သိန်းစိန်၏ ဂန္ဓာလရစ် သွား တောလား

by Hla Soewai - Jul 08 2024

လက်ရှိ အနေအထားသည် အာဏာသိမ်း အဖွဲ့ အတွက် အဆိုးဆုံး ဖြစ်လာနေသည်ဟု ဆိုက လွန်အံ့ မထင်၊ ရခိုင် စစ်မျက်နှာတွင် ဆက်တိုက်ဆိုသလို အရှူံး နှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ စစ်မျက်နှာ ကို ထပ်မံ ဖွင့်လှစ်လာခဲ့ပြီ ဖြစ်သည်။

 

ယခုတကြိမ်က ယခင်ကလို ရှမ်းမြောက်‌ဒေသတွင် မဟုတ်တော့ပဲ မန္တလေး တိုင်း ဒေသကြီး အတွင်းသို့ ပင် ထိုးဖောက် ဝင်ရောက်လာခဲ့ပြီ ဖြစ်ပြီး နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေး နှင့် စစ်တက္ကသိုလ် ရှိရာ ပြင်ဦးလွင်ကိုပင် ခြိမ်းခြောက်လာ‌ နေသည်။

 

ထိုသို့သော အခြေအနေဆိုး များ နှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့အား ကူညီသည့် အနေဖြင့် ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့၏ ထိုးစစ်ဆင် နေမှု ကို ဖိအားပေး ပြီး ရပ်တန့်အောင် လုပ်ပေးပါရန် တရုတ်အား တောင်းဆိုပေးဖို့ ဘီဂျင်းသို့ သွားရန် ရှိနေသည့် ဦးသိန်းစိန်အား မင်းအောင်လှိုင် သည် မပြောပဲ နေမည် မဟုတ်ဟု လေ့လာသူများက ယုံကြည်နေကြသည်ဟု အစချီကာ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်း တွင် ရေးသားလာခဲ့သည်။

 

မင်းအောင်လှိုင်သည် ရှမ်းမြောက်‌ဒေသတွင် အခြေအနေများကို မှောက်လှန်ပစ်နိုင်ရန် ဂမူးရှူးထိုး ဖြစ်နေပြီး ၎င်းစီစဉ်ထားသော ၂၀၂၅ ရွေးကောက်ပွဲ ဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ လုပ်ရန် ပြင်ဆင်နေသည်ဟု တရုတ်ကို အယုံ သွင်းလိုပုံ ရကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင်တာဝါက ဆိုသည်။ တရုတ် အစိုးရ ဖက်ကလည်း ရွေးကောက်ပွဲသည် လက်ရှိ အကျပ်အတည်းအား ဖြေရှင်းနိုင်မည့် နည်းလမ်းတရပ် အဖြစ် ယူဆနေသည်။

 

သိန်းစိန်သည် ၎င်းသမ္မတ သက်တမ်း အတွင်း မြစ်ဆုံဆည် စီမံကိန်းအား ဆိုင်းမဆင့် ဗုံမဆင့် ရပ်ဆိုင်းပစ်ခဲ့ပြီး အမေရိကန်ဖက် လက်ကမ်းခဲ့မှု များကို တရုတ် ဖက်က မေ့ပျောက် ကြမည် မဟုတ်ပေ။ သို့သော်လည်း မင်းအောင်လှိုင် နှင့် စာလျှင် သိန်းစိန် နှင့် ရှေ့လျောက် လက်တွဲ၍ ရကောင်းသည်ဟုလည်း ယူဆကောင်း ယူဆနေမည် ဖြစ်သည်။

 

သိန်းစိန်သည် ၎င်း၏ ဇွန် ၂၇-၃၀ ခရီးစဉ် အတွက် ဘီဂျင်း သို့ လေတပ် မှ လေယာဉ် ဖြင့် ထွက်ခွာသွားပြီး လေတပ် ခေါင်းဆောင် တင်အောင်ဆန်းလည်း အတူ ပါသွားခဲ့သည်။

 

သိန်းစိန်သည် ဘီဂျင်း တွင် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံ အတွင်း မကြာမီက ဖြစ်ပေါ်လာမှု များကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု စစ်ကောင်စီ မီဒီယာ များ တွင် ဖေါ်ပြလာခဲ့သည်။

 

အားလုံးက စိတ်ဝင်တစား ရှိနေကြသည်က သိန်းစိန်၏ မေတ္တာရပ်ခံချက်ကို တရုတ်က နားထောင်မည်လား ဆိုသည့် မေးခွန်း၏ အဖြေပင် ဖြစ်သည်။

 

လေ့လာသူ တဦးကမူ တရုတ်မှ မင်းအောင်လှိုင်သည် ရှေ့လျောက် တိုင်းပြည်ကို အုပ်ချုပ်သွားနိုင်စွမ်း မရှိတော့ဟု တထစ်ချ ယုံကြည်ထားပြီး ဖြစ်၍ ၎င်း၏ တောင်းဆိုချက် ကို လိုက်လျောဖွယ် မရှိလောက်ဟု ထောက်ပြလာသည်။

