နိုင်ငံတကာ ရေးရာ မိတ်ဆက်(80)

by Hla Soewai - Jul 22 2024

ကျန်းမာရေး ကဏ္ဍ တွင် ကမ္ဘာတဝှမ်း တိုးတက်မှု များ ရရှိလာနေသော် ငြားလည်း လုပ်ရန် ရှိနေသည်များက အမြဲလို တိုးပွားလာနေရစမြဲပင် ဖြစ်သည်။

 

အာဖရိက နိုင်ငံ အများအပြားတွင် လူတဦး၏ သက်တမ်းသည် နှစ် ငါးဆယ် ကျော်ယုံမျှသာ ရှိသည်။ အာဖရိက မြောက်ပိုင်း နိုင်ငံများ တွင်လည်း နှစ် ခြောက်ဆယ် သာ ရှိသည်။ ယင်းသည်ပင် လွန်ခဲ့သော နှစ် နှစ်ဆယ် ခန့် နှင့် ယှဉ်လျှင် သိသိသာသာ တိုးတက်လာခြင်းလည်း ဖြစ်သည်။

 

ကူးစက်ရောဂါများ၏ ခြိမ်းခြောက်မှု ကို ခံနေရဆဲလည်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း ဂလိုဘယ်လိုက်ဇေးရှင်း အားကောင်းလာသည် နှင့် အမျှ ခရီးသွားလာမှု လွယ်ကူလာခြင်းကြောင့် ကူးစက်မြန်လာခြင်းလည်း ဖြစ်ပေသည်။ 

 

မြို့ပြများ ဖွံ့ဖြိုးလာပြီး ရာသီဥတု ပူနွေးလာခြင်း တို့သည် ရောဂါ ဖြစ်ပွားမှု နှင့် ကူးစက်မှု နှုန်း မြန်ဆန်အောင် အခြေအနေများ ဖန်တီးပေးသလို ဖြစ်ခဲ့ရသည်။ ဒုက္ခသည် ဦးရေ များပြားလာခြင်းကြောင့် ဝမ်းရောဂါ နှင့် ဆုံဆို့နာ ရောဂါ များ ဖြစ်ပွားမှု လွယ်ကူလာရသည်။

 

လက်ရှိ ဇီဝ ပိုးမွှား ကာကွယ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်း၊ အသစ် ထပ်မံ စမ်းသပ်ရှာဖွေရန် ရံပုံငွေ အလုံအလောက် မရှိခြင်း များ ကြောင့် လည်း ဆေးဒဏ်ကို ခံနိုင်စွမ်း ရှိသည့် ဇီဝရုပ် များ တနေ့တခြား ပေါများလာပြီး ကုသရန် ခက်ခဲလာခဲ့သည်။ ထို့အတွက် ‌ဗိုင်းရပ်စ် ပိုးများ ရှိလာခဲ့လျင် ကာကွယ်ရန် နှင့် ကူးစက်ခံရသူ များအား အောင်မြင်စွာ ကုသ ပေး နိုင် လိမ့်မည်ဟု အာမခံ နိုင်စွမ်း မရှိတော့ပေ။

 

ပြီးခဲ့သည့် နှစ်များ အတွင်း ကမ္ဘာလူသား များသည် ၎င်းတို့၏ အသက်အန္တရာယ် ကို ခြိမ်းခြောက်လာနေသည့် အသက်ရှု လမ်းကြောင်း ပိတ် ရောဂါ၊ ဇီကာ၊ အီဘိုလာ ကဲ့သို့ ရောဂါများ နှင့် ရင်ဆိုင်လာခဲ့ရသည်။ (စာအုပ် ရေးသားပြုစုနေချိန်တွင် ကိုဗစ် ဖြစ်ပွားခြင်း မရှိသေးပေ။)

 

