"မြန်မာ ပြည်တွင် ကျင်းပမည့် တရုတ် ရွေးကောက်ပွဲ

by Hla Soewai - Jul 16 2024

သိန်းစိန် နှင့် စိုးဝင်း အပြီးတွင် ဘီဂျင်းသို့ လာရောက်ရန် ဆင့်ခေါ် ခံရသည်က နိုင်ငံရေး ပါတီများ ဆိုသော ပြည်ခိုင်ဖြိုး၊ ကိုကိုကြီး၏ ပြည်သူ့ပါတီ၊ အာရကန် ရှေ့ဆောင်ပါတီ (AFP)၊ ရှမ်း နှင့် တိုင်းရင်းသား ဒီမိုကရက် ပါတီ (SEDP) တို့အား ခုနှစ်ရက် ခရီးစဉ် အဖြစ် တရုတ်မှ ဆင့် ခေါ်လိုက်ပြီ ဖြစ်သည်။

 

တရုတ် ကွန်မြူနစ် ပါတီ မှ ပါတီချင်း ဆက်ဆံ‌ ရေး ဟု အကြောင်းပြ ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်၊ တရုတ်၏ အမြင်တွင် မင်းအောင်လှိုင်သည် ၎င်း အာဏာ တည်မြဲရေး၊ ဆက်၍ အုပ်ချုပ်သွားနိုင်ရေး အတွက်‌ ရွေးကောက်ပွဲ ဆိုသည်ကို လျစ်လျု ရှူကာ ယခု ပုံစံ အတိုင်း အကြောင်း အမျိုးမျိုးပြ ဆက်၍ နေသွားရန် ကြံရွယ်နေသည်ကို ရိပ်စားမိလာ၍ တဖြေးဖြေး ရွံရှာ မုန်းတီးနေပြီ ဆိုသည်မှာ သိသာ ထင်ရှားနေပြီ ဖြစ်သည်။

 

သို့သော် ၎င်းတို့ စရိတ်စက အကုန်အကျခံကာဖိတ်ကြားခဲ့သည့် နိုင်ငံရေး ပါတီများ သည် လူထု၏ ထောက်ခံမှု မရ ဆိုသည်ကို တရုတ် ထောက်လှန်းရေး မြေပြင် သတင်း အစီရင်ခံချက် များအရ တရုတ် အစိုးရသည် မသိပဲ နေမည် မဟုတ်၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် တရုတ် အစိုးရသည် "အာဏာသည် သေနတ် ပြောင်းဝ က သာ ထွက်သည်" ဆိုသည်ကို စွဲမြဲစွာ ယုံကြည်နေ သည် ဆိုသည်ကို သိသာ ထင်ရှားစေသည့် အချက်ပင် ဖြစ်သည်။

 

ထိုသို့သော လူမျိုး များအား ကိုကိုကြီး မှ နိုင်ငံတွင်း တည်ငြိမ်ရေး နှင့် ဒီမိုကရေစီ ရရှိရေး အတွက် တရုတ် အရာရှိများနှင့် ဆွေးနွေး တင်ပြသွားမည်ဟု အလဲဗင်း မီဒီယာ အား ပြောသည် ဟု ဧရာဝတီ တွင် ပါရှိလာသည်။ သို့ ဆိုက တရုတ်သည် မြန်မာပြည်အား လင်ဗန်းပေါ် တင်ပြီး အနောက် အုပ်စုထံ ဆက်ကပ် ပေးလိမ့်မည်ဟု ယုံကြည်နေခြင်းပင် မဟုတ်ပါလော။

 

မြန်မာသည် စည်းလုံးညီညွတ်ပြီး ပြီး ငြိမ်းချမ်း ဖွံ့ဖြိုးသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ဖြစ်သွားက အကြီးအကျယ် ထိခိုက်ဆုံးရှူံးမည့် နိုင်ငံသည် တရုတ်ပင် ဖြစ်သည်ဟု ဘာတေး လစ်တနာ က ၎င်း၏ ဧရာဝတီ ‌ ဆောင်းပါး တွင် ထောက်ပြခဲ့သည်။ သို့သော် အခြေအနေများက ထိန်းမရ သိမ်းမရ အဖြစ် အထိ ရောက်သွားမည် ဆိုက ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်လာမည်ကိုတော့ မလိုလားဟု ဆိုသည်။ မြန်မာ၏ အနာဂတ်သည် တရုတ် ရှေ့လျောက် မည်သို့ လုပ်သွားမည် ဆိုသည် အပေါ် မူတည်လာနေပြီ ဟု သုံးသပ်သွားသည်။

 

မြန်မာ အရေး လေ့လာသုံးသပ်သူ အီဂေါ ဗလာစီဗစ်က "မြန်မာပြည်တွင် ကျင်းပမည့် တရုတ် ရွေးကောက်ပွဲ" ဟု ပင် ကင်ပွန်း တပ်လိုက်ပြီး ထိုသို့သော ရွေးကောက်ပွဲ တွင် ပါဝင်မည့် ပါတီများအား လည်း တိုင်းပြည် နှင့် လူထု ကို သစ္စာဖေါက် သူများ အဖြစ် ပြောဆို ရှုတ်ချလိုက်သည်။

 

