စစ်ကောင်စီ ၏ ဖိနှိပ်ရေး ယန္တရား ကြီးအား ချောဆီ ထိုး ပေး နေသည့် ဗဟိုဘဏ် - ရှောင်တန်နဲလ်

by Hla Soewai - Jul 16 2024

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ဝက်ဆိုဒ် တွင် ပါရှိလာသည့် ဩစတေးလျှ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တန်နဲလ်၏ "How Myanmar's Central Bank facilitates the Junta's oppression" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။

 

စစ်ခေါင်းဆောင်များသည် နိုင်ငံ၏ တရားဝင် အစိုးရအား ဖြုတ်ချ အာဏာသိမ်း ပြီး စစ်ကောင်စီဟု အမည်တပ်ကာ လူထု အား ဖိနှိပ် အုပ်ချုပ်နေမှု ကို အဓိက ပံ့ပိုးပေးလာသည်က ဗဟိုဘဏ် ပင် ဖြစ်သည်။ ဗဟိုဘဏ် သည် စစ်ကောင်စီ ၏ လူထု အပေါ် ဆင်နွှဲနေသော စစ်ယန္တရားကြီး အတွက် ငွေကြေး အရင်းအမြစ်များ ရအောင် ရှာဖွေ ပေးခဲ့ သည့် အပြင် နိုင်ငံတကာ၏ ပိတ်ဆို့ ဒဏ်ခတ်မှု များ ကို တန်ပြန်နိုင်မည့် စစ်ကောင်စီ၏ အသုံးတော်ခံ ကိရိယာ တန်ဆာပလာကြီး ဖြစ်လာခဲ့သည်။

 

ဗဟိုဘဏ် အား ဒဏ်ခတ် အရေးယူ ခြင်းဖြင့်သာ အထက်တွင် ဆိုခဲ့သည့် အတိုင်း ၎င်းတို့ ၏ စွမ်းဆောင်နိုင်မှု ကို ကန့်သတ်သွားနိုင်မည် ဖြစ်၍ ထိတ်တန်း ဦးစားပေး အဖြစ် ဆောင်ရွက်သင့်သည်။

 

ဗဟိုဘဏ် ၏ အခန်းကဏ္ဍ

 

စစ်ကောင်စီ သည် တိုင်းပြည်စီးပွားရေး အား ကမောက်ကမ ဖြစ်လာသည်အထိ အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲ နေခဲ့မှု များ ကြောင့် နောက်ပိုင်းတွင် ၎င်းတို့ စစ်ယန္တရားကြီး အတွက် ရံပုံငွေ ရရှိရေး တွင် ဗဟိုဘဏ်ကို လုံးဝဥသုံ မှီခိုလာရသည့် အဆင့် ရောက်လာခဲ့သည်။

 

တနေ့တခြား မြင့်မားလာနေ‌သော စစ်အသုံးစရိတ်များ အား အခွန် ငွေ ဖြင့် ဖြည့်တင်းမပေးနိုင်တော့သဖြင့် ဘတ်ဂျက် လိုငွေပြမှု အဆမတန် ကြီးထွားလာနေ၍ ဗဟိုဘဏ်မှ ‌ချေးငှား သုံးနေရသည်၊ ယခုအခါ ဘတ်ဂျက် လိုငွေ ပြမှု ၏ ၇၀ ရာနှုန်းကို ထိုနည်း ဖြင့် ဖြည့်တင်းပေးနေရသည်။

 

ကမ္ဘာတဝှမ်း ရှိ ဗဟိုဘဏ်များသည် ငွေစက္ကူ ပုံနှိပ်စက် များကို ထိန်းချုပ်ထားစမြဲ ဖြစ်သည်၊ လွန်စွာ ဆိုးဝါးလာနေသော အခြေအနေများက လွဲ၍ အစိုးရ၏ ဘတ်ဂျက် လိုငွေကို ဖြည့်တင်းပေးရန် အတွက်တော့ ငွေစက္ကူများ ရိုက်နှိပ် ပေးခြင်းမျိုး တော့ မရှိပေ။

 

ယခုအခါ ဗဟိုဘဏ် မှ စစ်ကောင်စီ အတွက် ရံပုံငွေ များ ပံ့ပိုးပေးနိုင်ရန် ငွေစက္ကူများ ရိုက်နှိပ် ပေးလာရသည်၊ မည်မျှ အတိုင်းအတာ အထိ ရိုက်နှိပ်ပေးနေရသည်ကို ခန့်မှန်းရ ခက်သော်လည်း ဗဟိုဘဏ် ၏ အဆင့်မြင့် အရာရှိကြီး တဦး နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဆိုအရမူ ပမာဏအားဖြင့် နဲနဲနောနော မဟုတ်ဟု သိရသည်။

 

ထိုသို့ အတိုင်းအဆ မရှိ ရိုက်နှိပ် ဖြန့်ချီ ပေးလာရသည့် အတွက် ယခုအခါ ငွေကြေး ဖောင်းပွမှု နှုန်းသည် ၃၀ ရာနှုန်း အထိ ဖြစ်လာပြီး တည်ငြိမ်မှု မရှိ ဖြစ်လာနေသည်။ ငွေတန်ဖိုးသည်လည်း အာဏာ မသိမ်း မီ ကထက် စာလျှင် သုံးပုံ တပုံသာ တန်ကြေး ရှိတော့သည်။

