ဒီမိုကရက်တို့ ဂျိုး ဘိုင်ဒင် အား အဘယ်နည်း ဖြင့် ဖယ်ရှား နိုင်မည်နည်း

by Hla Soewai - Jul 16 2024

ဇွန်လ ၂၇ ရက်နေ့က ပြီးစီး သွားသည့် ဒေါ်နယ် ထရန့် နှင့် ဂျိုး ဘိုင်ဒင် တို့၏ ရုပ်မြင်သံကြား စကား စစ်ထိုးပွဲ တွင် ဂျိုးဘိုင်ဒင် ၏ အနေအထားသည် ဒီထက် ဆိုးတာတောင် ယခုလောက် မဆိုးနိုင်ဟု အားလုံးက တညီတညွတ် တည်း မှတ်ချက် ချ လာကြသည်။ ယင်းနှင့် အတူ ၎င်းနေရာကို အစားထိုး နိုင်မည့် ပုဂ္ဂိုလ်များ၏ အမည်များလည်း ဆိုရှယ် မီဒီယာ များ တွင် ထွက်ပေါ်လာသည်။

 

ဒီမိုကရက်များက ယခု အခါ ဂျိုးဘိုင်ဒင်အား နိုဝင်ဘာ သမ္မတ ‌ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ် လောင်း အဖြစ်မှ ဖယ်ရှားနိုင်မည့် နည်းလမ်းကို ရှာဖွေလာကြသည်။ တကယ်တမ်း တွင် ဂျိုးဘိုင်ဒင် ကိုယ်တိုင် ၎င်းကို ၎င်း ကိုယ်စားလှယ် အဖြစ်မှ ဖယ်ရှား နိုင်မည့် နည်းလမ်းသာ ရှိပေသည်။ နောက်နည်း လမ်း တခုက ၎င်း၏ ဇနီး ဖြစ်သူ တိုက်တွန်းခြင်း၊ ပါတီ လူကြီးများမှ အကြံပေးခြင်း မျိုး ဖြစ်သည်။

 

ပါတီ မှ သမ္မတ လောင်း အဖြစ် အရွေး ခံနိုင်ဖို့ နိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက် ပါတီ ညီလာခံ သို့ တက် ရောက်မည့် ကိုယ်စားလှယ် လောင်း ၁,၉၆၈ ဦး ၏ သဘောတူညီချက် လိုအပ်သည်။ ဂျိုးဘိုင်ဒင် အဖို့က ပြိုင်ဖက် မရှိ၍ ကိုယ်စားလှယ် ၃,၈၉၄ ဦး ၏ မဲ ရရှိထားပြီး ဖြစ်သည်။ ပါတီ စည်းမျဉ်းအရ ‌နောက်တကြိမ် ပြန် ရွေးချယ် တင်မြှောက်ခြင်းကို ခွင့်မပြုပေ။ ကိုယ်စားလှယ်များ ဖက် ကလည်း ဂျိုဘိုင်ဒင် အား အတင်းအကျပ် ဖယ်ရှားခွင့် မရှိ ဖြစ်နေသည်။

 

အထက်တွင် ဆိုခဲ့သလို ဇနီးက တိုက်တွန်း၍၎င်း၊ ပါတီ အကြီးအကဲများက ‌ဖြောင်းဖျ ၍၎င်း သူ့သဘော နှင့် သူ နှုတ်ထွက်မှသာ ပါတီ ညီလာခံ ကိုယ်စားလှယ်များက သမ္မတ လောင်း တဦး ထပ်မံ ရွေးချယ်ခွင့် ရှိနေသည်။

 

ထိုသို့ ဖြစ်လာလျှင်လည်း ရွေးချယ်ရမည့် ကိုယ်စားလှယ် လောင်းသည် အများ ဆန္ဒအရ ဖြစ်လာတော့မည် မဟုတ်ပဲ၊ ပါတီ အကြီးအကဲများ မှ ရွေးချယ် ပေးမည့် ကိုယ်စားလှယ် လောင်းများကို သာ အတည်ပြု ပေးရဖို့ ရှိနေသည်။

 

နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် ပါတီ ညီလာခံ အား ဩဂုတ် ၁၉ မှ ၂၂ အထိ လေးရက်ကြာ ကျင်းပမည် ဖြစ်သည်။ ကန့်လန့်ကာ နောက်ကွယ်တွင် အခြေအတင် ငြင်းခုံကြရဖို့ ရှိလာနေသည်။ ထိုသို့သော အနေအထားကို ၁၉၇၆ ရီပတ်ဘလီကင် ပါတီ ညီလာခံ တွင် ရော်နယ် ရီဂင် နှင့် ဂျရယ် ဖိုဒ် တို့ နှစ်ဦး အနက် မည်သူကို ရွေးချယ်ရမည် ဆိုသည်နှင့် ပတ်သက်ပြီး အကြီးအကျယ် အငြင်းပွား ခဲ့ပြီး နောက် ဂျရယ် ဖို့ဒ် ရွေးချယ်ခံခဲ့ရသည်။