ပြဿနာ ဖြစ်လာရသည်က မင်းအောင်လှိုင်ပင် ဖြစ်သည်။ တရုတ် မှ မင်းအောင်လှိုင် သည် နိုင်ငံကို ဆက်၍ အုပ်ချုပ် နိုင်စွမ်း မရှိတော့၊ နိုင်ငံတကာက လည်း အသိအမှတ်ပြု လက်မခံတော့ ဟု ဆိုကာ လုံးဝ အယုံအကြည် မဲ့နေပြီ ဖြစ်သည်၊ ထို့အတွက်လည်း alternative plan ကို ဗြောင်ကျကျ လုပ်လာနေခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အာဏာ သိမ်းခဲ့သည့် သုံးနှစ်ကျော် ကာလ အတွင်း ပြောထားသည့် အတိုင်း အလုပ်နှင့် လက်တွေ့ပြနိုင်ခဲ့သည် တခုတည်း သော အရာသည်က "မလုပ်ရဲတာ ဘာမှ မရှိ" ဆိုသည်ပင် ဖြစ်သည်။

 

၎င်း အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်လွှတ်ပြီး သမ္မတ ပင် လုပ်ရဲမည် မဟုတ်တော့ ဆိုသည်ကို တရုတ်က ကောင်းစွာ သ‌ဘောပေါက်နေပြီ ဖြစ်သည်၊ တပ်ကို စွန့်လွတ်လိုက်ရသည် နှင့် ၎င်း၏ အနေအထားသည် မျောက် သစ်ကိုင်းလွတ် ဖြစ်ကာ လုံးဝ စိတ်ချနိုင်စရာ မရှိတော့၊ အောက်ခြေ တွင် ၎င်းအပေါ် မကျေနပ်သူများက ဒု နှင့် ဒေး ဖြစ်လာနေသည်။ အမျိုးသား ဒီမိုကရေစီ အစိုးရ လက်ထက်တွင် အိတ်လေးဆွဲကာ လွှတ်တော်ထဲ တခါတရံ ထိုင်ထ လုပ်ရသည်မှ အပ အေးအေးလူလူ လာထိုင်နေခွင့် ရနေပါလျက် မင်းအောင်လှိုင် မစ မှု ကြောင့် ရှေ့တန်းတွင် သေသူသေ၊ အဖမ်းခံရသူ ခံရ၊ ထောင်ထဲရောက်သူ ရောက် နှင့် ဘဝ ပျက်ကူန်ကြရပြီ မဟုတ်ပါလော။

 

ဒု ခေါင်းဆောင် စိုးဝင်း ၏ တရုတ် ခရီးစဉ် အတွင်း တရုတ် အရာရှိများက နှစ်ကိုယ်ကြား ဘာတွေ နားသွင်း လိုက်မလဲ ဆိုသည် ကိုလည်း စိုးရိမ်ကြောင့်ကျ နေမည်သာ ဖြစ်သည်။

 

ပြည်သူ တော်လှန်ရေး တပ်ဖွဲ့များက ယခုအခါ ဒုတိယ မြို့တော် မန္တလေး အနားသို့ပင် ချည်းကပ်လာနေချိန်တွင် တရုတ် အဖို့ တိုက်ရိုက် မဟုတ်သည့် တိုင် သွယ်ဝိုက်သော နည်းဖြင့် ဝင်ရောက်စွက်ဖက်လာခြင်း ဖြစ်သည်။

 

မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ မန္တလေး ဒေသ ကြီး အ‌တွက် ကြားကာလ နိုင်ငံရေး အစီအစဉ်များအား မန္တ‌လေး တိုင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ နှင့် ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်လိုက်သည် ဟု သိရသည်။ 

 

ယခုအခါ ညီနောင်သုံး ဖေါ် အဖွဲ့သည် လားရှိုး မြို့လယ်မှ နှစ်မိုင် ခန့် အကွာတွင် ရှိသည့် ခမရ ၅၀၇ တပ်ရင်းကို သိမ်းယူ နိုင်ခဲ့ပြီး လားရှိုး သိမ်း အောင် ဖြစ်လာချိန်တွင် ဘီဂျင်းသည် တန့်ယန်း သို့ ၎င်းတို့၏ လက်အောက်ခံ ဝ တပ် အင်အား နှစ်‌ ထောင် ခန့် ကို စေလွှတ်ထားပြီး ကျားကန် ပေးထားသည်။ ထိုသို့ ဝ တပ်များ ဝင်ရောက်လာခြင်းကို စစ်တပ်ကလည်း ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ရသည်ဟု သိရသည်။ ထို့အတွက် ဝ တပ်များသည် သေနတ် တချက်ပင် မဖေါက်လိုက်ရပဲ နောက်ထပ် မြို့တမြို့ကို သိမ်းယူ သွားနိုင်ခဲ့ပြန်သည်။

 

သံတွဲရှိ ခမရ ၅၅ အားလည်း ရက္ခိတ တပ်တော်က သိမ်းယူ ခဲ့သည်ဟု တရားဝင် သတင်း ထုတ်ပြန်လာသည်။

 

သတင်းကောင်း တရပ် အဖြစ် ကုလ သံကြီး တွန် အင်ဒရူး၏ မဆုပ်မနစ် ကြိုးပမ်းမှု ကြောင့် စစ်ကောင်စီသည် ထိုင်း ဘဏ်များကို အသုံးချပြီး လက်နက် ဝယ်၍ မရအောင် တားဆီးသွားရန် ထိုင်းဖက်မှ စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - Global Voice