 

ဗဟိုဘဏ် သည် စစ်ကောင်စီ အတွက် တိုက်ရိုက် ရံပုံငွေ ရှာပေး နေသည့် အပြင် ပုဂ္ဂလိက ဘဏ်များ အား လည်း ဆွဲထည့် လာခဲ့သည်၊ အာဏာသိမ်းပြီး ချိန်ကစ၍ ဗဟိုဘဏ်၏ ညွှန်ကြားချက် အရ ပုဂ္ဂလိက ဘဏ်များသည် စစ်ကောင်စီ ၏ ငွေတိုက် စာချုပ်များကို ကျပ် ၁၀ တြီလီယံ အထိ နှင့် အစိုးရ ဘဏ်များလည်း ကျပ် ၃ တြီလီယံ အထိ ဝယ်ယူခဲ့ကြရသည်။ ယခုအခါ တန်ဖိုး၏ သုံးပုံ နှစ်ပုံ ခန့် ဆုံးရှုံးသွားခဲ့ရသည်။

 

စစ်ကောင်စီ ၏ နိုင်ငံခြား ငွေ ရရှိမှု

 

စစ်ကောင်စီ ၏ နိုင်ငံခြားငွေ ကြီးကြပ်မှု ကော်မတီ နှင့် ပူးပေါင်း၍ ဗဟိုဘဏ် သည်လည်း စစ်ကောင်စီ အတွက် တိုက်လေယာဉ် နှင့် ဗုံးများ ဝယ်ယူရန် နိုင်ငံခြားငွေများလည်း ရှာပေးခဲ့ရသည်။

 

ယခုအခါ နိုင်ငံခြား အရံငွေ သည် ဒေါ်လာ ၃.၅ ဘီလီယံ ခန့်သာ ကျန်တော့၍ ၂၀၂၀ တွင် ရှိခဲ့သည်ထက် တဝက်ခန့်သာ ကျန်တော့သည်။ ၎င်းတို့ အာဏာသိမ်း ပြီး ချိန်ကစ၍ နိုင်ငံခြားငွေ ရဖို့ ဆိုလျှင် ချမှတ်ထားပြီးသား စည်းမျဉ်းများကို အကုန် ချိုး ဖောက်ခဲ့ကြသည်။

 

ဒေါ်လာလဲလှယ်နှုန်း အား စစ်တပ် သဘောကျ သတ်မှတ်ပေးရခြင်း၊ ကုမ္ပဏီ များ အား ပို့ကုန်မှ ရငွေများကို စစ်တပ် အလိုရှိသည့် ရာခိုင်နှုန်း အတိုင်း ကျပ်ငွေ အဖြစ် လဲလှယ်ခိုင်းခြင်း၊ ပြည်ပ တွင် အလုပ်လုပ်ကိုင် နေသူများအား ငွေပြန်လွှဲခိုင်းခြင်း၊ ပြည်ပ ချေးငွေ နှင့် အတိုး ပြန်ဆပ်ခြင်း အား ဆိုင်းငံ့ခိုင်းခြင်း အစရှိသည်တို့ ဖြစ်သည်။

 

ဒဏ်ခတ်မှု များ ရှောင်လွှဲနိုင်ရန် နည်းလမ်း ရှာလာခြင်း

 

အမေရိကန် ဦးဆောင်မှု နှင့် နိုင်ငံ အများအပြားမှ ပိတ်ဆို့ဒဏ်ခတ်လာမှု များ ကြောင့် ကုန်သွယ်ရေး နှင့် ပြည်ပ ငွေပေးငွေယူ များအား ဒေါ်လာ မှ တဖက်မှ သတ်မှတ်သည့် နှုန်း ဖြင့် ယွမ်ငွေ၊ ရူဘဲလ်၊ ဘတ်ငွေများ သို့ ပြောင်း သုံးရန် ညွှန်ကြားလာသည်။ သို့သော် တရုတ် နှင့် ထိုင်း တို့မှ ‌ဒေါ်လာဖြင့် ပေးချေရန် တင်းခံ လာကြပြီး၊ ရုရှားက မူ ရွှေ ဖြင့် သာ လက်ခံခဲ့၍ ထိရောက်မှု မရှိ ဖြစ်လာသည်။

 

အာဏာသိမ်း အဖွဲ့ အတွက် ထောက်လှန်း စောင့်ကြည်ရေး တာဝန် ယူလာခြင်း

 

