ထရန့် လုပ်ကြံ ခံရမှု

by Hla Soewai - Jul 16 2024

ဒေါ်နယ် ထရန့်သည် ရွေးကောက်ပွဲ အတွက် ပင်ဆယ်ဗေးနီယားရှိ ဘတ်တလာ စီရင်စု တွင် လူထု အစည်းအဝေး ကျင်းပနေစဉ် အတွင်း အသက် နှစ်ဆယ် အရွယ်ရှိ သောမတ်စ် မက်သယူး ကရုခ် ဆိုသော တကိုယ်တော် လူဖြူ သေနတ်သမား တ‌ဦး ၏ ပစ်ခတ် လုပ်ကြံခြင်း ခံခဲ့ရသည်။ ကံအားလျှော်စွာပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ခြင်း မရှိပေ။ သို့သော် အံ့ဩ စရာတော့ မဟုတ်ပေ။

 

ဂျိုး ဘိုင်ဒင် အစပြု၍ ဒီမိုကရက်များနှင့် ရီပတ်ဘလီကင် များက နိုင်ငံရေး အကြမ်းဖက်မှု အဖြစ် ရှုတ်ချခဲ့ကြသည်။

 

ထိုလုပ်ကြံ မှု ကြီးသည် အမေရိကန် တွင် ဂျွန် ဟင်ကလေ ဆိုသူမှ ၁၉၈၁ အတွင်း သမ္မတ ‌ရော်နယ် ရီဂင် အား လုပ်ကြံခဲ့မှု ကြောင့် ဒဏ်ရာရသွား ခဲ့ပြီး ‌နောက် ပိုင်း ပထမ ဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း လည်း ဖြစ်သည်။

 

ထရန့် အား အကာအကွယ် ပေးနေ‌သော Secret Service အဖွဲ့ဝင်များ၏ လက်ချက်ဖြင့် လုပ်ကြံသူ သည် သေဆုံးသွားခဲ့ပြီး မည်သည့် ရည်ရွယ်ချက် မျိုး ဖြင့် ပစ်ခတ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မည်သို့သော ရည်ရွယ်ချက်မျိုး ဖြစ်စေ ၂၀၂၄ ရွေးကောက်ပွဲ သည် ကသောင်းကနင်း ဖြစ်ရပ်များ မှသည် အမှောင်ထုဖက် ချည်းကပ်သွားခဲ့ပြီ ဖြစ်သည်။

 

သွေးများ စီးကျနေရင်းက လက်တဖက် လေထဲ မြှောက်၍ ဟစ်ကြွေးနေသော ထရန့်၏ ပုံရိပ်သည် လာမည့် ရက်များ အတွင်း မီဒီယာ များတွင် မမြင်ချင်မှ အဆုံး ဖြစ်လာပေတော့မည်။ ၎င်း၏ ပြန်အရွေးခံရမည့် အလားအလာ လည်း မြင့်တက်သွားခဲ့သည်။

 

အနီးအနားရှိ လူတဦး သေဆုံးသွားခဲ့ပြီး နောက်ထပ်တဦး ဒဏ်ရာရရှိ သွားခဲ့သည့် အဆိုပါ လုပ်ကြံမှု ကြီး ပျက်ပြားသွားရခြင်း အတွက် အမေရိကန် တနိုင်ငံလုံး တော်ပါသေးရဲ့ ဆိုသည့် သက်မ ချ နိုင်ခဲ့ကြသည်။

 

မဲဆန္ဒရှင် သန်းပေါင်း များစွာ ရွေးချယ် ဆုံးဖြတ်ရမည့် အရေးကို စိတ်ပုံမှန် မရှိသူ တဦး၏ ကျည်တတောင့် ဖြင့် ပယ်ဖျက် ခံရမည့် အရေးသည် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

 

သို့သော် ထရန့် ဘက်တော်သားများ အတွက် အခြေ အနေ ကောင်းများ ဖြစ်လာနိုင်ဖွယ် မရှိပေ။ ပါတီ ညီလာခံ အတွက် ယခု အပတ်အတွင်း မီဝပ်ကီ တွင် လာရောက် စုဝေးကြမည့် ရီပတ်ဘလီကင် များ အဖို့ အခြေ အနေ ကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသွားကြရ မည်သာ ဖြစ်သည်။

 

