အဘယ်ကြောင့် တရုတ် မှ သိန်းစိန် နှင့် စိုးဝင်းကို ခေါ် တွေ့ ရသနည်း

by Hla Soewai - Jul 16 2024

အဆိုပါ မေးခွန်း၏ အဖြေအား စင်္ကာပူ သတင်းဌာန ဖြစ်သော Channel news Asia မှ ယခုလို ရှင်းပြထားပေသည်။

 

ထုံးစံအားဖြင့် ဘီဂျင်းသည် စစ်ကောင်စီ ခန့် ဝန်ကြီးများကို သာ တရားဝင် ခရီးစဉ်များ အဖြစ် အကြောင်း အမျိုး မျိုး နှင့် ဖိတ်ကြားလေ့ ရှိစမြဲ ဖြစ်သည်။

 

သို့သော် ဇွန်လ ကုန်ပိုင်းတွင် သမ္မတ ဟောင်း ဦးသိန်းစိန် ၏ တရုတ် ခရီးစဉ် ထွက်ပေါ်လာသည့် အခါတွင်တော့ နိုင်ငံတကာ သတင်း စာမျက်နှာ များ တွင် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့‌ရသည်။

 

တပတ် အကြာတွင် အာဏာသိမ်း အဖွဲ့၏ ဒု ခေါင်းဆောင် စိုးဝင်းသည် ရှန်ဒေါင်း ပြည်နယ် ရှိ ချင်ဒေါင်း မြို့သို့ ဖိုရမ်တခု တက်ရောက်ရန် တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ပြန်၍ အာဏာသိမ်း ပြီးနောက် တရုတ်ပြည်သို့ ရောက်ရှိလာသမျှ တွင် ရာထူး အမြင့်ဆုံး စစ်ခေါင်းဆောင် ဖြစ်သွားခဲ့ပေသည်။

 

ထိုသို့ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော ခရီးစဉ် များ ကို ကြည့်မည် ဆိုက တရုတ်သည် ယခင် စစ်ခေါင်းဆောင်ဟောင်းကို လက်ရှိ လူများထက် သဘောကျနေ၍ ဟု ပြော၍ ရပေသည်။ သို့မဟုတ်ကလည်း သိန်းစိန်သည် ‌နောက် တပတ် အကြာတွင် ရောက်လာမည့် စိုးဝင်း ခရီးစဉ် အတွက် အဖုအထစ်များ မရှိအောင် လမ်းခင်းပေးလာခြင်းလော ဟူ၍လည်း တွေးဆ၍ ရနိုင်ပြန်သည်။

 

သို့သော် ၎င်းတို့ နှင့် နီးစပ်သော သတင်းရပ်ကွက်များကမူ အထက်ပါ ယူဆချက် များ မမှန်ကန်ဟု ဆိုကာ ပယ်ချခဲ့ကြသည်။

 

မိမိတို့ နားလည်ထားသည်မှာ အာဏာသိမ်းပြီးချိန်ကစ၍ ဘီဂျင်းသည် စစ်ကောင်စီ ခန့် ဝန်ကြီးများကို နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံ မျိုး တသီးတသန့် မဟုတ်ပဲ နိုင်ငံတကာ အစည်းအဝေး များ၊ ဖိုရမ်များ အကြောင်းပြု၍ လာရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းမျိုးသာ ရှိသည်။

 

ယမန်နှစ် နှစ်ကုန်ပိုင်း၊ တိတိကျကျ ဆိုရလျှင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်လ အကြာ လောက်တွင် ဘီဂျင်းသည် စစ်ခေါင်းဆောင်ပိုင်း နှင့် တိုး၍ ဆက်ဆံလာခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေး ဖြင့် တိုင်းရင်းသား တပ်ဖွဲ့များက နယ်မြေ အမြောက်အမြားကို သိမ်းယူ နိုင်ခဲ့ပြီး နောက် ပိုင်း ဇန်နဝါရီ လ အရောက်တွင် အပစ်အခတ် ရပ်စဲ‌ ရေး အတွက် တရုတ်မှ နှစ်ဖက် ကြားဝင် စေ့စပ်ပေးလာခဲ့သည်။

 

သတင်းရပ်ကွက်များ က တရုတ်သည် စိုးဝင်း နှင့် ဆက်ဆံသွားနိုင်ရန် အတွက် ယခုနှစ် သုံးလ ပိုင်း အတွင်း ဆင့်ခေါ်ရန် ရည်ရွယ်ထားပြီး ဖြစ်သည်ဟု ပြောလာခဲ့ကြသည်။

 

