မင်းအောင်လှိုင် စစ်တမ်း

by Hla Soewai - Jul 22 2024

မင်းအောင်လှိုင်သည် ယခု အချိန်ထိ မိုက်ရူးရဲ ဆန်စွာဖြင့် ရေဆန်ကို ရှိသမျှ အားဖြင့် လှော်ခတ်နေဆဲ ဖြစ်သော်လည်း ပြည်ပ အစိုးရ များ နှင့် လူထု တရပ်လုံးက ဖြစ်ပေါ်လာနိုင်သည့် မြန်မာပြည်၏ အနာဂတ် သည် ကိုယ်မင်းကိုယ်ချင်း ဖြစ်လာမည်လော ဟု စိုးရိမ်တကြီး တွေးတော ‌နေကြပြီ ဖြစ်သည်။ နိုင်ငံ ပြိုကွဲ မသွားအောင် တိုင်းရင်းသား တပ်ဖွဲ့ များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ တို့အကြား ထိုအရေး ကို ဆွေးနွေး ဖြေရှင်းသွားနိုင်မည် လော ဆိုသည်အထိ စဉ်းစားလာကြသည်။

 

ထိုထက်ပို၍ လတ်တလော စဉ်းစား ရမည်က အထက်တွင် ဖေါ်ပြခဲ့သလို ဖြစ်လာမည်ဆိုက မင်းအောင်လှိုင် ဖက်က မည်သို့ မည်ပုံ လှုပ်ရှားလာမည် ဆိုခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ဧရာဝတီ တွင် ၎င်း၏ အမြင်ကို ရေးသားထားသည်ကို ကောက်နှုတ် တင်ပြလိုပါသည်။

 

မြန်မာ ပြည်သူများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့များ နှင့် နိုင်ငံတကာ မှ နိုင်ငံ အတွက် အနာဂတ် ကောင်း ထွက်ပေါ်လာရန် ၎င်း ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မှု များ အတွက် မည်သို့ တာဝန် ခံစေမည်နည်း။

 

မင်းအောင်လှိုင် ခေါင်းထဲတွင် ရှိနေသည်က ၎င်း၏ ကြွယ်ဝချမ်းသာမှု၊ မိသားစု နှင့် အသက် ရန်ရှာလာမည့် အရေးကို ကာကွယ်ရန် အာဏာသိမ်းယူ ဆုတ်ကိုင်ထားသည့် နည်းလမ်းမှ လွဲ၍ အခြား မရှိတော့ဟူ၍ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၀၂၀ ရွေးကောက်ပွဲ တွင် သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခြင်းသည် ၎င်း၏ ဘဝ ကံဆိုးမိုးမှောင် ကျခဲ့လေပြီ ဟု ဆိုက သမ္မတ အဖြစ် ခန့်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုလာခဲ့သည်။

 

၎င်း အားကိုးအားထား ပြုရာ USDP ပါတီသည်လည်း ရွေးကောက်ပွဲ တွင် နှစ်ကြိမ် ဆက်တိုက် ရှူံးနိမ့်ခဲ့မှုကြောင့် စစ်ခေါင်းဆောင်များ နှင့် ခပ်ကင်းကင်း နေပြီး ပြုပြင်ပြောင်းလဲရေးများ လုပ်သွားရန် စဉ်းစားနေကြသည့် အချိန်ဖြစ်ပြီး နိုင်ငံတကာ တရားရုံးချုပ်မှလည်း ၂၀၁၇ အတွင်း ၎င်း ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှု များ အတွက် ခုံရုံးတင် ပြစ်ဒဏ်စီရင်လာမည့် အနေအထားများလည်း တွေ့လာရသည်။

 

အိုင်စီဂျေ မှ ဆင့်ခေါ်လာပါက ၎င်းအား သန်းရွှေလို ကျန် သည့် စစ်ဗိုလ်ချုပ်များက အကာအကွယ် ပေးမည်ဆိုသည်ကို လည်း မည်သို့မျှ စိတ်ချယုံကြည်ထား၍ မရသည့် အပြင် အဆင်း ဝိုင်း ဘီးတွန်းမည်ကိုပင် စိုးရိမ်နေရသည်။

