စစ်ခေါင်းဆောင် များသည် အရှက်ကင်းမဲ့စွာ အာဏာကို ဆုပ်ကိုင်ထား နိုင်ရေး အတွက် လူ့အသက်ပေါင်း များစွာ ကို စတေးပြီး ကုပ်ကပ် နေ နေ ကြရပြီး လက်လွှတ်လိုက်ရသော မြို့များကို လိုက်လံ ဗုံးကြဲ ဖျက်ဆီးနေကြသည် ဆိုသော အချက် က နိုင်ငံတကာ တွင် မည်သို့မျှ လှည့်ဖျား၍ မရအောင် ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။
၎င်းတို့ တသက်လုံး လက်မလွှတ်ချင်ယုံမက ခွဲဝေပေးဖို့ပင် စိတ်ကူးထဲ မထည့်ခဲ့ခြင်း ကြောင့် အာဖရိက နိုင်ငံများ တွင်သာ တွေ့ရသော စစ်ပွဲမျိုးသည် ကမ္ဘာပေါ်တွင် စီးပွားရေး လျှင်မြန်စွာ တိုးတက်လာနေသည့် အာရှ-ပစိဖိတ် ဒေသ အလယ်ခေါင်ကြီး တွင် အဆုံးမသတ် ဖြစ်ပွားနေပြီး ဒုက္ခသည်များ ကို ပုံမှန် မွေးထုတ်ပေးရာ နိုင်ငံ ဖြစ်လာသည်။
နိုင်ငံတကာ အနေဖြင့် အစိုးရ ပုံစံ ဖြင့် အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘဲ "တယောက်မှ မထွက်နဲ့ မင်းတို့ မိန်းမ တွေ မုဆိုးမ ဖြစ်ကုန်မယ်" ဆို သော ပုံစံမျိုး နှင့် ဆက်သွားမည်ကို မည်မျှကြာကြာ လက်ပိုက် ကြည့် နေကြပေမည်နည်း၊ အနောက် တိုင်း ဒီမိုကရေစီ နိုင်ငံများသည်လည်း အပြောတမျိုး အလုပ်တမျိုး ဟု ဆိုကာ နိုင်ငံငယ်လေးများက အယုံအကြည် မဲ့ကာ ဩဇာကျဆင်းလာတော့မည့် အဖြစ် နှင့် ရင်ဆိုင်ကြရပေဦးမည်။
မျိုး ဆက် နှစ်ဆက် သုံးဆက် နီးပါး အနိုင်ထက်ကျင့် အုပ်ချုပ်လာနေသည်ကို မည်သူမျှ ဆက်၍ သည်းခံ နိုင်စွမ်း မရှိကြ၍ နိုင်ငံ အနှံ့ ပုန်ကန် လာနေကြ၍ အရှုံးကြီး ရှူံးကာ အရှက်တကွဲ အကျိုးနည်း ဖြစ်ကုန်ကြ လေပြီ။
တော်လှန်ရေး တပ်ဖွဲ့များသည် ပန်းတိုင်ကို လှမ်းမြင်နေရသည့် အဆင့် ရောက်လာပြီ ဖြစ်၍ ရှေ့လျောက် ပို၍ ညီညွတ်လာကြသည်နှင့် အမျှ နိဂုံးက မဝေးလှတော့။
စစ်ခေါင်းဆောင်များ အဖို့က အခြေမလှသည်နှင့် အီရန် ရှားဘုရင်လို ပြည်ပ ခရီး ထွက်သည် ဆိုကာ လေယာဉ်ပေါ် တက် သွားကြမည်သာ ဖြစ်သည်၊ ထို့သို့ လုပ်နိုင်ရန်လည်း စကား ကမ်းလှမ်းထားပြီး လောက်ပြီ ဖြစ်သည်။
၎င်းတို့ အပေါ် ယုံစား၍ လူထု မျက်နှာကို မငဲ့ကွက်ခဲ့သူ များ အဖို့ မိသားစုပါ ဒုက္ခလှလှ ကြီး တွေ့ကာ ဘဝပျက်သည်အထိ ရင်ဆိုင်ကြရပေတော့မည်။
စစ်ကောင်စီ အဖို့ ဆက်၍ အုပ်ချုပ်သွားနိုင်ဖို့ ဆိုသည်က ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ အနေအထားကို အနည်းဆုံး ပြန်ရောက်အောင် လုပ် နိုင်မှ ဖြစ်ပေမည်။ ယင်းသည် ဖြစ်နိုင်ခြေ နည်းပါးလှသော tall order မျိုး ဖြစ်နေပေသည်။
ထို့အတွက်ကြောင့်လည်း ဖြစ်လို ဖြစ်ငြား လူငယ် လူရွယ်များကို အတင်း အဓမ္မ စစ်ထဲ ဆွဲသွင်းကာ ရှေ့တန်းသို့ ပို့နေခြင်း ဖြစ်သည်၊ ယင်းသည် ပြီးခဲ့သည့် ကာလုံ တွင် နောက်ထပ် သက်တမ်း ခြောက်လ တိုးနိုင်ရန် အကြောင်းပြလာမှုလည်း ဖြစ်သည်။
