၂၀၂၄ ကမ္ဘာ ဒိုင်ယာရီ စာမျက်နှာ (၃ ၈)

by Hla Soewai - Jul 08 2024

မြောက် နှင့် တောင်ကိုရီယား တို့၏ အမှိုက် စစ်ပွဲ

 

အိမ်နီးချင်း တဦးနှင့် ရန်ညိုးရန်စ ရှိနေသူ တဦး အဖို့ တဖက်မှ ၎င်း၏ ခြံစည်းရိုးကို ကျော်၍ အမှိုက်များ ပစ်လာမည် ဆိုက ရှိနေပြီးသော ရန်စ ကို အမြင့်ဆုံး အထိ မြှင့်တင်လိုက်ခြင်းဟု ယူဆမည်သာ ဖြစ်သည်။

 

ထိုအဖြစ်မျိုး နှင့် အလားတူပင် မြောက်ကိုရီယားသည် တခုလျှင် ၁၀ ကီလိုဂရမ် အလေးချိန်ရှိ အမှိုက်သရိုက် အိတ်များကို ချည်ထားသော ပူဖောင်း ၂,၀၀၀ ခန့်အား မေလ ၂၈ ရက်တွင် နယ်ခြားကို ဖြတ်ကျော်၍ တောင်ကိုရီယား ဖက်သို့ ရောက်အောင် လွှတ်တင်ခဲ့သည်။ ဇွန်လ ၂၄ တွင် နောက်ထပ် ပူဖောင်း ၃၅၀ ခန့် ကျလာခဲ့ပြန်သည်။

 

ထိုအိတ်များ ထဲတွင် စက္ကူစများ၊ အဝတ်ဟောင်းများ၊ လူ့မစင်များမှ ထွက်လာပုံရသော ပိုးလောက်လန်း များ ပါလာခဲ့သည်။ မြောက်ကိုရီယားသည် အဘယ်ကြောင့် ထိုသို့ လုပ်ရသနည်း။

 

အာဏာရှင် ကင်ဂျုံအန်၏ ညီမ လည်းဖြစ်၊ အစိုးရ ဝါဒဖြန့်ချီ‌ရေး အကြီးအကဲ လည်း ဖြစ်သူ ကင်ယိုဂျောင်း မှ တောင်ကိုရီယား ရှိ "လစ်ဘရယ် ဒီမိုကရေစီ မှင်စာများ" သည် ၎င်းတို့ မြောက် ဖက်သို့ ပို့ပေးနေသည်များ အတွက် တုန့်ပြန်လိုက်ခြင်းသာ ဖြစ်ပြီး နောက်လည်း ထပ်ပို့ဦးမည်ဟု ပြောလာခဲ့သည်။

 

သူမ ပြောသလို တောင်ကိုရီယား ကလည်း ပူဖောင်းများ စေလွှတ်နေခဲ့သည်။ တောင်ကိုရီယား အစိုးရသည် မြောက်ကိုရီယား ဖက် တွင် ဝါဒ ဖြန့်ချီနိုင်ရန် ပူဖောင်းများ ကို အသုံးချ ခဲ့ခြင်း ဖြစ်သည်၊ မြောက်ကိုရီယား နိုင်ငံသားများ ခိုလှုံ လာစေရန် အားပေး အားမြှောက် ပြုသည့် အနေဖြင့် မလုံ့တလုံ ဝတ်ထားသော အမျိုးသမီး လေးများ၏ ဓါတ်ပုံများအား ဝါဒဖြန့် စာရွက်များ နှင့် အတူ ပူဖောင်းတွင် တွဲချည်၍ လွှတ်တင်ခဲ့ဖူးသော်လည်း ၂၀၀၀ ခုနှစ် များ အစောပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။

 

အစိုးရ ဖက်က ရပ်ဆိုင်း သွားသော်လည်း ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ များက နေရာ ဝင်ယူလာခဲ့သည်။ ၎င်းတို့က လက်ကမ်းစာရွက်များနှင့် ပေါ့ တေးသီချင်းများ ထည့်သွင်းထားသည့် USB stick များ နှင့် ချည်ထားသည့် ပူဖောင်းများ မြောက်ကိုရီယား ဖက် ရောက်အောင် လွှတ်တင်ခဲ့ကြသည်။ ယင်းကို မည်သို့မျှ မတုန့်ပြန်ခဲ့သေးသော်လည်း ၎င်းတို့၏ ဆယ်စုနှစ် တစု ကြာ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး မူဝါဒ ပြောင်းလဲသွားပြီဟု ဝေဖန်ထားသည့် စာရွက် ၃၀၀,၀၀၀ ခန့် စေလွှတ်လာသည့် အခါတွင်တော့ ယခုလို အမှိုက်ထုတ် များ နှင့် လက်တုန့်ပြန်လာခြင်း ဖြစ်သည်။

