ထိုင်း စစ်ဦးစီးချုပ် ဟောင်း ဖြစ်ခဲ့သူ ချာလာဖွန် ဆရီဆာဝပ်ဒီ သည် မင်းအောင်လှိုင် ဖိတ်ခေါ်၍ ငပလီ ရှိ ရေသူမ ဟိုတယ် တွင် ပြီးခဲ့သည့် တနှစ်ခွဲ ခန့်က သွားရောက် တွေ့ဆုံဖြစ်ခဲ့သည်ကို အမှတ်ရနေမိသည်။
သုံးရက်ကြာ ခရီးတွင် သူ့အား ကော်ဇော်နီ ခင်းကာ ကြိုဆိုခဲ့ရှာသည်။ ထိုစဉ်က အိမ်ရှင် ဖြစ်သူ ၏ အထူး ဖေါ်ရွှေခဲ့မှု ကို သူ့ အနေဖြင့် သံသယ ရှိနေခဲ့သည်၊ ထိုသို့ သံသယ ရှိလာခဲ့ခြင်းမှာလည်း ၎င်း၏ သားသမီးများ ထိုင်းတွင် ကွန်ဒို များ နှင့် ဘဏ်ငွေစာရင်းများကို ရဲ အဖွဲ့က သိမ်းဆည်း မိရာမှ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှု များ ကျယ်လောင်စွာ ထွက်ပေါ်နေ၍ ထိန်းထိန်း သိမ်းသိမ်း လုပ်ပေးရန် မိမိအား နှစ်ကိုယ်ကြား ပြောလာခဲ့၍ ဖြစ်သည်။
မည်သို့ဆို စေ နေ ရောင်အောက်တွင် အရောင်တလက်လက် တောက်နေသည့် ပြာလဲ့လဲ့ ပင်လယ်ရေပြင် ကြီး ရှိရာ ကမ္ဘာကျော် ငပလီ အပန်းဖြေ စခန်းကြီး ရှိရာသို့ မြန်မာ၏ ကာကွယ်ရေး ဦးစီးချုပ်သည် သူ့အား နောက်တကြိမ် ပြန်၍ ဖိတ်ခေါ်နိုင်တော့မည် မဟုတ်တော့ ဆိုသည့် အတွေး လည်း ဝင်လာခဲ့ပြန်သည်။
ယင်းနှင့် အတူ ရှစ်လ ကိုးလ ခန့် မြို့များ၊ စစ်စခန်း ရာပေါင်းများစွာ ကို ဆက်တိုက်ဆိုသလို လက်လွှတ်ခဲ့ယုံမက ၎င်းတို့ အတွက် ဝင်ငွေ များစွာ ရှာပေးနေသည့် နယ်စပ် ကုန်သွယ်ရေး စခန်း မြို့ ဖြစ်သော မြဝတီ ကိုပင် ထိန်းချုပ် နိုင်စွမ်း မရှိသော ကာကွယ်ရေး ဦးစီးချူပ် သည် ယခုထိ ရာထူး တွင် တည်မြဲနေသည့် အဖြစ်ကို လည်း အံ့ဩခြင်းမက အံဩမိနေသည်။
ထိုသို့ ရာထူး တွင် တည်မြဲ နေယုံမက မိမိတို့အား မည်သို့မျှ ဦးဆောင်မှု မပေးနိုင်ယုံမက ရိက္ခာပင် လုံ ထောက်ပံ့ နိုင် အောင် စွမ်းဆေုာင်မှု မ ပေး နိုင်တော့သော်လည်း ဆက်၍ "ငါ တကော ကောနေ" သည့်ကာကွယ်ရေး ဦးစီးချုပ် အား ဖယ်ရှားရန် မကြိုးစားသည့် အပြင် ထားရာနေ စေရာသွား ဘဝ ဖြင့် ၎င်း အတွက်ပင် ရှေ့တန်း တွင် ဆက်၍ အသေခံ တိုက်ပေးနေရှာသည့် စစ်ဗိုလ်ချုပ်များ အားလည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်နေသည်။
ထိုသို့ အတွေးများ ဝင်လာရခြင်း မှာလည်း စစ်ဦးစီးချုပ် ဟောင်း တဦး ဖြစ်ခဲ့သည့် သူ့ထံ ရောက်လာသော ထောက်လှန်းရေး အစီရင်ခံစာ များတွင် ရက္ခိတ တပ်တော် AA သည် နောက်ဆုံး လက်ကျန် စစ်စခန်း ဖြစ်သည့် ခမရ ၅၅ အား အပြီး အပိုင် ရှင်းလင်း နိုင်ခဲ့မှုနှင့် အတူ ငပလီ ကမ်းခြေ ကို ထိန်းချုပ်သွား နိုင်ပြီ ကို အတည်ပြု ထားသည့် သတင်းများကို ဖတ်လိုက်ရ သော ကြောင့် လည်း ဖြစ်သည်။