 

မင်းအောင်လှိုင်ဖက်က ထိုသို့ တွေးနေ နိုင်သည် ဆိုသည်က မြင်သာနေသော်လည်း လေ့လာသူ အများစု အနေဖြင့် ၎င်း ဖက်က ရွေးချယ်လာနိုင်မှု များကို ခန့်မှန်းနိုင်စွမ်း မရှိခဲ့မှုကြောင့် အာဏာသိမ်း မည့် အလားအလာ ကို လျော့ပေါ့ တွက်ဆခဲ့ကြသည်။ အားလုံးက အာဏာသိမ်းမည် ဆိုက နိုင်ငံရေး အရရော၊ စီးပွားရေး အရပါ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည် ဆိုသည်ကို တွက်ဆ ထားကြသောကြောင့်လည်း ဖြစ်သည်။

 

သို့သော် လက်အောက် စစ်ဗိုလ်ချုပ်များ၏ သစ္စာဖောက် ခံရမည့် အရေး၊ ချမ်းသာကြွယ်ဝသမျှ လက်လွှတ်ရမည့် အရေး၊ အရှက်တကွဲ နှင့် ညိုးညိုးငယ်ငယ် နေထိုင်သွားရမည် အရေးများ ထက်စာလျှင် ရေနစ်သူ တဦး ကောက်ရိုးမျဉ် ကို လှမ်းဆုပ်သလို အာဏာသိမ်းပြီး စွန့်စားသွားရမည်က တော်ပေသေးသည်ဟု ယူဆခဲ့သည်။

 

၎င်းအား တပ်တွင်း တွင်သာမက အပြင်ကလည်း လူကြိုက် မများသည်ကို သိသိကြီး နှင့် အမိန့်နာခံရမည် ဆိုသော စစ်တပ် အစဉ်အလာကို အခွင့်ကောင်းယူ အသုံးချကာ အာဏာသိမ်းယူလိုက်ခြင်းလည်း ဖြစ်သည်။

 

သန်းရွှေသည် ၎င်း အပေါ် အင်မတန် ကျိုးနွံ၍ သစ္စာရှိ လူယုံ အဖြစ် သတ်မှတ်ထားသည့် မင်းအောင်လှိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် စစ်တပ်၏ နိုင်ငံရေး အခန်းကဏ္ဍ ကို ထိန်းသိမ်းသွားပြီး ဒု ခေါင်းဆောင် စိုးဝင်းကို ဦးဆောင်စေလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

 

မင်းအောင်လှိုင် အာဏာသိမ်းသည့် လုပ်ရပ်အား ကျန်သည့် စစ်ဗိုလ်ချုပ်များက ၎င်း၏ အကျိုးစီးပွား သက်သက်ကို ကာကွယ်လို၍ ဖြစ်သည်ဟု အဘယ် ကြောင့် မယူဆခဲ့ကြသနည်း။ ၎င်းတို့ဖက်ကလည်း မင်းအောင်လှိုင်လို လူမိုက် လုပ်မည့်သူ ရှိက ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည်ဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ စစ်ခေါင်းဆောင်များ သည် ၎င်းတို့ အကျိုးစီးပွား အတွက် အခု မလုပ်လျင် နောက်တကြိမ် အခွင့်အရေး မရတော့ ဟု ဆိုကာ အဖွဲ့အစည်း အပေါ် သစ္စာဖေါက်လိုက်ကြခြင်းလည်း ဖြစ်သည်။

 

၎င်းတို့ အားလုံးသည် ကမ္ဘာတွင် ဖြစ်ပျက်နေသည်များကို ကောင်းစွာ သိနားလည် မှု မရှိသည့်အပြင် အမျှော်အမြင်လည်း မရှိကြ၍ ယခင် အာဏာသိမ်း လက်စွဲ စာအုပ်ကြီးကို ဖွင့်ကာ ‌တသွေမတိမ်း လိုက်လုပ်လာကြသည်။