တချိန်တည်း တွင် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ကူးစက်သွားနိုင်မည့် ကပ်ရောဂါကြီး ဖြစ်ပွား မလာနိုင်ဟု ပြော၍ မရပေ။ ရှိနေပြီးသား ကာကွယ်ဆေးများသည်လည်း လုံလောက် ချင်မှ လုံလောက်ပေမည်၊ ပြင်းထန် လှသော တုတ်ကွေး ရောဂါပိုး သည် ရာသီ တရာသီ တွင် ရုတ်ခြည်း ပေါ်လာပြီး တကမ္ဘာလုံးသို့ လျှင်မြန်စွာ ကူးစက်သွားနိုင်ပေသည်။ ရောဂါပိုး ၏ ဇစ်မြစ် နှင့် သဘာဝကို အတိအကျ သိလာသည့် အချိန်တွင်တော့ တကမ္ဘာလုံးသို့ ပျံ့နှံပြီး အမြစ်တွယ်ပြီးသား ဖြစ်နေပေမည်။

 

စပိန် တုပ်ကွေး ကပ်ရောဂါကြီး ဖြစ်ပွားခဲ့စဉ်က အနည်း ဆုံး လူ သန်း ငါးဆယ်ခန့် သေဆုံးသွားခဲ့သည်ဟု ခန့်မှန်းခဲ့ကြသည်။ လူ့အသက်အန္တရာယ်ကို ပြင်းထန်စွာ ဒုက္ခပေးနိုင်သည့် တုတ်ကွေး ရောဂါမျိုး ပေါ်ပေါက်လာခဲ့မည် ဆိုလျှင် သက်ကြီးရွယ်အို များ နှင့် ငယ်ရွယ်သူ သန်းပေါင်း ရာနှင့် ချီ၍ ထိခိုက် နိုင်ခြေ ရှိနေပြီး ကမ္ဘာစီးပွားရေးသည် အကြီးအကျယ် ထိုးနှက်ခံရနိုင်သည်၊ ခရီးသွားလာမှု များ ကန့်သတ်လာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု များ မနိုင်မနင်း ဖြစ်လာခြင်း၊ လူများ အလုပ်ဆင်းပါက ကူးစက် နိုင်ခြေ ရှိနေ၍ စက်ရုံ အလုပ်ရုံ၊ ရုံးများ ပိတ်ထားရခြင်း များ ဖြစ်လာနိုင်သည်။

 

ထိုသို့ ကူးစက်ရောဂါများ အပြင် ကမ္ဘာကျန်းမာရေး ကို ခြိမ်းခြောက်လာနိုင်သည်က ကူးစက်နိုင်ခြင်း မရှိသည့် နှလုံးရောဂါ၊ အသက်ရှု လမ်းကြောင်းနှင့် ဆိုင်သော ရောဂါ၊ ကင်ဆာ၊ ဆီးချို ရောဂါများလည်း ရှိနေသည်။၊

 

၁၉၉၀ စာရင်းများ အရ ကမ္ဘာတွင် အသေအပျောက် အများဆုံး ရောဂါ ခုနှစ်မျိုး တွင် ကူးစက်နိုင်ခြင်း မရှိသော ရောဂါ သုံးမျိုး ပါဝင်နေသည်။ ၂၀၁၅ တွင် သုံးမျိုး မှ ခြောက်မျိုး အထိ ဖြစ့်လာသည်။ ကူးစက်နိုင်ခြင်း မရှိသော ရောဂါများသည် ကမ္ဘာတွင် လူ သေဆုံးမှု အများဆုံး ဖြစ်လာခဲ့သည်။ ၂၀၁၂ တွင် တကမ္ဘာလုံး ၅၆ သန်း သေဆုံးသွားခဲ့ရာတွင် ကူးစက်နိုင်ခြင်း မရှိသော ရောဂါ ကြောင့် သေဆုံးသူ ၃၈ သန်း ရှိသဖြင့် စုစုပေါင်း၏ ၆၈ ရာနှုန်း ရှိနေသည်။ ၂၀၃၀ အရောက်တွင် အဆိုပါ အရည်အတွက်၏ ငါးဆ ခန့် မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

 

ဤသည်ကလည်း ကူးစက်ရောဂါများကို တိုက်ဖျက်ရာတွင် တိုးတက်မှု များ ရရှိလာခဲ့မှု များ ကြောင့် နှင့် လူ့သက်တမ်း ရှည်ကြာလာမှု များ ကြောင့်လည်း ဖြစ်သည်။

 

