လားရှိုး နှင့် ခုနှစ်မိုင်၊ မန္တလေး နှင့် ဆယ်မိုင် အကွာ

by Hla Soewai - Jul 22 2024

ဤသည်ကား တော်လှန်ရေး ပူးပေါင်း တပ်များ ရှေ့သို့ ချီတက် ‌လာနေသည့် လမ်းကြောင်းပင် ဖြစ်သည်။

 

MNDAA ဦးဆောင်သော မဟာမိတ် တပ်များသည် လားရှိုး မြို့ အနောက်တောင်ဖက် အဝင် ခုနှစ်မိုင် အကွာရှိ စစ်ကောင်စီ ၏ မယ်ပန် စစ်ဆေးရေး ဂိတ်ကို သိမ်းပိုက် နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်၍ ဖြစ်ပွားလျက် ရှိနေသည်။

 

စစ်ကောင်စီ တပ်များသည် ယခုအခါ မြို့အဝင်ရှိ နာမခေါ ရွာ အနီး ပြန်လည် စုရုံးလျက် ရှိနေသည်။ တနင်္လာနေ့ တနေ့လုံး လက်နက်ကြီးများ ဖြစ် ဒလစပ် ပစ်ခတ်နေသည်ဟု သိရသည်။

 

လားရှိုး တိုက်ပွဲသည် MNDAA မှ လေးရက်ကြာ အပစ်အခတ် ရပ်စဲမည်ဟု တဖက်သတ် ကြေညာထားသော်လည်း စစ်ကောင်စီ ဖက်မှ ဆက်လက် တိုက်ခိုက်လာခြင်း ဖြစ်သည်။ ၎င်းတို့ တိုက်လေယာဉ် များ ဖြင့် လည်း ဗုံးများ ကြဲချခဲ့ခြင်း ကြောင့် အရပ်သား များ ‌သေဆုံးမှု မြင့်တက်လာခဲ့သည်။

 

ကျောက်မဲ-လားရှိုး လမ်းမကြီး တလျောက်ရှိ တပ်စခန်း အားလုံး နှင့် လားရှိုး နည်းပညာ တက္ကသိုလ် ကိုလည်း စစ်ကောင်စီ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

 

ယခုအခါ MNDAA သည် လားရှိုး မြို့ အမှတ် (၁) ရပ်ကွက် အတွင်း ဝင်ရောက်နိုင်ရန် ဆက်လက် ထိုးစစ် ဆင်လျက် ရှိသည်။

 

ထိုသို့ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားနေမှု အပေါ် တရုတ် အစိုးရ မှ ရေငုံ နှုတ်ပိတ် နေသဖြင့် မင်းအောင်လှိုင် အား ယခု လကုန်ပိုင်း အရေးပေါ် သက်တမ်း ထပ်မတိုးပဲ နှုတ်ထွက်ရန် ဖိအား ပေးနေပုံ ရသည်ဟု ယူဆရသည်။

 

စစ်ကောင်စီ ၏ ခိုလှုံရာ အရပ် ဖြစ်သော နေပြည်တော် လေဆိပ်သို့ ဇူလိုင် ၁၆ ရက်နေ့တွင် တော်လှန်ရေး တပ်များမှ ဒုံးကျည် နှစ်စင်း ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့သည် ဟု AFP သတင်းတွင် ပါရှိလာသည်၊ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ၎င်းတို့ နှင့် လက်တကမ်း အကွာသို့ ရောက်နေပြီ ဖြစ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

မန္တလေး မြောက်ဖက် ဆယ်မိုင်ခန့် အကွာ မတ္တရာရာ မြို့နယ် တွင် ရှိသော အယ်ဖါ ဘိလပ်မြေ စက်ရုံအား မန္တလေး ပြည်သူ့ ကာကွယ် ရေး တပ်များက သိမ်းယူလိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီ တပ်များသည် မဆုတ်ခွာမီ စက်ရုံအား မီးတင်ရှို့ခဲ့ကြသော်လည်း အဆောက်အဦး၏ ခိုင်ခန့် မှု ကြောင့် မဆိုသ‌လောက်သာ ပျက်စီးသွားခဲ့သည်ဟု မြန်မာနောင်း သတင်းက ဆိုသည်။

