ကာလုံ -- ဘာမဆို မင်း အတွက် ကွယ်

by Hla Soewai - Jul 22 2024

ယမန်နေ့သည် နိုင်ငံ့သမိုင်းတွင် လွန်စွာ အရေးပါခဲ့သည့် နေ့တနေ့ ဖြစ်သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အာဇာနည့် နေ့လည်း ဖြစ်သည်။

 

 ကျဆုံးခဲ့သည့် နံနက် ၁၀း၃၇ တွင် ဥဩ ဆွဲသံများ နှင့် ကားဟွန်းသံများ ဆူညံ့သွားခဲ့သည် ဟု သတင်းများက ဆိုသည်။

 

 အမျိုးသား ခေါင်းဆောင်ကြီး၏ သမီး ဖြစ်သူအား အာဏာသိမ်း အဖွဲ့က ဖမ်းဆီး ချုပ်နှောင်ကာ မတရား ပုဒ်မ များ ဖြင့် ထောင်ဒဏ် ၂၇ နှစ်ချကာ ချုပ်နှောင်ထားသဖြင့် အခမ်းအနားသို့ တက်ရောက်ခွင့်မရပဲ ၎င်းတို့ နှင့် ပလဲနံပ သင့်သူ သားဖြစ်သူ ဦးအောင်ဆန်းဦးသာ ကုလားထိုင်ကြီး မ လာပြီး ထိုင် ကန့်တော့ခဲ့သည် ကို တွေ့မြင်ကြရသည်။

 

 ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များသည်လည်း ၎င်းတို့ ထိန်းချုပ်နယ်မြေများ အတွင်း အောက်မေ့ဖွယ် အခမ်းအနားများ တပ်ရင်း အလိုက် ကျင်းပခဲ့ကြသည်။

 

 ယခု ရက်ပိုင်း အတွင်း စစ်ကောင်စီသည် ၎င်းတို့ အတွက် လွန်စွာ အရေးကြီးနေသည့် ခြောက်လတကြိမ် သက်တမ်း တိုးရမည့် အရေးကို ခြောက်ကြိမ်မြောက် အဖြစ် ဆက်လုပ်ရန် လုပ်ငန်းပိုင်း အခက်အခဲများ ကြုံတွေ့လာနေရပြီဟု အကြောင်းပြ လာခဲ့သည်။

 

 ဗိုလ်နေဝင်း မှစ၍ ၎င်းတို့ အုပ်ချုပ်လာသည့် သက်တမ်း အတွင်း ‌ခေါင်းဆောင် လုပ်သူ များ၏ ကျန်းမာရေး ကို တခါဖူးမျှ လူထု အား အသိပေးခဲ့ဖူးခြင်း မရှိသူများက ယခုအခါ ယာယီ သမ္မတ မြင့်ဆွေ သည် ဦးနှောက်ပိုင်း ချို့ယွင်းနေ၍ တာဝန်များကို ဆက်၍ ထမ်းဆောင်နိုင်ခြင်း မရှိတော့ပဲ ဆေးကုသမှု ခံယူနေရသည်ဟု မီဒီယာ များ မှ တဆင့် အသိပေးလာခဲ့သည်။

 

 တရုတ်ဖက်မှလည်း ရွေးကောက်ပွဲ ရက်ကို တိတိကျကျ သတ်မှတ်ရန် ဖိအားပေးလာနေသည့် အချိန်တွင် ၎င်းတို့ဖက်မှ ယခုလို ထူးထူးခြားခြား ကြေညာလာခြင်း ဖြစ်သည်။ သို့သော် မြင့်ဆွေ အစည်းအဝေး မတက်ရောက် နိုင်ခြင်းသည် ၎င်းတို့ အကြား အကွဲအပြဲများ ရှိလာ၍ ဟု ထင်မြင်မည် စိုး၍ စောစီးစွာ အသိပေးလာခြင်း လည်း ဖြစ်သည်။

 

 စိုးဝင်းသည် ၎င်း၏ တရုတ် ခရီးစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေပုံများကို သံတော်ဦး တင်ခဲ့ပြီး လည်း ဖြစ်သည်။

 

 ဖွဲ့စည်းပုံ အရ အလွန်ဆုံး နှစ်ကြိမ်သာ သက်တမ်း တိုးခွင့်ပေးထားသောလည်း အရေးပေါ် ဖြစ်ပေါ်လာသော အခြေအနေများ ကြောင့် ဟု အကြောင်းပြကာ ငါးကြိမ် အထိ တိုးလာခဲ့ပြီး ဖြစ်သည်၊ ၎င်း၏ ထိုသို့ ဗြောင်ကျကျ ဖေါက်ဖျက်လာမှု အားလည်း မည်သူကမျှ တစုံတရာ ကန့်ကွက်ခြင်း မရှိကြပဲ စိတ်တော်သိ ဗောင်းတော်ငြိမ့် လုပ်ခဲ့ကြသည်ချည်းသာ ဖြစ်သည်။

 