 

နောက်ပိုင်း စစ်ရေးအရ အရေးနိမ့်လာမှု များ နှင့် ကြုံလာရသည့်အခါ စစ်တပ် အတွင်း နှင့် ပြင်ပရှိ ထောက်ခံသူများ အကြား ကျီးလန့်စာစား ဖြစ်လာပြီး စစ်ခေါင်းဆောင်များ၏ ကာလကြာမြင့်စွာ အကျင့်ပျက် ခြစားနေမှု နှင့် ခေါင်းဆောင်မှု အားနည်းခြင်း များကြောင့် ဆိုသည်ကို သဘောပေါက်လာကြသည်။ သို့သော် မင်းအောင်လှိုင် နှင့် အပေါင်းအပါများ၏ ကိုယ်ကျိုး ကြည့်မှု များ ကြောင့် မြေပြင်တပ်များ အရေးနိမ့် ခဲ့ရခြင်း ဆိုသည်ကို မြင်အောင် ကြည့်တတ်သူ အနည်းငယ်သာ ရှိပုံရသည်။

 

မင်းအောင်လှိုင် အား ပြည်တွင်းတွင် သဘောမကျ ဖြစ်လာမှု သည် တရုတ် ခေါင်း‌ ဆောင်ပိုင်း သို့ပင် ကူးစက်လာခဲ့သည်။ အထူးသဖြင့် ၎င်းတို့ နိုင်ငံသားများ အပေါ် ပြစ်မှတ်ထားနေသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ကာလကြာမြင့်စွာ လျစ်လျု ရှု့ထားခဲ့မှု အပေါ် စိတ်ပျက်လာကြသည်။ 

 

ထို့အတွက် တရုတ်သည် မင်းအောင်လှိုင် နှင့် အဖွဲ့ အရှက်ရမည့် အရေးကို ထည့် မစဉ်းစားပဲ ကိုယ်တိုင်ကိုယ်ကျ နှိမ်နှင်းလာသည့် အခါတွင်တော့ မင်းအောင်လှိုင်သည် ၎င်း၏ ရပ်တည်နိုင်ရေး အတွက် စိုးရိမ်မကင်း ဖြစ်လာပြီး တရုတ်တို့ အား ချော့သည့် အနေဖြင့် ထိတ်တန်း စစ်ဗိုလ်ချုပ် ကြီး အနည်းငယ်ကို ချက်ခြင်း ဆိုသလို ထိုး‌ကျွေးလာခဲ့သည်။ ထို့အတွက်လည်း လက်အောက်ငယ်သားများအကြား ၎င်းအပေါ် မယုံကြည်နေမှု သည် ပို၍ပင် ‌ဆိုးလာခဲ့သည်။

 

သို့သော် ကိုယ်ကျိုး စီးပွား အဓိက ထားကာ လက်ချင်းချိတ်ထားကြသော စစ်ခေါင်းဆောင်များ အကြား ပြိုကွဲ လာနေပြီးလား ဆိုသည်ကို ပြောရန် စောသေးသော်လည်း မကြာခဏ ရာထူးမှ ဖယ်ရှားခံနေရသော ဝန်ကြီးများ၊ မဆုပ်မနစ် ‌ထောက်ခံမှု ပေးခဲ့ကြသည့် သစ္စာခံ လူဟောင်းကြီးများအား ဖမ်းဆီးနေမှု များက ၎င်းတို့အကြား အက်ကြောင်းများ ထလာနေပြီ ဆိုသည်ကို ပြဆိုနေပေသည်။ 

 

လက်ရှိ အနေအထား တွင် စစ်တပ် အပေါ် သစ္စာခံခဲ့သူ များ၏ အနာဂတ်သည် မည်းမှောင်လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင် အဖွဲ့ အောင်ပွဲ ခံနိုင်မည် ဟူသော မျှော်လင့်ချက်ကိုသာ ဆုပ်ကိုင်ထားနေရသည်။

