အာဏာသိမ်း အဖွဲ့အောက် တွင် နိုင်ငံ ပျက်သုန်းမည့် အရေး ကြုံနေရ ဟု ကုလ ဆို

by Hla Soewai - Jul 16 2024

အာဏာသိမ်း အဖွဲ့သည် စစ်ရေး တွင် အရေး နိမ့်လာနေသည့် အတွက် အရပ်သားများ၊ ကျောင်းများ၊ ဆေးရုံများကဲ့သို့ အရေးပါသည့် အဆောက်အအုံများကို တိုက်ခိုက် လာနေပြီ ဖြစ်သည်ဟု ကုလ လူ့အခွင့် အရေး အထူး သံတမန် တွန် အင်ဒရူးက သတိပေးလိုက်ပြီ ဖြစ်သည်။

 

၎င်းတို့ လုပ်နေပုံသည် ထိန်းချုပ်၍ မရသည့် အတူတူ ဖျက်ဆီးပစ်မည့် သဘောဆောင်နေသည်ကို တွေ့ရကြောင်း ထိုင်း အောက်လွှတ် တော်၏ အမျိုးသား လုံခြုံရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက် ရှင်းလင်း ပြောကြားစဉ် ယခုလို ပြတ်သားစွာ သတိပေးလာခြင်းလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် ခြောက်လ အတွင်း ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများအား တိုက်ခိုက်လာမှု သည် သိသိသာသာ မြင့်တက်လာခဲ့၍ လွန်စွာ အန္တရာယ် ရှိလာကြောင်း ထောက်ပြသွားခဲ့သည်။

 

တရုတ် အစိုးရသည် ရွေးကောက်ပွဲဖြင့် စစ်ကောင်စီ မှ မွေးထုတ် ပေးလိုက်မည့် လုံချည်ဝတ် အစိုးရသည် တိုင်းပြည်ကို ငြိမ်းချမ်းရေး ဖေါ်ဆောင် နိုင်မည် ဖြစ်ကာ ၎င်းတို့ အကျိုးစီးပွားကို ဆက်၍ အကောင် အထည် ဖေါ်သွားနိုင်မည် ဆိုသော ဆောင်းတွင်း အိမ်မက် ကို မက်ကောင်းနေဆဲပင် ဖြစ်သည်။ 

 

တရုတ်၏ ငြိမ်းချမ်းရေး ဆိုသည်က ငယ်မွေးခြံပေါက် များ ဖြင့် မလိုလျှင် မလိုသလို ရှူး တိုက် လွှတ်မည် ဟူသော နိုင်ကွက်မျိုး ဖြင့် ဖန်တီးထားခြင်းမျိုး ဖြစ်သည်။

 

ကုလ သမဂ္ဂ သည် လည်း ကြီးငါးကြီး၏ ဗီတို အာဏာ ကြားတွင် မည်သို့မျှ မလှုပ်နိုင် ဖြစ်နေရသည် မှာ ယူကရိန်း နှင့် အရှေ့အလယ်ပိုင်း အရေးများ တွင် အထင်အရှား တွေ့နေရသည်။

 

သို့သော် ကုလ သည် နိုင်ငံများအား ကိုယ်စားပြု ပြောခွင့်ရနေသည့် ကမ္ဘာစင်မြင့် ကို ပိုင်ဆိုင်ထား၍ ၎င်းတို့၏ စကား ကို လွယ်လင့်တကူ အလေးမထား၍ မရ၊ ထို့အတွက်ကြောင့်လည်း တရုတ်သည် စစ်ကောင်စီ ဖက်မှ အကြမ်းဖက်နေမှု များ လျော့ချ မလာမချင်း လက်နက် အကူအညီ မျိုး ဗြောင်ကျကျ ထောက်ပံ့ ပေး၍ မဖြစ်မှန်း သိထားပြီး ဖြစ်သည်။ လက်ရှိ တွင် ငြိမ်းချမ်းရေး ဆိုသည့် ခေါင်းစဉ် တပ်၍ ဝင်ရောက် စွက်ဖက်နေသည့် အဆင့်မျိုးသာ ရှိနေသည်။

 

သို့သော် ဧရာဝတီ သတင်း တွင်မူ စိုးဝင်း မှ လက်နက် ရောင်းပေးရန် အကူအညီ တောင်းမှု ကြောင့် လက်နက်ခဲယမ်းများ မှ နှစ်ပတ် မှ တလ အတွင်း ရောက်လာဖွယ် ရှိသည်ဟု ဖေါ်ပြထားသည်။

 

