ရက်ပေါင်းများစွာ တရွာဝင် တရွာထွက် လျှောက်သွားနေရင်း အခုလို အကြပ်အတည်းကြီး ကျနေသည့်အချိန်တွင် သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာမည့် အကြံ ပေးသံကြီးကိုလည်း နားစွင့်နေမိပြန်သည်။
တရက်တွင် ကိုယ်တွင်းမှ အသံသညျ စကားပြောလာပြီ ဖြစ်၍ နောက်လိုက်များကို သူ လဲလျှောင်းနေရာ တဲရှိရာသို့ ခေါ်ယူလိုက်ပြီး အမုန်းတရားများနှင့် ပြည့်နေသော နိူကာလီ အရပ်သို့ အာပတ်ဖြေ ခရီးထွက်တော့မည်ဟု အသိပေးလိုက်သည်။ နောက်ပိုင်း ခုနှစ်ပတ်အတွင်း နိူကာလီ ခရိုင်ရှိ ကျေးရွာပေါင်း ၄၆ ရွာကို ရောက်ခဲ့ပြီး ခရီးအရှည်အားဖြင့် မိုင်ပေါင်း ၁၁၆ မိုင်ခန့် ကို ဖိနပ်မပါ ခြေဗလာ သက်သက် ဖြင့် သွားလာနိူင်ခဲ့သည်။
သူကဲ့သို့ ဟိန္ဒူဘာသာဝင်တယောက်က မုန်ယိုနေကြသော မူဆလင် များ ရှိရာ အရပ်တွင် တရွာဝင် တရွာထွက် တတဲဝင် တတဲထွက် သွားလာခဲ့ပြီး ဒဏ်ရာရသွားသော ငြိမ်းချမ်းရေး ကို ဆေးအုံသလို အုံပေးပြီး ကုစားပေးရန် ကြိုးစားနေခြင်းလည်း ဖြစ်သည်။
သူ့ လုပ်ဖေါ်ကိုင်ဖက်များသည် နယူးဒေလီ တွင် အခြင်းခြင်း ငြင်းခုံ ပြောဆိုနေကြချိန်တွင် ဂန္ဒီမှာ နောက်လိုက် လေးယောက်ကို အဖေါ်ခေါ်ပြီး လမ်းတွင် ကျွေးသမျှသာ စားကာ ခရီးကြမ်း နှင်နေခဲ့သည်။ သူ ၏ လက်စွဲတော် အကြမ်းမဖက်ရေး မီးရှုးတိုင်ကြီးကို ပြန်လည် ထွန်းညှိနိူင်လိမ့်မည်ဟုလည်း ယုံကြည်နေခဲ့သည်။
သူနှင့် အဖွဲ့သည် အာရုံတက်တွင် ခရီးထွက်ခဲ့ကြသည်။ အသက် ၁၉ နှစ်အရွယ် မြေးမလေး ဖြစ်သူ မာနူးက သူ၏ အသုံးအဆောင်များ ဖြစ်သော ဖေါင်တိန်၊ စက္ကူ၊ အပ်ချည်လုံး၊ အပ်ချည်ကြိုး၊ မြေအိုး တလုံး၊ သစ်သား ဇွန်းကြီး တခု၊ လက်စွဲတော် ယက္ကန်း အသေးစားလေးတို့အား တပည့် သုံးယောက် သယ်ယူနိူင်ရန် ထုတ်ပိုးပေးခဲ့သည်။ သူမ ကိုယ်တိုင်လည်း ဂန္ဒီ၏ လက်စွဲကျမ်းကြီး ဖြစ်သော ဘဂ၀ါ ဂီတ ကျမ်းစာအုပ်၊ ကိုရမ် ကျမ်း ၊ ယေရှု နှင့် ဂျူး အတွေးအခေါ် စာအုပ်များကို အိတ်ထဲသို့ ထည့်လိုက်သည်။
၀ါးတောင်ဝှေးလေးဖြင့် ရှေ့မှ သွားနေသော ဂန္ဒီကြီး ဦးဆောင်သွားရာနောက်သို့ သူတို့လည်း လိုက်ခဲ့ကြသည်။ ဗွက်ထနေသော လမ်းများ၊ ရေအိုင်များ၊ ကွမ်းသီးတောများ၊ ထန်းတောများကို ဖြတ်လာခဲ့ကြသည်။
ရာဘင်ဒြာ နတ်တဂိုး၏ ကဗျာကြီးကို ရွတ်ဆိုလာသော ဂန္ဒီ အသံကား လယ်ကွင်းများကို ဖြတ်ကာ ရွာထဲမှ ပင် ကြားနိူင်လောက်ပေသည်။
အငတ်ဘေး ကဲ့သို့ပင် အိန္ဒိယတွင် ကျိန်စာသင့်နေခဲ့ရသည့် အတူနေ ညီနောင်များ အချင်းချင်း သွေးထွက်သံယို အကြမ်းဖက်မှုကြီးကို ထိန်းချုပ်နိူင်ကောင်းရဲ့ဟု ဂန္ဒီ မျှော်လင့်နေမိသည်။ ဟိန္ဒူဝါဒ၏ သမိုင်းဝင် မော်ကွန်း ကဗျာရှည်ကြီး ဖြစ်သော မဟာဘရာတ သည်ပင် ဒေလီ မြို့တော်၏ အနောက်မြောက်အရပ်ရှိ ကရူရှက်ထြာ လွင်ပြင်ကြီး ၌ ခရစ်မပေါ်မီ နှစ်ပေါင်း ၂၅၀၀ က ဖြစ်ပွားခဲ့သော သွေးချောင်းစီးမှုကြီးကို ရည်ညွှန်းဖွဲ့ဆိုထားခဲ့ခြင်းပင် ဖြစ်သည်။ ဟိန္ဒူဝါဒ သည် အိန္ဒိယ တိုက်ရှိ ဌာနေ တိုင်းရင်းသားများ ဖြစ်သော ဒရာဗီဒီယန်း တို့ထံမှ လုယက် သိမ်းပိုက်ရန် မြောက်ပိုင်းမှ ရောက်လာကြသော အင်ဒို-ဥရောပ အနွယ်များက ယူဆောင်လာကြခြင်းလည်း ဖြစ်သည်။