သို့သော် ခြောက်လ အတွင်း မည်သို့မျှ တိုးတက်မလာသည့် အပြင် စစ်စခန်းများ တခုပြီး တခု လက်လွှတ် ဆုံးရှုံး နေပြီ ဖြစ်သည်၊ တော်လှန်ရေး တပ်များ ဖက်က တိုက်ရန် အဆင်သင့် မဖြစ်သေးသည့် စခန်းများသာ ကျန်တော့သည်။
လွိုင်ကော်ကိုလည်း အလုံးစုံ မထိန်းချုပ်နိုင်၊ ရခိုင် ပြည်နယ် တွင် စစ်တွေပြီးလျှင် ပြယုဒ် အရ အရေးပါဆုံး သံတွဲ ၏ ၈၀ ရာနှုန်း လက်လွှတ်လိုက်ရသည်၊ ဒု ခေါင်းဆောင် ကိုယ်တိုင် ဦးစီးသော အောင်ဇေယျ စစ်ဆင်ရေး ဖြင့် မြဝတီ ကို ပြန်လည် ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသော်လည်း ယခုထိ မြို့ထဲသို့ ခြေမချ နိုင်သေး၊ ၎င်းတို့ အထင်ကြီးစရာ မရှိဟု ပြောနေသည့် ဝ တပ်များကိုပင် မြို့များကို ထိန်းချုပ်ပေးပါ ဆိုကာ အားကိုးတကြီး အကူအညီ တောင်းနေရပြီ ဖြစ်သည်။
ယခုအခါ နောက်ထပ် သက်တမ်း တိုးရတော့မည် ဖြစ်၍ အကြောင်းပြ ကောင်းရန် ဗန်းမော် မှနေ၍ အင်အား အလုံးအရင်း ဖြင့် ဒူဝါးကြီး တို့ ထိန်းချုပ်ရာ မိုးမောက် ကို ထိုးစစ်ဆင်လာနေပြီ ဖြစ်သည်။
ကေအိုင်အေ သည် စစ်တပ်၏ အာဏာသိမ်း မှု အား ဗမာ အချင်းချင်း အကြား ပြဿနာ အဖြစ် မူလ က သဘောထားခဲ့သော်လည်း အပြစ်မဲ့ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းလာသည်ကို တွေ့မြင်လာပြီး နောက်တွင် တော်လှန်ရေး လူငယ်များကို အကူ အညီ ပေးလာခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ အာဏာသိမ်း အဖွဲ့ကို အပြီးအပိုင် ဖယ်ရှားနိုင်သည်အထိ တိုက်ပွဲ ဝင်သွားမည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလာသည်ဟု ကေအိုင်အေ၏ အနေအထားကို ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေး စင်တာ မှ မ်ုက်ကယ် မာတင်က သုံးသပ်ထားသည်။
၎င်းက ဆက်လက် ရေးသားရာတွင် ကေအိုင်အေ သည် တော်လှန်ရေး တပ်များ နှင့် ပူးပေါင်းလာပြီး မတ်လ တွင် စစ်တပ်မှ ၎င်းတို့၏ စစ်စခန်းများကို စတင် တိုက်ခိုက်လာရာမှ တန်ပြန် ထိုးစစ် ဆင်နွှဲလာခဲ့သည်။
ပထမဦးစွာ ၎င်းတို့ ၂၀၁၁ မှ ၂၀၂၁ အကြား ဆုံးရှုံးသွားခဲ့သော နယ်မြေများကို ပြန်လည် သိမ်းယူနိုင်ရေး ကို ဦးစားပေးလာခဲ့သည်။ ဒုတိယ အဆင့်အဖြစ် တရုတ် နယ်ခြား တလျောက် ရှိ ဒေသများကို ထိန်းချုပ် နိုင်ရန် လုံးပမ်းလာခဲ့သည်။ တတိယ အဆင့်အဖြစ် ကချင်ပြည်နယ် အတွင်းရှိ သတ္ထု ထွက်ရှိရာ ဒေသများကို အာရုံ စိုက်လာခဲ့သည်။ စတုတ္ထအဆင့် အဖြစ် ပြည်နယ် အတွင်းရှိ အဓိက လမ်းမကြီးများ ကို သိမ်းပိုက်ထားရန် ဖြစ်ပြီး ပဉ္စမ အဆင့် အဖြစ် အခြေအနေ ပေးလာသည် နှင့် အမျှ စစ်ကောင်စီ တပ်များ အား ၎င်းတို့ ဒေသမှ အပြီး အပိုင် မောင်းထုတ်ရန်ပင် ဖြစ်သည်။