 

တရုတ်အားလည်း စိတ်အနှောက်အယှက် ဖြစ်အောင် အမျိုးမျိုး လုပ်ပြီးခဲ့ပြီး ဖြစ်သည်၊ ထိုအထဲတွင် ၎င်းတို့၏ အထူး သံတမန်သည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ခွင့်ရန် အကြိမ်ကြိမ် တောင်းဆိုနေမှု အား ပယ်ချခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အကျပ်အတည်းအား ပြေလည်ရာ ပြေလည် ကြောင်း တခုခု လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသော ကြောင့် ဖြစ်သည်။ 

 

မင်းအောင်လှိုင်ဖက်က တခုခု လိုချင်လျှင် တခုခု ပြန်ပေးရမည် ဆိုသည်ကို သိထားသင့်သည်ဟု ‌ဆိုသည်။

 

ဂျေဆန် တာဝါက ၎င်း၏ အမြင်ကို ထုတ်ဖေါ် ပြောဆိုခဲ့ရာတွင် တရုတ်သည် ယခု တကြိမ်တွင်တော့ ယခင်ကလို ဝင်ဟန့်ပေးတော့မည် မဟုတ်ပဲ စစ်ကောင်စီ အားပျော့သည်ထက် အားပျော့အောင် ညီနောင်သုံးဖေါ် ဖက်က ရပ်တည်ပေးမည် ဖြစ်သည်၊ ထိုသို့ အားပျော့ ဒယီးဒယိုင် ဖြစ်လာမှသာ ဇန်နဝါရီ အပစ်အခတ် ရပ်စဲ‌ ရေး မျိုး ထပ်မံ ဆွေးနွေးပြီး ၎င်းတို့ လိုချင်နေသည်များကို တောင်းဖို့ ရည်ရွယ်ထားသည်ဟု ဆိုသည်။

 

သို့သော် ညီနောင်သုံးဖေါ်သည် ဒီတကြိမ်တွင်တော့ စစ်ကောင်စီ ပေးလာမည့် ကတိကဝတ် အာမခံချက် မျိုးကို အယုံအကြည် ရှိကြတော့မည် မဟုတ်၊ တရုတ်ဖက်မှ အတင်းအကျပ် ဖိအားမျိုး ပေးမလာသ ရွေ ဟိုင်ဂင် သဘောတူညီချက် ပြန် ဖြစ်လာနိုင်ဖွယ် မရှိဟု ဂျေဆင် တာဝါက ထောက်ပြခဲ့သည်။

 

ယခု စစ်ဆင်ရေး ပြန်စခဲ့ရခြင်းမှာလည်း စစ်ကောင်စီ ဖက်က အပစ်အခတ် ရပ်စဲရေး အား အကြိမ်ကြိမ် ချိုး ဖောက်နေ၍ ဖြစ်သည်ဟု TNLA က ဆိုသည်။

 

ဖြစ်လာမည် ဆိုကလည်း မည်သို့မျှ ရေရှည်ခံ လိမ့်မည် မဟုတ်ဟု ဂျေဆင် တာဝါက ဆိုသည်။

 

ယခု တကြိမ်တွင် တော့ ထိုသို့ အတင်းအကျပ် ဖိအား ပေးလာမည် မဟုတ်သည်က ကြိမ်းသေသည်ဟု လေ့လာသူများဖက်က သုံးသပ်နေသည်။ စစ်ကောင်စီ သည် ၎င်းတို့ စိုးရိမ်ခဲ့သလို ပြန်၍ ထိုးစစ် ဆင် နိုင်တော့မည် မဟုတ်ပေ။ ယခုထိ နောင်ချို၊ ကျောက်မဲ ဒေသများသို့ လားရှိူး မှ စစ်ကူ မလွှတ်ရဲပဲ ဖြစ်နေသည်။ လားရှိုး ရှိ တပ် မိသားစု ဝင်များကို ပင် သီပေါ သို့ ရွှေ့ပြောင်းပေးနေသည်။ 

 

တိုက်ပွဲများ ပြန်ဖြစ်ပွားလာသည်မှာ တပတ် ကျော်လာခဲ့ပြီ ဖြစ်သော်လည်း မည်သည့် စစ်မျက်နှာကိုမျှ လက်မလွှတ်ရဲ‌၍ စစ်ကူ ထိထိရောက်ရောက် ပို့ပေးနိုင်ခြင်းမျိုး မတွေ့ရဟု လေ့လာသူများက ဆိုသည်။

 

မည်သို့ပင် ဆိုစေ ဦးသိန်းစိန် သည် နေပြည်တော် မှ လွဲ၍ မှောင်အတိကျနေသော နိုင်ငံတော်ကြီးအား အပြန်ခရီးတွင် လေယာဉ် ပေါ်မှ မလွဲမသွေ မြင်တွေ့ရဦး မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - ဧရာဝတီ သတင်းစဉ်