်သူ သစ္စာဖေါက်မည်လဲ ဆိုသည်ကို ဂျုလီယက် ဆီဇာ စစ်ဘုရင်ကြီးကဲ့သို့ စောင့်ကြည့်နေရပြီ ဖြစ်သည်ဟု လက်တင် စကားဖြစ်သော et tu အနေအထား ဟု ‌ရေးသားထားသည်။ သို့သော် ဆီဇာ ဘုရင်ကြီးလို ဘရုတပ်စ် ၏ ဓါးသွား စိုက်ဝင်လာမည် မဟုတ်သော်လည်း စစ်ပွဲ များ အရေးနိမ့်လာမှုသည် မည်သည့် အာဏာရှင်ကို မဆို တခါသုံး ပစ္စည်း လို စွန့်ပစ် ခံရသည့် အခြေ ဆိုက်သွားနိုင်ပေသည်။ 

 

မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် ၎င်းကတိပေးထားသလို ဖြစ်မလာသည့် အပြင် အောက်‌ခြေ တွင် ကျီးလန့်စာစား ဖြစ်လာကုန်ကြသည်။

 

ထိုသို့သော အခြေအနေ နှင့် ကြုံကြိုက်နေရသည့် အာဏာသိမ်း အဖွဲ့အား အကြမ်းဖက်မှု များ လျော့ချဖို့ မည်သို့မျှ နားချ၍ ရမည် မဟုတ်တော့ပေ။

 

အရှေ့တောင် အာရှ နိုင်ငံများသည်လည်း စစ်တပ်၏ တ‌အိအိ ပြိုလဲလာမှု ကို အံ့အားတသင့် စိုက်ကြည့်နေကြပြီဟု လည်း ရေးသားထားသည်။

 

တီမော လက်ဆလီ သမ္မတ ဟိုဆေး ရာမို ဟိုတာ မှ "မြန်မာတို့၏ သမိုင်းတလျောက် စစ်တပ် ယခုလို အရေးနိမ့်သွားခဲ့ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်သည်" ဟု မှတ်ချက်ချခဲ့သည်။ ထို့အတွက် အခြေအနေ များ ယခုထက် ပိုမဆိုးလာခင် ၎င်းတို့စိတ်ထဲ ဆွေးနွေးခြင်စိတ် ရှိနေသည့် ယခုလို အချိန်တွင် ကြိုတင် စည်းကမ်းချက် မသတ်မှတ်ပဲ စားပွဲ ဝိုင်းသို့ ဆွဲခေါ်ရတော့မည် ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

 

လက်ရှိတွင် မင်းအောင်လှိုင် နှင့် အဖွဲ့သည် ပုံမှန် အစိုးရမျိုး ကဲ့သို့ ရပ်တည်ပြီး စေ့ဆပ်‌‌ ‌ဆွေးနွေးခြင်း၊ ပေါ်လစီ အပြောင်းအလဲ များ နှင့် လိုက်‌လျောမှု များ လုပ်နိုင်စွမ်း ရှိမရှိ ဆိုသည်ကိုလည်း ဆန်းစစ် ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်သည် ၎င်းတို့မည်သို့မျှ မနိုင်နိုင်မှန်း သိသော်လည်း မရှုံးရအောင် တင်းခံနေကြခြင်းသာ ဖြစ်သည်၊ ပူတင် သည် ဆိုဗီယက် အင််ပိုင်ယာကြီး ပြန်လည် ထူ‌ ထောင် နိုင်ရန်၊ မင်းအောင်လှိုင်သည် လည်း မြန်မာ့ လူသမဂ္ဂ ကြီး တခုလုံး ကို အစဉ်အလာ ဖြစ်သည့် ၎င်းတို့ အဖွဲ့၏ အုပ်ချုပ်မှု အောက်သို့ ပြန်လည် သွတ်သွင်းရန် ကြိုးပမ်းခဲ့မှုများသည် ယခု ဆယ်စုနှစ် အတွင်း အဆိုးတကာ အဆိုးဆုံး မဟာဗျူဟာ အမှားကြီး များ ကျူးလွန်ခဲ့ကြခြင်းပင် ဖြစ်ပေတော့သည်။

 

သို့သော် ပူတင် သည် အာဏာလက်လွှတ်ရမည့် အနေအထား အထိ မဆိုက်ရောက်သေးသော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များကမူ တိုင်းပြည် ပျက်စီးလာမှု နှင့် အတူ ၎င်းတို့လည်း နိဂုံးချုပ်ရမည့် အဖြစ် နှင့် လတ်တလော ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!