ထိုကာလ များ အတွင်း မင်းအောင်လှိုင်သည် စိုးဝင်း အပေါ် ယုံကြည်ရပါ့မလားဟု သံသယ များ ရှိလာနေ၍ တရုတ်၏ အစီအစဉ်များ ပျက်ပြားသွားခဲ့ရသည်။ ထို့အတွက် သံတမန်ရေး လမ်းကြောင်းများမှ တဆင့် ဦးသိန်းစိန် အား ဖိတ်ခေါ်လာ၍ ဇွန် ၂၈ ရက် တွင် ဘီဂျင်းသို့ ပေါက်ချ လာခဲ့ခြင်းပင် ဖြစ်သည်ဟုလည်း ဆိုသည်။

 

တရုတ်သည် ထိတ်တန်း စစ်ခေါင်းဆောင်ပိုင်း နှင့် ဆက်ဆံရေး လမ်းဖွင့်လာသော်လည်း ထိုအထဲတွင် မင်းအောင်လှိုင် မပါသေးပဲ ဖြစ်နေရသည် နှင့် စပ်လျှင်း၍ အခြား သတင်းအရင်း အမြစ်တခု အဆိုအရ "မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ရက်ကို အတိမကျ မပြောနိုင်သရွေ့ ထိုသို့ လုပ်မည် မဟုတ်" ဟု သိရသည်၊ မင်းအောင်လှိုင်သည် ၂၀၂၃ အတွင်း ရွေးကောက်ပွဲ လုပ်မည်၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် အစီ အစဉ်များ အခိုင်အမာ ချမှတ် လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့ပြီး ဖြစ်သည်။

 

သိန်းစိန်၏ ဇွန်လ ၂၈ ခရီးစဉ်သည် တရုတ်၏ ပြည်ပ နိုင်ငံများ နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သွားရေး မူကြီး ငါးချက်ကို ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ မြောက် အထိမ်းအမှတ် ပွဲ ကို တက်ရောက်ရန် အတွက် ဖြစ်သည်။ ၂၀၁၄ တွင် ပြုလုပ်သော နှစ် ၆၀ ပြည့် အခမ်းအနားကို နိုင်ငံ ခေါင်းဆောင် အဖြစ်နှင့် တက်ရောက်ခဲ့ပြီး ဖြစ်သည်။

 

သိန်းစိန်သည် တရုတ် ခေါင်းဆောင် ရှီကျင့်ပင် မိန့်ခွန်း ကိုလည်း နားထောင်ခွင့် ရခဲ့သည်။ အစည်းအဝေး၏ ဘေးထွက် အစီအစဉ် အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နှင့် တွေ့ဆုံခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲ နှင့် နီးစပ်သော သတင်းရပ်ကွက် တခု မှ "မင်းအောင်လှိုင် အား ရွေးကောက်ပွဲ အတွက် လမ်းခင်းပေးနိင်ရန် ရာထူးမှ ဆင်းပေးပြီး ကြားကာလ အစိုးရ အဖွဲ့ သို့ အာဏာ လွှဲပေးဖို့ နားချ ပေးရန် ဝမ်ယီက ပြောလာခဲ့သည်" ဟု ဆိုသည်။

 

မကြာမီ မှာပင် စိုးဝင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ စိမ်းလန်းစိုပြေ ဖွံ့ဖြိုးရေး ဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိလာခဲ့သည်။

 

စစ်ကောင်စီ မီဒီယာများတွင် နယ်ခြားဒေသ တည်ငြိမ်ရေး၊ အွန်လိုင်း လောင်းကစားမှု အမြစ်ပြတ် ချေမှုန်းရေး၊ မူးယစ် မှောင်ခို လုပ်ငန်းများ နှင့် နယ်စပ် ကုန်သွယ်မှု တိုးမြှင့်ရေး ကိစ္စများအား တရုတ် အရာရှိများ နှင့် ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။

 

လေ့လာသူများကမူ စစ်ကောင်စီ မှ အွန်လိုင်း လိမ်လည်မှု များကို မနှိမ်နှင်းနိုင် ဖြစ်နေမှု နှင့် တရုတ် နယ်ခြား နှင့် ကပ်နေသော မြောက်ပိုင်း တွင် တိုက်ပွဲများ အဆုံး မသတ်နိုင် ခဲ့သည် ကို လည်းသဘောမတွေ့ ဖြစ်နေသည်ဟု မှတ်ချက်ချခဲ့ကြသည်။

 

စစ်တပ် မှ နိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ အသစ် တဖန် ထပ်ဖြစ်လာမှု ကို အသည်းအသန် ကာကွယ် နေရချိန်တွင် စိုးဝင်း၏ ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ စိုးဝင်းသည် ၎င်းတို့၏ ရန်သူ များကို နှိမ်နှင်းနိုင်ရန် တရုတ်၏ အကူအညီကို တောင်းခံဖွယ် ရှိနေသည်။