တမန်တော် မိုဟာမက်အပေါ် ယုံကြည်မှုသည် နောက်ပိုင်း အတန်ကြာမှပင် အိန္ဒိယ သို့ ရောက်ရှိလာခဲ့သည်။ ဤသည်ကလည်း ဂျင်ဂစ်ခန် နှင့် တမာလိန်း တို့ က ခိုင်ဘာ တောင်ကြားကို ဖြတ်ကာ ဂင်္ဂါ မြစ်ဝှမ်း လွင်ပြင်ကြီးကို ဟိန္ဒူတို့ ထိန်းချုပ်ထားမှု အားပျော့သွားစေရန် တိုက်ခိုက်လာရာမှ သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ နှစ်ပေါင်း နှစ်ရာ နီးပါးမျှ မူဆလင် မွန်ဂိုများက အိန္ဒိယ တနိူင်ငံလုံးနီးပါး ကို အုပ်ချုပ်လာခဲ့မှုနှင့်အတူ မူဆလင် ဘာသာ လည်း ပျံ့ပွားလာခဲ့ရသည်။
ဟိန္ဒူ-မူဆလင် များ အကြား တဦးပေါ် တဦး နားလည်မှု ရှိရေး တွင် အကြီးမားဆုံး အတားအဆီးကြီး ဖြစ်လာရသည်မှာ ဘာသာတရား မဟုတ်ပဲ လူမှုရေးရာ များ ဖြစ်သည်။ အဓိက အားဖြင့် ဟိန္ဒူတို့၏ ဇတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုကြောင့်ပင် ဖြစ်သည်။ ဝေဒ ရှေးဟောင်း ကျမ်း များ အဆိုအရ ဇာတ်မြင့် ဆိုသူများသည် လူသားများ ကို ဖန်တီးရှင် ဗြဟ္မာ ကြီး ၏ အာခံတွင်း မှ ဆင်းသက်လာသူ ဗြဟ္မဏ ပုဏ္ဍားမျိုးများ သာ ဖြစ်ပြီး အမြင့်မြတ်ဆုံး ဖြစ်သည်။ ခတ္တိယ ဆိုသူ စစ်သူကြီးများ၊ တိုင်းပြည် မင်းလုပ်အုပ်ချုပ်သူများသည် ဗြဟ္မာကြီး ၏ လက်မောင်းကြွက်သား များ က လာသူများ ဖြစ်ပြီး ဝေဿ အမျိုး အနွယ်များသည်ကား ဗြဟ္မာကြီး ၏ ပေါင်ခြံမှ ဆင်းသက်ကာ လယ်ပိုင်ရှင်များ၊ ကုန်သည်မျိုးရိုး များ ဖြစ်သည်။ သုဒ္ဒ ဆိုသူများသည် အနုလက်မှု ပညာ ရှင် မျိုး နွယ်များ ဖြစ်ပြီး ဗြဟ္မာကြီး၏ ခြေဖျားမှ ဆင်းသက်ပေါက်ဖွားခဲ့သူများ ဖြစ်ပြန်သည်။ ထိုထက် နိမ့်ကျသူများ က အပယ်ခံ ဇာတ်နိမ့်များ ဖြစ်သည်။
တကယ်တမ်း တွင် အဆိုပါ ဇာတ်စနစ်သည်ကား ဝေဒ ဘာသာရေး ကျမ်းကြီးများ တွင် ရေးသားထားခဲ့သည် မဟုတ်ပဲ ဟိန္ဒူ ၀ါဒကို တည်ထောင်ခဲ့ကြသည့် အာရီယန် မျိုးနွယ်များက ခွဲခြား သတ်မှတ်ခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဒြာဝေဒီယန် အသားမည်း မျိုး နွယ်များအား ရာသက်ပန် ကျွန်ဇတ်သွင်းလိုသည့် ရည်ရွယ်ချက် နှင့် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုအတွက် ဇာတ် စနစ် သည်ကား အသားအရောင်ကို ခွဲခြားထားခြင်းသာ ဖြစ်သည်။
မူလ အခြေခံ ဇာတ်ကြီး ငါးမျိုးသည် ကင်ဆာဆဲလ်များ လို ပျံ့နှံ့လာပြီး အမျိုးပေါင်း ၅,၀၀၀ ခန့်ထိ ဖြစ်ပေါ်လာခဲ့သည်။ ဗြဟ္မဏ ပုဏ္ဍားမျိုးများတွင် မျိုးခွဲပေါင်း ၁၈၈၆ မျိုး ရှိနေပေသည်။ ထို့အတွက် လူသားများ အဖို့ ၎င်းတို့ မည်သည့် အမျိုးအနွယ်မှ ဆင်းသက်ခဲ့သည်ပေါ် မူတည်ပြီး အသက်မွေးဝမ်းကျောင်း ကြရသည့်အထိ ဒဏ်ခတ်ထားသည့် စနစ်ကြီး အောက်တွင် ရှင်သန် နေထိုင်ခဲ့ကြရသည်။