 

စက်ရုံအား စစ်ကောင်စီ လေတပ်မှ ဗုံးကြဲ တိုက်ခိုက်လာသည်မှာ ဆယ်ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်ဟု မန္တလေး PDF ပြောခွင့်ရ ကိုအော်စမွန် က ပြောခဲ့သည်။

 

အယ်ဖါ ဘိလပ်မြေ စက်ရုံ အား Myint Investment နှင့် တရုတ်၏ Anhui Conch ဘိလပ်မြေ ကုမ္ပဏီ တို့ ဖက်စပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

 

မန္တလေး PDF သည် မတ္တရာ မြို့နယ် အတွင်းရှိ စစ်စခန်း ပေါင်း ၂၈ ခု သိမ်းယူခဲ့ပြီး စစ်ကောင်စီ သစ္စာခံ တပ်သား ၁၅၀ ခန့်အား သုံ့ပန်းအဖြစ် ဖမ်းဆီး နိုင်ခဲ့သည် ဟုလည်း သိရသည်။

 

မတ္တရာ တိုက်ပွဲများ အတွင်း စစ်ကောင်စီဖက်မှ အကျအဆုံး လွန်စွာ များပြားခဲ့သည်ဟု လည်း ဆိုသည်။

 

ရှမ်း-မန်း စစ်ဆင်ရေး ဟု အမည်ပေးထားသော ထိုးစစ် အတွင်း မန္တလေး မြောက်ဖက် မိုင် ငါးဆယ်ခန့် အကွာရှိ စဉ့်ကူ မြို့နယ် အတွင်း စစ်စခန်းပေါင်း ၁၁ ခု ကိုလည်း PDF နှင့် မဟာမိတ် တပ်များက သိမ်းယူ နိုင်ခဲ့သည်။

 

စစ်ကောင်စီသည် တနိုင်ငံလုံး ရှိ လက်လွှတ် ဆုံးရှူံးလိုက်ရသော မြို့ များအား လေကြောင်းမှ အမြဲလို တိုက်ခိုက်နေ၍ စစ်စရိတ်များ ထောင်းလာကာ လေယာဉ်များအား ပြုပြင် မွမ်းမံရန် ပင် အချိန်မပေး နိုင် အောင် ဖြစ်လာသည်။

 

မြေပြင် တပ်များ မသုံးနိုင်ပဲ လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်နေခြင်းသည် ပြန်၍ သိမ်းနိုင်ရန် မဟုတ်တော့ပဲ မြို့ပျက် များ အဖြစ်ရောက်အောင် ရည်ရွယ် ပြုလုပ် နေခြင်းမျိုး သာ ဖြစ်သည်။ စဉ့်ကူ မြို့ သည် ၎င်းတို့၏ တိုက်ခိုက် ဖျက်ဆီး မှုကြောင့် တမြို့လုံး နီးပါး ပျက်စီးသွားသည်ဟု မြန်မာနောင်း သတင်း တွင် ပါရှိသည်။

 

ရခိုင် စစ်မျက်နှာ တွင်လည်း နတ်မြစ်ကို ဖြတ်၍ တဖက်နိုင်ငံ သို့ ထွက်ပြေးလာကြသော စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ ဒေသ အုပ်ချုပ်ရေး အဖွဲ့ဝင် စုစုပေါင်း ၇၀ ခန့်သည် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဝင်ခွင့်မပြုသဖြင့် "ရေမျောသောလည်း ကမ်းမတင်" ဘဝ ရောက်နေရရှာပြီ ဖြစ်သည်။

 

ယခုထိ ဘင်္ဂလားဒေ့ရှ် ဖက်မှ ပြန်ပို့ပေးခဲ့ရသည့် လူပေါင်း ၇၅၂ ဦး ရှိသွားပြီး နောက်ထပ် ၁၀၀ နီးပါး ကျန်ရှိနေဆဲ ဖြစ်သည်။