 ယခုအခါ နောက်ထပ် ဒုသမ္မတ တဦး ဖြစ်သူ ဦးဗန်သီယူ အားလည်း ကျန်းမာရေး အကြောင်းပြကာ ရာထူးမှ အနားယူ စေခဲ့သည်၊ ယင်းသည်က မြင့်ဆွေ မည်သို့မျှ နောက်တကြိမ် သက်တမ်း တိုး အစည်းအဝေး ကို တက်နိုင်စွမ်း မရှိတော့ပဲ ၎င်းကိုယ်တိုင် လက်မှတ်ထိုးပေးရတော့မည့် အဖြစ်ကို ရှောင်ရှားလို၍ ဦးဗန်သီယူး မှ ကြို၍ နှုတ်ထွက်သွားခြင်းလော။ သို့မဟုတ်ကလည်း ၎င်း အပေါ် အယုံအကြည် မရှိ၍ မင်းအောင်လှိုင်သည် ကြိုတင် ဖယ်ရှားလိုက်ခြင်းလော၊ ဒုတိယ အချက်သည် ပို၍ ဖြစ်နိုင်ခြေ ရှိနေသည်။ မည်သို့ပင် ဆိုစေ မြင့်ဆွေ မတက်ရောက် နိုင်ခြင်းသည် မင်းအောင်လှိုင် အား အာဏာ လွှဲပေးမည့်သူ မရှိပဲ အကြီးအကျယ် အကျပ်ရိုက် သွား စေခဲ့ပြီး ဦးဗန်သီယူ သည်လည်း အကျယ်ချုပ် ဖြင့် နေနေရသည်ဟု သတင်းများ ထွက်လာခဲ့သည်။

 

ယခုအခါ ယာယီ သမ္မတ၊ ဒုသမ္မတ တဦးတလေမျှ တက်ရောက်ခြင်း ရှိတော့မည် မဟုတ်သည့် အနေအထား ဖြစ်လာနေသည်။

 

သို့သော် မင်းအောင်လှိုင်သည် ထိုအစည်းအဝေး ကို တီခွန်မြတ် နှင့် ၎င်း ဖက်က ဝန်ကြီး ဆိုသူ သုံးဦး နှင့် မဖြစ်မနေ လုပ်သွားနိုင်ပြီး သူ့ကိုယ်သူ့ပင် ယာယီ သမ္မတ ပြန်ခန့်လာနိုင်သည်ဟု ထင်ကြေးများ ပေးနေကြသည်၊ သို့မဟုတ်ကလည်း ကာလုံ အစည်းအဝေး ကို ရပ်ဆိုင်း ပစ်နိုင်သည်၊ မင်းအောင်လှိုင်သည် ဖွဲ့စည်းပုံကို ဖေါက်ဖျက်ကာ ၎င်းလုပ်ချင်သလို လုပ်နိုင်နေပြီ ဖြစ်၍ ယခုအခါ မည်သို့ မည်ပုံ ကြံစည်လာမည် က စိတ်ဝင်စားဖွယ် ဖြစ်လာရသည်။ ဘာမဆို ဖြစ်လာနိုင်စရာလည်း ရှိနေသည်။

 

နိုင်ငံတွင်း အခြေအနေများ ကို မည်သို့မျှ ထိန်းနိုင် စွမ်း မရှိတော့သည်မှာ အားလုံးအသိပင် ဖြစ်၍ နောက်ထပ် ခြောက်လ သက်တမ်း ထပ်တိုးဖို့ သေချာသလောက် ရှိသည်ဟု အားလုံးက ယူဆ ထားပြီး ဖြစ်သည်။

 

မြင့်ဆွေ သည် အာဏာသိမ်းပြီး ချိန် ကစ၍ စိတ်ကျန်းမာရေး ထိခိုက်လာနေပြီး အာဏာသိမ်းမှု တွင် သမိုင်း တရားခံ အဖြစ် တွင် ကျန်ရစ်မည့် အရေး ကို တွေး၍ အမြဲလို စိတ္တဇ ဖြစ်နေသည်ဟု ဗိုလ်ချုပ်ကြီး ဟောင်း တဦးက မြန်မာနောင်း သတင်းကို ပြောပြခဲ့သည်။

 

မင်းအောင်လှိုင်သည် ဖွဲ့စည်းပုံ ကို ယာယီ ဆိုင်းငံ့မည်လော၊ အပြီး အပိုင် ဖျက်သိမ်း ပြီး စစ်အုပ်ချုပ်ရေး ဖြင့် သွားမည်လော၊ ဦးသိန်းစိန် ဦး‌ဆောင်သည့် ကြားဖြတ် ရုပ်သေး အစိုးရ ထွက်လာမည်လော အစရှိသဖြင့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာနေသည်။

 

ကိုဗစ် ဖြစ်နေသည့် ကြားမှ တနိုင်ငံလုံး အုတ်အော်သောင်းနင်း မဲထည့်ခဲ့ကြပြီး နိုင်ငံတကာ မှလည်း တရားမျှတမှု ရှိပါသည် ဟု အတည်ပြုထားသော ရွေးကောက်ပွဲကို ၎င်း မိသားစု အကျိုး သက်သက် ကြည့်ကာ မှောက်လှန် အာဏာသိမ်းခဲ့သည် အထိ မိုက်ရူးရဲ ဆန်ခဲ့သူ ဖြစ်သည်။

 

 ရှေ့ဆက်ပြီး လည်း မိုက်ရူးရဲ ဆန်ဆန် လုပ်နိုင်မှ ၎င်း အတွက် လတ်တလော သက်သာရာ သက်သာကြောင်း ဖြစ်လာနိုင်ဖို့ ရှိနေသည်။

 

 ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!