ဗဟိုဘဏ်သည် မိုဘိုင်းမှ ငွေလွှဲမှု များအား ဘဏ္ဍာရေး ဆိုင်ရာ နည်းပညာ များ ဖြင့် စောင့်ကြည့်ပြီး ပိုင်ဆိုင်မှု များ ကို သိမ်းယူကာ အကောင့် များကို ပိတ်ပစ်ခိုင်း ခဲ့သည်မှာ စုစုပေါင်း ၁၈,၀၀၀ ခန့် ရှိလာခဲ့သည်။ ဘဏ်များ၊ မိုဘိုင်း ကုမ္ပဏီများအား ယခင် ငွေခဝါချမှုများ စုံစမ်း ဖေါ်ထုတ်ရာ မှ ယခုအခါ တော်လှန်ရေး အတွက် ရံပုံငွေ ရှာသည့် လမ်းကြောင်းအား စောင့်ကြည့်ရန် ညွှန်ကြားလာခဲ့သည်။

 

တဖက်တွင် ရာဇဝတ်မှု များ နှင့် မကင်းရာ မကင်းကြောင်း တရားမဝင် လမ်းကြောင်းဖြင့် အသုံးပြုလာနေသည်များကို လျစ်လျု ရှုလာခဲ့သည်။ ထို့အတွက် မြန်မာ သည် အီရန်၊ မြောက်ကိုရီယား တို့ နှင့် အတူ ငွေကြေး ခဝါချမှု၊ အကြမ်းဖက် လုပ်ရပ်များအား ပံ့ပိုး ပေးနေမှု များ အား စောင့်ကြည့် အရေး ယူနေသည့် ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်အဖွဲ့ကြီး၏ နာမည်ပျက် စာရင်း သွင်းခံခဲ့ရသည်။

 

ဗဟိုဘဏ်သည် စစ်ကောင်စီ ၏ ညွှန်ကြားချက်များကို လိုက်နာ အသုံးတော်ခံ ခဲ့ရယုံမက ၎င်းတို့ လူများ ထည့်သွင်းလာသည်ကိုလည်း လက်ခံလာခဲ့သည်။ ယခုအခါ အငြိမ်းစား ဗိုလ်ချုပ်ကြီး သုံးဦးသည် ဗဟိုဘဏ်၏ ဒုတိယ အုပ်ချုပ်ရေးမှုးများ ဖြစ်လာသည်။ ဒုတိယ ဗိုလ်မှုးကြီး တသိုက်သည်လည်း လုပ်ငန်း အဆင့်ဆင့် စီမံ ခန့်ခွဲရာတွင် ပါဝင်လာကြသည်။ အစိုးရ ပိုင် ဘဏ်များတွင်လည်း ၎င်းတို့ လူများက အဆင့် အသီးသီး တွင် ဝင်ရောက် လုပ်ကိုင် နေကြပြန်သည်။

 

ဤသို့ဖြင့် ဗဟိုဘဏ်သည် အာဏာသိမ်း အဖွဲ့၏ စစ်ယန္တရား ကြီး အတွက် မရှိမဖြစ် အရေးပါသည့် အစိတ် အပိုင်း ဖြစ်လာခဲ့သည်။ နိုင်ငံတကာ၏ သတ်မှတ်ထားသော စံနှုန်းများကို အံတုကာ စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေမှု များကို ပံ့ပိုးပေးနေသည်။

 

သို့ဖြစ်၍ ရုရှား၊ အီရန်၊ အာဖဂန်နစ္စတန် ဗဟိုဘဏ်များကဲ့သို့ မြန်မာ ဗဟိုဘဏ်ကိုလည်း ဒဏ်ခတ် အရေးယူသင့်ပြီ ဖြစ်သည်။ နယူး‌ယောက် ဗဟိုဘဏ်တွင် အပ်နှံထားငွေများကို အာဏာသိမ်းပြီး နောက်ပိုင်း ထိန်းချုပ်ထားယုံ ဖြင့် မလုံလောက်တော့ပဲ အခြား နိုင်ငံများလည်း ပါဝင်လာအောင် တရားဝင် ဒဏ်ခတ် နာမည်ပျက် စာရင်း သွင်းပြီး အရေးယူ ရတော့မည် ဖြစ်သည်။

 

ထိုသို့ လုပ်မည်ဆိုက သာမန် ပြည်သူများ ထိခိုက်သွားနိုင်သည်ဟု အချို့က ငြင်းချက် ထုတ်လာသော်လည်း တကယ်တမ်းတွင် ၎င်းတို့၏ လုပ်ရပ်များ ကြောင့် လူထု အဖို့ ထိခိုက်နစ်နာနေခဲ့ရပြီး ဖြစ်သည်။

 

တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်လာဖို့ အတွက် တခုတည်းသော နည်းလမ်းသည် ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေသော အာဏာသိမ်း အဖွဲ့ကို ဖယ်ရှားနိုင်ရေး ပင် ဖြစ်သည်။

 

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များ ဖြင့် တိုင်းပြည်တွင် အပြောင်းအလဲ များ ဖြစ်လာ‌ အောင် မစွမ်းဆောင် နိုင်သော်လည်း လွတ်လပ်စွာ နေထိုင်နိုင်ခွင့် ရရှိရေး ရုန်းကန် တိုက်ပွဲ ဝင်နေကြသူများ အတွက် မဟာမိတ် ကောင်းကြီး အဖြစ် နီးကပ်စွာ လက်တွဲ တိုက်ပွဲဝင်ပေးနိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!