စစ်ကောင်စီ သည် နောင်ချိုကို လုံးဝဥသုံ လက်လွှတ်လိုက်ရပြီး နောက် မန္တလေး တွင် လုံခြုံရေး အထူး တင်းကျပ်လာပြီး ခံစစ် ပြင်နေသည်ဟု သတင်းများက ဆိုသည်။ နောင်ချို တွင် ၎င်းတို့၏ ၆၀၆ ဒုံးကျည် တပ်ရင်းကို ပါ သိမ်းပိုက် နိုင်ခဲ့၍ multi-launcher ခေါ် အတွဲလိုက် ပစ်ခတ်နိုင်သည့် ဒုံးပစ် လက်နက်ကြီးများ၊ လေယာဉ်ပစ် အမြှောက်များပါ တော်လှန်ရေး တပ်များက ရရှိသွားခဲ့သည်။

 

မန္တလေး အထက်ပိုင်း တွင် NUG ၏ တိုက်ရည် ခိုက်ရည် အပြည့်ဝဆုံ တပ်ဟု ပြော၍ ရနိုင်သည့် မန္တလေး ပြည်သူ့ကာကွယ်‌ ရေး တပ်ဖွဲ့နှင့် စစ် ကောင်စီ တပ်များ ရင်ဆိုင်‌ နေရပြီး အခြေ အနေများ ဆိုးသည်ထက် ဆိုးလာနေသည်၊ ရှစ်ရက် အတွင်း စဉ့်ကူ မြို့နယ် အတွင်း ရှိ စစ်စခန်း ၁၁ ခု ကို သိမ်းယူ နိုင်ခဲ့သည်ဟု သိရသည်။ စစ်‌ ကောင်စီ သည် ၎င်းတို့ ထုံးစံ အတိုင်းအရပ်သား များ အပေါ် လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်လာနေပြီ ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက် တခုသည်ကား ဒေသခံများက တော်လှန်ရေး တပ်ဖွဲ့များကို မြို့နာသည် ဆိုကာဝိုင်းဝန်း ဆန့်ကျင့်လာရန် ဖြစ်သည်။

 

လားရှိူး မြို့တွင်လည်း MNDAA ထိုးစစ်ကြောင့်လူသူကင်းမဲ့ ပြီး နေ့လားညလား ဆိုကာ ကျီးလန့်စာစား အဖြစ် ရောက်နေပြီ ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)

 

လားရှိုးသည် တရုတ် မှ မျဉ်းနီ တားပေးထားသည့် မြို့ ဖြစ်နေသော်လည်း ယခုအခါ TNLA နှင့် MNDAA တပ်များ၏ ဝိုင်းရံထားခြင်း ခံနေရပြီ ဖြစ်သည်၊ စစ်တပ်သည် လားရှိူး မြို့လက်လွှတ်ရမည့် အရေးကို လွန်စွာ ထိတ်လန့်နေ၍ မြို့အဝင် တံတား ငါးစင်းကို ဖျက်ဆီးပစ်ခဲ့သည်ဟု ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာက RFA တွင် ရေးသားထားသည်။

 

တဆက်တည်း ဆိုသလိုပင် ကရင်နီ ဒေသ အား ထိုးစစ် ဆင်နေသော စစ်ကောင်စီ တပ်များ အား ပျော့သွားရန် ရှမ်းပြည် တောင်ပိုင်း တွင် စစ်မျက်နှာ တခု ဖွင့်သင့်ပြီ ဖြစ်ကြောင်းလည်း ၎င်းက အကြံပြုလာခဲ့သည်။

 

စစ်ကောင်စီ ၏ ဗဟိုဘဏ် သည်လည်း ပုဂ္ဂလိက ဘဏ်များထံ ငွေသား ဖြည့်တင်းမပေးနိုင်သည့် အပြင် ငွေအပ်နှံသူ များလည်း တဦးတယောက်မှ မရှိတော့၍ ငွေထုတ် ယူ မှု အား တနေ့လျှင် ဆယ်သိန်း မှ သိန်း နှစ်ဆယ် အကြားသာ ထုတ်ယူခွင့် ရှိသည်ဟု ကန့်သတ်လာခဲ့ရသည်။ ဤသည်ကလည်း ဘဏ်လုပ်ငန်း ရှင် ကြီးများ ကို အကျယ်ချုပ်ထားကာ ခေါ်ယူစစ်ဆေးနေသည်ဟု ထုတ်ပြန်လိုက်သော သတင်းကြောင့် စတင်လာခဲ့ခြင်း ဖြစ်သည်၊ ဈေးကွက် စီးပွားရေး ဆိုသည်ကို ဘူးလုံးနားမထွင်း နှင့် ဗဟိုဘဏ် တွင် ဝင်ရောက်ချယ်လှယ်နေကြပြီး လက်တည့်စမ်းနေကြရာမှ ဘဏ်များ ပြိုလဲလု အနေအထား ဖြစ်လာခဲ့ခြင်း ပင် ဖြစ်သည်။

 

ပြည်သူတို့ ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်;!!