 

ထိုသို့ ထွက်ပြေးသူများ၊ ပျောက်ဆုံးသူများ နှင့် သေဆုံးမှု များ သည်ထက် များပြားလာနေ၍ အတင်းအဓမ္မ ခေါ်ယူ ထား‌ သော တပ်သား သစ်များအား ဇွန်လ ၂၈ ရက် သုံးလ စစ်သင်တန်း ပြီးလျင် ပြီးချင်း ရှေ့တန်း စစ်မျက် နှာ အသီးသီး ဆို့ စေလွှတ်နေပြီ ဟု မိသားစု ဝင်များ၏ အပြော ကို ကိုးကားပြီး RFA သတင်း တွင် ဖေါ်ပြလာသည်။

 

နောက်တဖန် မင်းအောင်လှိုင် နှင့် အဖွဲ့၏ ကြံရာမရ ဖြစ်လာမှု များ၏ တစိတ်တဒေသ အဖြစ် စီဒီအမ် တွင် ပါဝင်၍ နာမည်ပျက်စာရင်း ထည့်သွင်းထားသသည့် သုံးသိန်းခန့်ရှိ ဝန်ထမ်းများအား အလုပ် ပြန်ဝင်ကြရန် ဇူလိုင် ၁၂ တွင် ကြေညာချက် ဖြင့် ဖိတ်ခေါ်လာပြန်သည်။

 

၎င်းတို့ ပျက်ကွက်ရသည့် အကြောင်းရင်း အပေါ် အခြေခံပြီး ဥပဒေဘောင်ထဲ ပြန်လည် သွတ်သွင်းပေးမည်ဟုလည်း မက်လုံးပေးလာခဲ့သည်။

 

စစ်ကောင်စီသည် စစ်သား လူသစ်များအား ရှေ့တန်း မပို့ပါဟု ကတိပေးထားခဲ့မှု များကို ဖေါက်ဖျက်ထားပြီး ဖြစ်၍ ယခုလည်း ၎င်းတို့ အပြောကို ယုံကြည်သူ နည်းပါးလျက် ရှိနေသည်။

 

စစ်ကောင်စီ သည် အောက်‌ခြေ ကို သ‌ဘောရှိ လုပ်ခွင့် ပေးထားပြီး ဖြစ်၍ စီ‌ဒီအမ် ကိစ္စ ကိုလည်း ၎င်းတို့ အောက်ခြေ မှ စိတ်ကြိုက် ဆုံးဖြတ်ကြပေဦးမည်၊ လဒ် ယူဦးမည့်အပြင် မထင်လျင် မထင်သလို ထောင်ထဲလည်း ထဲ့ပစ်နိုင်ပြန်သည်။

 

စီဒီအမ် ဝန်ထမ်းများသည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ၊ ကျောင်းများ တွင် ဝင်ရောက်လုပ်ကိုင်ခွင့် မရသည့်အပြင် ပြည်ပသို့ ထွက်ခွာခွင့်ကိုပါ ပိတ်ပင်ထားသည်၊ ဆရာဝန်များ ဆိုက ဆေးကုသခွင့် လိုင်စင်ကိုပါ ရုပ်သိမ်းခြင်း ခံခဲ့ရသည်၊ ထိုသို့သော အခက်အခဲ အကျပ်အတည်း အမျိုးမျိုး နှင့် သုံးနှစ်ကြာ ရင်ဆိုင်ခဲ့ရသော်လည်း ကြံ့ကြံ့ခံ တွန်းလှန်နေဆဲ ဖြစ်သည်။

 

ထိုကဲ့သို့ သော စီဒီအမ် ဝန်ထမ်းများအား နောင်တချိန်တွင် စစ်ကောင်စီ အောက် ခေါင်းလျိုခဲ့ကြသူများ နှင့် မည်သို့မျှ တတန်းစားထဲ ထား၍ ဆက်ဆံကြတော့မည် မဟုတ်သည်က သေချာနေပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!