တဆက်တည်း ဆိုသလို AA သည် သင်္ကြန် အကြို့နေ့ ကတည်းက သံတွဲအား စတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်စခန်း ပေါင်း ၁၅ ခု၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်း နိုင်ခဲ့ပြီး မြန်မာ စစ်တပ်မှ အယောက် ၄၀၀ ခန့် ကျဆုံးသွားသည် သတင်းလည်း ပါရှိလာသည်။
AA စတင် ပေါ်ပေါက်လာသည် မှ ဆယ်ငါးနှစ် ခန့်သာ ရှိသေးပြီး နိုင်ငံ မြောက်ပိုင်း ရှိ ကေအိုင်အေ တပ်များ ၏ လေ့ကျင့်ပေးမှု ဖြင့် လူလားမြောက်လာခြင်း ဖြစ်သည်၊ ထိုအချိန်က ၎င်းတို့အား ragtag ဓါးမ နောက်ပိတ် ခပ်ချာချာ အဖွဲ့ဟုပင် အထင်မြင်သေးခဲ့ကြသည်။
ထိုသို့ အနေအထား ရှိသော အဖွဲ့ကိုပင် မေမြို့ စစ်တက္ကသိုလ် ကြီး မှ စစ်နည်း ဗျူဟာ များကို အကျအန သင်ကြားခဲ့ကြသော မြန်မာ စစ်ကဲကြီးများ မည်သည့် စစ်ကျောင်း တော် ကြီးမျှ တက်ရောက်ခဲ့ဖူး ခြင်း မရှိပဲ ဧည့်လမ်းညွှန်သာ လုပ်ခဲ့ဖူးသူ၏ ဗျူဟာ အောက် တွင် မရှုမလှ ခံနေကြရသည် အဖြစ်ကို တွေးမိလိုက်ပြန်သည်။
ရှူံးမဲ မဲလာကြသည် နှင့် အမျှ မြန်မာ တို့၏ သမိုင်းတလျောက်တွင် မကြုံစဖူး၊ မကြားစဖူး လောက်အောင် လူ မဆန်စွာ ရက်ရက်စက်စက် ကျုးလွန်နေကြပြီ ဖြစ်သည်။ ၎င်းတို့ တနှစ်တာ အုပ်ချုပ်ရေး သည်ပင် ဖက်ဆစ် ဂျပန်တို့ လေးနှစ်တာ အုပ်ချုပ်သည် နှင့် ညီမျှအောင် မြန်မာ တို့ ကျောကော့အောင် ခံနေကြရသည်။
ထိုသို့ အပြစ်မဲ့ ပြည်သူများကို အရိုင်းစိုင်းဆုံး နည်းလမ်း များ ဖြင့် အနိုင်ကျင့် နေကြသော်လည်း ရန်သူ နှင့် ရင်ဆိုင် ရသည့် အခါတွင်မူ ၎င်းတို့ တပ်များသည်လည်း ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ကြခြင်း မရှိတော့ပဲ အလွယ်တကူ အရှုံးပေး အညံ့ခံလာကြသည့် သတင်းများကလည်း နေ့စဉ်လို ထွက်ပေါ်နေသည်။
ပို၍ ထူးဆန်းနေသည်က ရခိုင် တိုက်ပွဲ များ တွင် မြန်မာ စစ်တပ်မှ ကြည်း၊ ရေ၊ လေ တပ်များ အကုန်ထုတ် တိုက်ခိုက်ခဲ့သော်လည်း အရေးနိမ့်နေပြီး မကြာမီကပင် ရေတပ်ဦးစီးချုပ် အဖြစ် ခန့်ထားသည်မှာ ခြောက်လ ခန့်သာ ရှိသေးသည့် ဗိုလ်ချုပ်တဦး ထွက်စာ တင်လာသည့် သတင်းလည်း ထွက်ပေါ်လာခဲ့သည်။
မြန်မာ စစ်တပ် တနေ့တခြား ဆုတ်ယုတ်ပျက်ပြားလာနေပြီး ဒုတိယ အကြီးဆုံး မြို့ ကြီး ဖြစ်သည့် မြန်မာ ဘုရင်တို့ နောက်ဆုံး ထီးနန်း စိုက်ခဲ့ရာ မန္တလေး သည်ပင် ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်သည်။
မိမိတို့ ယခင်က ပိုင်ဆိုင်ခဲ့ဖူးသည့် တနင်္သာရီ တောင်တန်း တကြောလုံး ကိုပင် အလွယ်ကလေး ဝင်သိမ်း နိုင် လောက်သည် ဟု စိတ်ရိုင်းများပင် ဝင်လာမိသေးသည်။
အနည်းဆုံးတော့ ၎င်းတို့၏ နည်းဗျူဟာ များကို အနာဂတ် စစ်သေနင်္ဂ ဗျူဟာ များ တွင် ရှောင်ရှားရမည့် အချက်များ အဖြစ် ထည့်သွင်း ရေးဆွဲ သင့်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!