၂၀၂၄ အား ကေအိုင်အေ ဖက်မှ အသာစီး ရလာသည့် နှစ်ဟု ဆိုရမည် ဖြစ်သည်၊ ထိုးစစ်ဆင်ပြီး နှစ်လ အတွင်း စစ်စခန်းပေါင်း ၇၀ ခန့်ကို သိမ်းယူ နိုင်ခဲ့ပြီး ဇွန်လ ၁၁ တွင် တရက်တည်းနှင့် နောက်ထပ် စခန်းကြီး ငါးခု နှင့် ဇွန် ၁၄ တွင် ကုန်သွယ်ရေး လမ်းမကို ထိန်းချုပ်လာနိုင်ခဲ့သည်။
ကေအိုင်အိုသည် နောက်ဆုံး ရည်မှန်းချက် ဖြစ်သည့်စစ်ကောင်စီ တပ်များကို အပြီးအပိုင် မောင်းထုတ် နိုင်ခဲ့ပြီးနောက် ဘာဆက်လုပ်မည် ဆိုသည်ကို ကွဲကွဲပြားပြား မသိရသေးပေ။ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း ထဲရှိ ဒေသ အချို့အားလည်း ၎င်းတို့ အစဉ်အလာ ပိုင်နက် နယ်မြေများ အဖြစ် ယူဆထားမှု များလည်း ရှိနေသည်။ ထို့အတွက်ကြောင့်လည်း TNLA နှင့် ထိတ်တိုက် ရင်ဆိုင်တွေ့လာခဲ့ရခြင်းလည်း ဖြစ်သည်။
နောက်ထပ် ဖြစ်နိုင်ခြေ တခု က မဟာမိတ် တပ်ပေါင်းစု အဖြစ် ကေအိုင်အေ တပ်များသည် မန္တလေး အထိ တိုက်လာနိုင်ခြင်းပင် ဖြစ်သည်။
လက်ရှိ အနေအထားတွင် ချင်း တပ်များက မကွေး တိုင်း နှင့် မန္တ လေး အနောက်ခြမ်းထဲ ဝင်ရောက်လာနေပြီး ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် အရှေ့ဖက်ခြမ်း မှ မန္တလေး သို့ တဖြေးဖြေး ချဉ်းကပ်လာနေသည်၊ နောက်ပိုင်းတွင် ကေအိုင်အေသည် ရက္ခိတ တပ်၊ ချင်း ညီ နောင် တပ်၊ ညီနောင် သုံးဖေါ် ၏ MNDAA, TNLA နှင့် ပြည်သူ့ ကာကွယ်ရေး တပ်များ နှင့် ပူးပေါင်း မိသွားမည်ဆိုက မန္တလေး ကို ထိန်းချုပ် နိုင်မည့် အပြင် ၎င်းတို့ ၏ နောက်ဆုံး ခံတပ် ရှိရာ နေပြည်တော်ကို ခြိမ်းခြောက်လာတော့မည် ဖြစ်သည်။
သို့သော် ကေအိုင်အေ သည် ၎င်းတို့ နယ်မြေ များ သိမ်းယူပြီးနောက် စစ်ဆင်ရေး ကို အဆုံးသတ်ကာ ကိုယ်ပိုင် အုပ်ချူပ် ရေး ကို စနစ်တကျ တည်ဆောက် သွား မည် ဆိုသည့် အလားအလာကလည်း ဖြစ်နိုင်ပေသည်။ ၎င်းတို့ အဖို့က နှစ်ပေါင်း ၇၀ အတွင်း ထိုသို့သော အခွင့် အရေးမျိုး ပထမဆုံး အကြိမ် ရရှိလာခြင်း လည်း ဖြစ်ပေသည်။
ရှေ့လျောက် အခက်အခဲများ နှင့် တွေ့ ဖို့ ရှိလာမည် ဆိုက ထိုသို့သော အခွင့်အရေး မျိုးကို လက်လွတ်မခံပဲ နောက်ပြန်ဆုပ်သွားမည် ဆိုလျင် လည်း ကြောင်းကျိုး ဆီလျော်မှု ရှိပေသည်ဟု ဆောင်းပါးကို အဆုံးသတ်ထားသည်
တနိုင်ငံလုံး မကြုံစဖူး အောင် စည်းလုံး ညီညွတ်စွာ စတင် တွန်းလှန် ခဲ့ကြသည့် နွေဦး တော်လှန်ရေးကြီး ဖြစ်မလာဟု ဆိုက တိုင်းရင်းသား တပ်များ အနေဖြင့် လက်ရှိ အနေအထားမျိုး မည်သို့မျှ ရောက်လာနိုင်စရာ မရှိသည်ကိုလည်း မေ့လျော့မထားသင့်ပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!