 

မင်းအောင်လှိုင်သည် လက်ရှိ အကျပ်အတည်းကြီး အဆုံးသတ်ရေး တွင် အခရာ ကျနေသည်။ ၎င်း အဖို့ အာဏာသိမ်းပြီး သုံးနှစ်ခွဲ ရောက်လာသည့်တိုင် လက်တွင် သွေးများ က ထပ်၍ ထပ်၍သာ စွန်းထင်းနေမြဲ ဖြစ်သည်။

 

ထို့အတွက် ကြောင့်လည်း နိုင်ငံတကာ မှ ဖြန်ဖြေပေးမှု ဖြင့် ဖြေရှင်း ပေးခြင်းမျိုးအား တော်လှန်ရေး ဘက်တော်သားများ ပြတ်ပြတ်သားသား အောင်ပွဲခံချင်း မျိုး နှင့် အတူတူ ပင် ဖြစ်လိမ့်မည်ဆိုကာ မင်းအောင်လှိုင် အဖို့ မည်သို့မျှ လက်ခံနိုင်စရာ မရှိ ဖြစ်လာနေသည်။

 

စစ်တပ် နှင့် အာဏာခွဲဝေ အုပ်ချုပ်သွားရန် လက်ခံသည် ဆိုစေဦး မင်းအောင်လှိုင် အား မည်သို့ လုပ်ရမည် ဆိုသည် ပြဿနာကို ‌ဖြေရှင်းရတော့မည် ဖြစ်သည်။ ၎င်း ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ ကြောင့် သန်းရွှေကဲ့သို့ ထား၍ မရတော့ဆိုသည်ကို အားလုံးက လက်ခံထားကြပြီး ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ခေါင်းဆောင်များက သင်ပုန်းချေ မည် ဆိုလျှင်ပင် လူထု ဖက်က လိုလိုလားလား ရှိကြမည် မဟုတ်ပေ။ လက်ခံမည် ဆိုလျင်ပင် ၎င်းတို့ မိသားစု အဖို့က တသက်လုံး အထိတ်တလန့် နှင့် နေသွားကြရမည်သာ ဖြစ်သည်။

 

ပြဿနာ များ ကို ‌ဖြေရှင်း ပြီး ရှေ့ဆက် နိုင်ဖို့ သက်ဆိုင်နေသူ များ အနေဖြင့် ဂဠုန် ဦးစော ကဲ့သို့ပင် မင်းအောင်လှိုင်အား လူထု ၏ တဦးတည်းသော ရန်သူ အဖြစ် သတ်မှတ်လိုက်ခြင်းသည်သာ လက်တွေ့ကျသော နည်းလမ်း ဖြစ်ပေလိမ့်မည်။

 

မင်းအောင်လှိုင်သည် ယခင် အာဏာရှင် အဆက်ဆက် ရှိခဲ့သော ရန်သူများ ပေါင်းလျှင်ပင် ၎င်းကို မှီမည် မဟုတ်ဟု ဆိုရမည် အထိ များပြားလှသည်။ ၎င်း၏ အစွမ်းအစ ဖြင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခု တလေနှင့် မျှ အပစ်အခတ် ရပ်စဲအောင် မလုပ်နိုင်ခဲ့။ ဘာသာရေး တယူသန်များ၊ USDP အဖွဲ့သားများ နှင့်လည်း စိတ်ဝမ်းကွဲလာသည်။ အောက်ခြေ အရာရှိ အရာခံ တပ်သားများသည်လည်း စိတ်ဓါ‌တ်များ တဟုန်ထိုး ကျဆင်းလာနေ၍ ပွဲတိုင်းရှုံး တပ်ကို ကြီးကြပ်နေရသည်။ ထို့အပြင် ဂျီနိုဆိုက် ဖြင့် ခုံရုံးတင်ခံရမည့် အနေအထား ရှိနေပြီး အွန်လိုင်း လူလိမ်ဂိုဏ်းများ နှင့် ပတ်သက်နေသည် ဆိုကာ အရေးယူ ခံရနိုင်သည်။ စီးပွားရေး ပိုင်း လည်း ပျက်စီးသွားပြီ ဖြစ်၍ ခရိုနီ အသစ် အဟောင်းတို့၏ ဝင်ငွေများလည်း ကျဆင်းကုန်ပြီ ဖြစ်သည်။