 

အကယ်၍ ဘိုင်ဒင် သည် သူ့အပေါ် ဘယ်လိုထင်ထင် ညီလာခံ မှတဆင့် ဆက်၍ သမ္မတ လောင်း အဖြစ် ဆက်၍ အရွေးခံမည်၊ နောက်ပိုင်းတွင် မကျန်းမမာ ဖြစ်လာ၍ ရွေးကောက်ပွဲ မဝင်နိုင်ဟု ဆိုကြပါစို့၊ ထိုအခါတွင် နိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်ပါတီ ကော်မတီမှ ရာဂဏန်းမျှ ရှိ ထိတ်တန်း အဖွဲ့ဝင် များ က သမ္မတ လောင်းကို ရွေးချယ် ပေးရတော့မည် ဖြစ်သည်။ ထိုအခါတွင်တော့ ဒုသမ္မတ ကမ်မလာ ဟာရစ်ကို ‌သာ ရွေးချယ်ရတော့မည် ဖြစ်သည်။

 

ဂျိုး ဘိုင်ဒင် သည် ကမ်မလာ ဟာရစ် ကို သစ္စာရှိပုံရပြီး ဒု သမ္မတ လောင်း အဖြစ် ဆက်၍ ‌ ရွေးချယ်ထားသည်၊ သို့သော် သူမ တွင် သမ္မတ လောင်း တဦး ဖြစ်ရန် အားနည်းချက် များ ရှိနေမှန်းသိ၍ ဂျိုး ဘိုင်ဒင်သည် ပေကပ် နေနေခြင်းလည်း ဖြစ်သည်။ ထိုအားနည်းချက်များက ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ အတွက် သူ မ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မရှုမလှ ဖြစ်ခဲ့သည်ကို ကြည့်ပြီး ဘိုင်ဒင်သာ သူမအား သမ္မတ လောင်း အဖြစ် နေရာ ပေးလာမည် ဆိုက ပါတီ တွင်း မှ စိန်‌ ခေါ်သူ များ သေချာပေါက် ထွက်လာမည် ဖြစ်သည်။ သူမသည် ထရန့်အား နိုင်ခြေ ရှိသည်ဟု မဲဆန္ဒရှင် သုံးပုံတပုံ ခန့် ကသာ ထင်ကြေးပေးနေကြသည်ဟု ၂၀၂၄ မေလ စစ်တမ်း ကောက်ချက်များအရ သိလာခဲ့ကြသည်။

 

စိန်ခေါ်လာမည့် သူများ အထဲတွင် ပြည်နယ် အုပ်ချုပ်ရေး မှုး များ ဖက်မှ ကယ်လီဖိုနီယား မှ ဂါဗင် နယူဆန် ၊ အီလီနွိုက် ပြည်နယ် မှ ဂျေဘီ ပရစ်ဇကာ နှင့် ကင်တပ်ကီ ပြည်နယ်မှ အင်ဒီ ဘီရှီယား တို့ ထိပ်မှ ပြေးနေသည်။ ဘိုင်ဒင် အစိုးရ အဖွဲ့ထဲမှ ဝန်ကြီးများ ဖြစ်သည့် သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး ပိ ဘူတီဂျက်၊ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး မစ္စက် ဂျီနာ ရေမွန်ဒို၊ ဂျော်ဂျီယာ အထက်လွှတ်တော် အမတ် ရာဖေး ဝါးနော့ တို့ လည်း ပါလာနိုင်သည်။

 

ထိုသို့ ဖြစ်လာမည် ဆိုက လွန်စွာ မှ အရေးကြီးသော ရွေးကောက်ပွဲ ဝင်ရမည့် ဒီမိုကရက် ပါတီ အတွင်း အခြေအနေများ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပေတော့မည်။

 

နောက်ဆုံး ရရှိသော သတင်းအရ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဆက်ဝင်ရန် "အခိုင်အမာ သံန္နိဋ္ဌာန် ချထားကြောင်း" ကွန်ဂရက် ရှိ ဒီမိုကရက် များထံ အကြောင်းကြားစာ ပေးပို့ လိုက်သည်ဟု သိရသည်။

 

(၂၀၂၄ ဇွန် ၂၈ ရက် နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိလာသည့် "How could Democrats replace Joe Biden as their candidate for president?" မှ ကောက်နှုတ် တင်ပြသည်။)