ထရန့် တာဝါ ၌ ဇွန် ၂၈ စကားစစ်ထိုးပွဲ တွင် ဂျိုး ဘိုင်ဒင်သည် မည်သူ့ ပယောဂ မှ မပါပဲ ကိုယ့်ကိုကိုယ် ကားစင် တင်ခဲ့မှု အပေါ် အောင်ပွဲ ခံနေခဲ့ကြသည်။ ဒီမိုကရက်များကလည်း ဂျိုး ဘိုင်ဒင် ပြန် အရွေးခံ နိုင်မှု အပေါ် အယုံအကြည် မရှိ ဖြစ်သွားခဲ့ကြသည်။

 

သို့သော် ဘိုင်ဒင် သည် ထရန့် သေနတ် ပစ်ခံရသည့်အရေး ကို ကိုင်တွယ်ရာတွင် သမ္မတ တယောက်၏ ဦးဆောင်နိုင်မှု အရည်အချင်းကို ပြနိုင်မည့် အခွင့်အရေး အဖြစ် အသုံးချလာနိုင်သည်။

 

ထရန့်အား အာဏာရှင် အဖြစ် ငါ့မင်းငါချင်း အုပ်ချုပ်သွားရန် ကြံစည်နေသည်ဟူသော ဂျိုး ဘိုင်ဒင်၏ အပြောများ ကြောင့် ယခုလို ဖြစ်ခဲ့ခြင်းဟု ရီပတ်ဘလီကင် ဖက်က အပြစ်ဖို့ လာကြသည်။

 

အမေရိကန် သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် အမြဲလို အန္တရာယ်များ နှင့် ပြည့်နှက်နေစမြဲ ဖြစ်သည်။ ယခုထိ သမ္မတ လေးဦး လုပ်ကြံ သတ်ဖြတ် ခံခဲ့ရပြီး Secret Service မှလည်း လုပ်ကြံရန် ကြိုးပမ်းမှု များကို လက်ဦးမှု ယူ ဖြိုခွင်း နိုင်ခဲ့သည်မှာ အကြိမ်ပေါင်း မရေ တွက် နိုင် အောင်ပင် ရှိခဲ့ပြီး ဖြစ်သည်၊ ထိုအထဲတွင် သမ္မတ ထရန့် အား လုပ်ကြံရန် ကြိုးပမ်းခဲ့မှု လည်း ပါဝင်ခဲ့သည်။

 

နှစ်ပေါင်း ၆၀ အ‌တွင်း အမေရိကန် သမ္မတ တဦးတလေ ကိုမျှ သတ်ဖြတ် နိုင်ခဲ့ခြင်း မရှိသေးပေ။

 

Secret Service အား သမ္မတ လင်ကွန်းသည် ၎င်း လုပ်ကြံ မခံရမီ ၁၈၆၅ တွင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အမေရိကန် တွင် မှိုလို ပေါက်လာနေသော ငွေတု ဂိုဏ်းများကို နှိမ်နှင်းရန် အတွက် ဖြစ်သည်။

 

၁၉၀၁ ခုနှစ် တွင် သမ္မတ ဝီလျံ မက်ကင်လေး လုပ်ကြံ ခံရပြီး နောက်တွင်မှ Secret Service အဖွဲ့သည် အမေရိကန် ၏ ထိတ်တန်း ပုဂ္ဂိုလ်များအား ကာကွယ်ပေးရမည့် တာဝန်ကို ယူလာခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့ကြီးသည် သမ္မတ ကနေဒီ အား လုပ်ကြံခဲ့မှု ကို ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့သည်က လွဲ၍ သမ္မတ များ အား တောက်လျောက် အကာအကွယ် ပေးနိုင်ခဲ့သည်၊ ယခုအခါ အဖွဲ့ဝင် ပေါင်း ၈,၀၀၀ ခန့် ရှိနေသည်။ လူသတ်သမား အဖို့ ၎င်းတို့ တချက်လေး ပေါ့ရော့သွားခဲ့လျင်ပင် ယင်းကိုအခွင့်အရေး တရပ် အဖြစ် အသုံးချ သွားနိုင်ပေသည်။

 