ကူးစက်နိုင်ခြင်း မရှိသော ရောဂါများသည် မျိုးရိုးဗီဇ နှင့် သက်ဆိုင်နေသည်။ ဥပမာ နှလုံး သွေးကြောကျဉ်း ရောဂါ မျိုး ဖြစ်သည်။ နောက်ထပ် အကြောင်းရင်း တခု က ညစ်ညမ်းသော ပတ်ဝန်းကျင် နှင့် ကာလ ကြာရှည်စွာ ထိတွေ့နေရမှု ဖြစ်သည်။

 

ကူးစက်ခြင်း မရှိနိုင်သည့် ရောဂါများ ဖြစ်လာရခြင်းသည် လူတို့၏ အနေအထိုင် များ နှင့် သက်ဆိုင်နေတတ်သည်။ အထိုင်များခြင်း၊ အစားအသောက် မဆင်ခြင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေး နှင့် အရက်သေစာ သောက်စားခြင်း တို့ ဖြစ်သည်။ လူတို့ သက်တမ်း ရှည်ကြာလာသည် နှင့် အမျှ စိတ်ရောဂါ၊ ဦးနှောက်ထိခိုက် မေ့လျော့တတ်လာမှု၊ အယ်ဇိုင်းမား ကဲ့သို့ ရောဂါများ ပို၍ အဖြစ်များလာခဲ့သည်။

 

ကူးစက်နိုင်ခြင်း မရှိသည့် ရောဂါများ အတွက် ကုသရမည့် ကုန်ကျစရိတ်သည် ကြီးမားတတ်သည်။ အသုံးပြုရမည့် ဆေးဝါးများသည်လည်း လက်လှမ်း မမှီ နိုင်အောင် ဈေးကြီးနေသည်က များပေသည်။ ထိုသို့ ရောဂါမျိုး ဖြစ်ပွားလာပါက လုပ်ငန်းခွင် မဝင်နိုင်တော့၍ စီးပွားရေး ဖက်တွင် ထိခိုက်ခဲ့ရသည်။ "တအောင်စ ပမာဏ ဖြင့် ကြိုတင်ကာကွယ်ခြင်းသည် တပေါင် ခန့် ကုန်မည့် ကုသစရိတ် နှင့် တန်ဖိုးခြင်း တူသည်" ဆို ‌သော ဆိုရိုးစကားလည်း ရှိပေသည်။

 

ပညာပေးခြင်း၊ ဖြစ်ပေါ်လာမည့် သက်ရောက်မှု များ အတွက် အချက်အလက်များ ထုတ်ပြန်ခြင်း၊ အရက် နှင့် ဆေးလိပ်အား ‌အလွယ်တကူ မရရှိအောင် နှင့် ဈေးကြီးအောင် ပြုလုပ်ထားခြင်း၊ လုပ်ငန်းခွင် တွင် ကျန်းမာရေး နှင့် ညီညွတ်မှု ရှိမရှိ စစ်ဆေးခြင်း၊ လူနေ ပတ်ဝန်းကျင် သန့်ရှင်းအောင် စီမံခြင်းတို့ ဖြစ်သည်၊ ဖေါက်ဖျက်သည်ကို တွေ့ရှိက အပြစ်ပေး အရေးယူရမည် ဖြစ်သည်။

 

ဖွံ့ဖြိုးဆဲ နိုင်ငံ များ ၏ အခြေခံ ကျန်းမာရေး စောင့်ရှောက်ပေး မှု များ တိုး၍ ရရှိမည် ဆိုက ကျန်းမာရေး ကဏ္ဍ တွင် တိုးတက် ပြောင်းလဲမှု များ ဖြစ်ပေါ်လာနိုင်ပေသည်။ လူများသည် ရောဂါ ဆန်းစစ် ရန် နောက်ကျ မှ ရောက်လာတတ်၍ ကုသပေးရေး တွင် အခက်အခဲများ ကြုံလာရသည်။

 

အထက်တွင် ဖေါ်ပြခဲ့သည်များ ချမှတ်အကောင်အထည် ဖေါ် ရေး တွင် လူတဦးချင်းစီ မှသည် နိုင်ငံရေး ကဏ္ဍများ အထိ ဆန့်ကျင်မှုများ ရှိနေခဲ့သည်။