 

ထိုသို့သော လူမျိုး ဒုက္ခရောက်ပြီဆိုလျှင် သူရူး မှ လွဲ၍ ၎င်းဖက်က ရပ်တည်ပေးမည့် လူ က မရှိသလောက်ပင် ဖြစ်ပေလိမ့်မည်။

 

မင်းအောင်လှိုင် ကျဆုံးခန်းသည်က ဘယ်အချိန်လောက် ဖြစ်မည်နည်း ဟု မှန်းဆဖို့သာ ကျန်တော့သည်။ စစ်တပ် အပါအဝင် သက်ဆိုင်နေသူ အားလုံးက ၎င်း၏ ကျဆုံးခန်း အလဟသ ဖြစ်မသွားအောင် လုပ်ရပေမည်။

 

လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေး၊ တိုက်ပွဲများ အဆုံးသတ်ရေး၊ အာဆီယံ အချက် ငါးချက်၊ တိုင်းရင်းသား ထိန်းချုပ် နယ်မြေ များ နှင့် ထိတွေ့ဆက်ဆံရေး တို့သည် အဓိပ္ပါယ် ပြည့်ဝသော ငြိမ်းချမ်းရေး ဖေါ်ဆောင်ကာ ပဋိပက္ခ များ အဆုံးသတ်ရေး အတွက် ဝင်ရောက်နိုင်မည့် တံခါး ပေါက်များ ဖြစ်သည်၊ ထိုသို့ တာဝန်အရှိဆုံး လူပုဂ္ဂိုလ် တဦး တယောက်တည်း အပေါ် မူတည် ဖြေရှင်းမှု မရှိ ဆိုက ထိရောက်မှု ရှိတန်သလောက် ရှိမည် မဟုတ်ပေ။

 

နိုင်ငံသည် အင်အား တောင့်တင်းသော စစ်တပ် လိုအပ်သည် ဆိုသော အပြောများ ရှိသော်လည်း နိုင်ငံနှင့် စစ်တပ်သည် မင်းအောင်လှိုင်ကို လိုအပ်နေသလော။ မင်းအောင်လှိုင်ကကော သူ့ အကျိုးထက် အဖွဲ့အစည်း အကျိုး ကို ဦးစားပေးကာ ထွက်ပေါ်လာမည့် ဖြေရှင်းချက် ကို လက်ခံမည်လော။

 

သန်းပေါင်းများစွာသော လူများအား ဒုက္ခသုက္ခ အမျိုး မျိုး‌ ပေး ခဲ့ယုံမက နိုင်ငံ သမိုင်းတွင် အဆိုးဝါးဆုံးဟု ဆိုရမည့် အကျပ် အတည်း ကြီး ဖန်တီးခဲ့သူ တယောက်အား ပြစ်ဒဏ် စီရင်နိုင်မှသာ လူထု နှင့် အခြား သက်ဆိုင် ပတ်သက်နေကြသည့် stakeholders များ အားလုံး အကြား ညီညွတ်မှု ကို ဖေါ်ဆောင် နိုင်ပြီး လက်ရှိ ပဋိပက္ခကြီး ကို အဆုံးသတ်‌ ပေးနိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်မှု မုချ ‌အောင်ရမည်!!!

 

ဧရာဝတီ သတင်းစဉ် တွင် ပါရှိသည့် "Why Min Aung Hlaing Could Be the Unifying Figure for Myanmar Peace Efforts" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။"