လက်ရှိဖြစ်ရပ် အတွက် မေးခွန်း ထွက်ပေါ်လာခဲ့သည်က ဒေါ်နယ် ထရန့် အတွက် လုံခြုံရေး စည်းကို အဘယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်မထားသလဲ ဆိုသည်ပင် ဖြစ်သည်။ ထိုအချက်မှ လွဲ၍ ဆိုရှယ် မီဒီယာ များ တွင် ပြောဆိုနေကြသည်များက ယခုအထိ အခြေအမြစ်ရှိရှိ ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ။ ထိုသို့ ပြောဆို ရေးသားနေမှု များက အကြမ်းဖက်မှု များ ထပ်၍ ဖြစ်လာအောင်‌ မီးထိုး ပေးသလို ဖြစ်နေ၍ နိုင်ငံရေး သမား များ အထူး သတိထား ရှောင်ကျဉ် သင့်သည်။

 

ရီဂင်သည် ၎င်းအား လုပ်ကြံရန် ကြံစည်ခဲ့မှု အား ဟာသ နှော၍ ပြောသွားခဲ့သည်၊ ထရန့်လည်း ၎င်း၏ အတု ကို ယူသင့်ပေသည်။ လက်ရှိ ဖြစ်ရပ် အပေါ် ဒီမိုကရက် နှင့် ရီပတ်ဘလီကင် ပါတီ ထိတ်တန်း ပုဂ္ဂိုလ် များ မည်သို့ ပြောဆိုလာမည် ဆိုသည်က လွန်စွာ အရေးပါနေပြီ ဖြစ်သည်။

 

ဒေါ်နယ်ထရန့် အသက်ကို လုပ်ကြံရန် ကြိုးစားမှု လိုမျိုး ၁၉၆၈ တွင် ဖြစ်ပွားခဲ့ဖူးသည်၊ ထိုအချိန်က ဒီမိုကရက် သမ္မတလောင်း ရောဘတ် ကနေဒီ လုပ်ကြံခံခဲ့ရမှု နှင့် အလားသဏ္ဍန် တူနေသည်ဟု ပြော၍ ရပေသည်။ ယင်းနှင့် အတူ ထိုနှစ် ချီကာဂို တွင် ဒီမိုကရက် ပါတီ ညီလာခံ ကျင်းပရာ အဆောက်အဉီး ရှေ့တွင် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပွားလာသည်။ ယင်း၏ ရလဒ် အဖြစ် ရီပတ်ဘလီကင် သမ္မတ လောင်း ရစ်ချတ် နစ်ဆင်သည် အလွယ်တကူပင် သမ္မတ အဖြစ် အရွေးခံခဲ့ရသည်။

 

လက်ရှိတွင် ရောဘတ် ကနေဒီ၏ သားဖြစ်သူသည် တသီးပုဂ္ဂလိက သမ္မတ လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေသည်။

 

ထရန့်၏ လက်ရှိ တုန့်ပြန်မှု သည် တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်သည်ကို ‌တွေ့ရ၍ ချီးကြူးဖွယ် ကောင်းလှသည်။ ၎င်းအတွက် လက်စားချေ ခြင်းမျိုး မလုပ်ရန် ထောက်ခံသူ များ အား ရှင်းရှင်းလင်းလင်း ပြောထားသင့်သည်။

 

အကယ်၍သာ သမ္မတ လောင်း တဦးဦး အား လုပ်ကြံမှု အောင်မြင်သွားခဲ့လျင် ရွေးကောက်ပွဲ သက်တမ်းကို ပြန်သတ်မှတ်ရန် အခွင့်အရေး ရလာမည် ဖြစ်သည်။

 

ထရန့် သမ္မတ မဖြစ်ရန် တခုတည်း သော နည်းလမ်းသည် အကြမ်းဖက်မှု ဖြင့် ဟန့်တားရန်သာ ရှိတော့သည်ဟု ယုံကြည်သူ ၃၁ ရာနှုန်း ရှိနေသည်ဟု စစ်တမ်းများ တွင် ဖေါ်ပြထားခဲ့သည်။

 

လက်ရှိတွင် တော့ မီဒီယာများသည် ဂျိုး ဘိုင်ဒင် မရှုမလှ ဖြစ်နေမှု မှ ထရန့်အား လုပ်ကြံရန် ကြံစည်မှု အပေါ် အာရုံ ပြောင်းသွားကြပြီ ဖြစ်သည်။

 

(၂၀၂၄ ဇွန်လ ၁၄ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ ထရန့် သတင်းဆောင်းပါးများအား ကိုးကား ‌တင်ပြသည်။)