 

၎င်းတို့ နှစ်ဦး၏ ခရီးစဉ်ကြောင့် သေချာသွားသည့် က တရုတ်သည် အာဏာသိမ်း အဖွဲ့ကို ပစ်ပယ် ဖို့ မရှိဘဲ ၎င်းတို့၏ အသွင် ကူးပြောင်းရေး ဆိုသည်ကို ဆက်၍ ထောက်ခံသွားမည် ဆိုသော အချက်ပင် ဖြစ်သည်ဟု အော်စလို ငြိမ်းချမ်းရေး အင်စတီကျု မှ သုတေသီ အမရာ သီဟ က ဆိုသည်။

 

ထို့ပြင် ၎င်းတို့အကြား တရုတ် ဆန့်ကျင်ရေး သဘောထားများ ဖြေဖျောက်ပေးရန်၊ ဆက်ဆံရေး ခိုင်မာလာရန် နှင့် မယုံသင်္ကာ ဖြစ်နေမှု များ ပပျောက်သွားရန် စိုးဝင်း ခရီးစဉ်အား အသုံးချ သွားဖို့ ရှိနေသည်ဟု လည်း ပြောပြခဲ့သည်။

 

စိုးဝင်း ဖက်ကလည်း ၎င်းတို့၏ ရွေးကောက်ပွဲ အစီအစဉ်၊ တိုက်ပွဲများ အရှိန် မြင့်လာနေမှု နှင့် မကြာခင်က ဟနွိုင်းတွင် အမေရိကန် အရှေ့အာရှ လက်ထောက် နိုင်ငံခြား‌ ရေး ဝန်ကြီး အပါအဝင် အရာရှိများ နှင့် ရေတပ်မှ ကျော်လင်း ဇော် တို့ တွေ့ဆုံခဲ့မှု များကို ရှင်းပြရဖို့ ရှိနေသည်ဟု Stimson Centre မှ ယွန်ဆန်းက ဆိုသည်။

 

ထိုအစည်း အဝေးမှ အသေးစိတ် အချက်များ ထွက်ပေါ်လာခဲ့ခြင်း မရှိသော်လည်း အမေရိကန် ဖက်မှ ဝင်ရောက် ဖြန်‌ဖြေ ပေးနိုင်မည့် အရေး ဆွေးနွေးခဲ့ပုံရသည် ဆိုသော ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ တွေ့ဆုံ ဖြစ်အောင် တရုတ် အပါအဝင် ဒေသတွင်း နိုင်ငံများမှ မီးစိမ်းပြခဲ့သည်ဟု သတင်းများ က ဆိုသည်။

 

ရှေ့လာမည့် လများ အတွင်း တရုတ်မှ မြန်မာ စစ်တပ်အား ကူညီရန် မည်မျှ အတိုင်းအတာ အထိ ကတိကဝတ် ပြုထားသည် ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်ဟု သတင်းရပ်ကွက်များက ဆိုသည်။

 

မြန်မာဖက်မှ စစ်ရေး သံတမန်ရေးရာများတွင် ထဲထဲဝင်ဝင် ရှိသော သတင်းအရင်းအမြစ်တခုကမူ မြန်မာ စစ်တပ် ပြိုလဲ မသွားအောင် လက်နက်ကအစ အစစ အရာရာ ကူညီသွားမည်ဟု တရုတ်ကသဘောတူထားကြောင်း ပြောလာသည်။ လာမည့် လများ အတွင်း အသေးစိတ် ထွက်ပေါ်လာဖွယ် ရှိသည်။

 

ဇူလိုင်လ ကုန်တွင် မင်းအောင်လှိုင်၏ ငါးကြိမ် မြောက် အရေးပေါ်သက်တမ်းသည် ကုန်ဆုံးသွားမည် ဖြစ်သော်လည်း ခြောက်ကြိမ်မြောက် သက်တမ်း တိုးဦးမည်သာ ဖြစ်သည်ဟု အများက မျှော်လင့်ထားပြီး ဖြစ်သည်။

 

ထိုအချိန် ရောက်လျှင် ဘီဂျင်းမှ ၎င်းတို့ တောင်းဆိုထားသည့် အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ သွက်လက်လာမှု ရှိမရှိ၊ ရွေး‌ ကောက်ပွဲ ပြုလုပ်မည့် ရက် အတိအကျ သတ်မှတ်ရေး များ ဖြစ်လာမလာကို အနီးကပ် စောင့်ကြည့်လာပေတော့မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!