 

ကင် သည် ပြင်ပ ကမ္ဘာမှ သတင်းအချက်အလက်များကြောင့် ၎င်း၏ နိုင်ငံသားများ စိတ် ပြောင်းသွား မည်ကို စိုးရွံလာသည့် အတွက်ကြောင့်လည်း တောင်ကိုရီယား၏ ကေပေါ့ နှင့် ဝါဒဖြန့် တေးသီချင်း များ ကြောင့် စိတ် အနှောက်အယှက် ဖြစ်လာသည်။

 

တောင်ကိုရီယား၏ ပူဖောင်း ကမ်ပိန်းသည် မည်မျှ အထိ ထိရောက်မှု ရှိသည် ကို သိ‌ဖို့ ခဲယဉ်း သော်လည်း ပူဖောင်းများ လွှတ်တင်နေကြသည့် တက်ကြွ လှုပ်ရှားသူ အများစု သည် မြောက်ကိုရီယား မှ ခိုလှုံလာကြသူများ ဖြစ်သည်၊ ၎င်းတို့ အဆို အရ ထိုသို့ ခိုလှုံ ဖြစ်အောင် စိတ်ပြောင်းလာရသည့် အဓိက အကြောင်းရင်းသည် ပူဖောင်း များကြောင့် တောင်ကိုရီယား ၏ လူနေမှု စရိုက် များ နှင့် ထိတွေ့ခွင့် ရခဲ့သောကြောင့် ဖြစ်သည်ဟု သိရသည်။

 

တောင်ကိုရီယား တွင် ပေါ်ပြူလာ အဖြစ်ဆုံး BTS တီးဝိုင်း အဖွဲ့သားများသည် တောင်ကိုရီယား၏ စွမ်းပကား ကို မြောက်ကိုရီယား ဖက်မှ သိရှိရန် ပူဖောင်း များ နှင့် ပါသွားသည့် USB stick များ ထဲတွင် ၎င်းတို့ တေးဂီတ များ ပါဝင်နိုင်အောင် အကူအညီ ပေးလာခဲ့သည်။

 

သို့သော် ကင် မောင်နှမ ၏ အမြင်တွင် အရေးထား လောက်စရာ မဟုတ်ဟု ရှုမြင်ထားသည်။ မကျေနပ်ကြောင်း ပြယုံဖြင့် လုံလောက်ပြီဟု ညီမ ဖြစ်သူ က ယုံကြည်ခဲ့သည်။ သူမ က ၂၀၂၀ တွင် ထိုသို့ လွှတ်တင်နေသည်ကို ကန့်ကွက် ပြောဆိုလာသည့်အခါ ထိုစဉ်က သမ္မတ ဖြစ်သူ မွန် ဂျေ အင်းသည် ပြန်လည် ပေါင်းစည်း နိုင်ရေးကို ယုံကြည်နေသူ ဖြစ်သည့် အားလျှော်စွာ ပူဖောင်း လွှတ်တင်ခြင်းအား ပိတ်ပင် လာခဲ့သည်။

 

၂၀၂၃ တွင် ထိုသို့ ပိတ်ပင်မှုသည် ဖွဲ့စည်းပုံ နှင့် မညီဟု ဆိုကာ ဆုံးဖြတ်လာမှု နှင့် အတူ မြောက်ကိုရီယား အပေါ် ရန်လိုသော အစိုးရ အာဏာရလာသဖြင့် ၎င်းတို့ အနေဖြင့် ဝင်ရောက် စွက်ဖက်စရာ မလိုဟု ပြောလာခဲ့သည်။

 

သို့သော် အန္တရာယ်က မသေးလှပေ၊ ၂၀၁၄ တွင် မြောက်ကိုရီယား ဖက်မှ ပူဖောင်းများကို အမြှောက်နှင့် ပစ်ချခဲ့သည်။၂၀၁၇ တွင် တောင်ကိုရီယား ဖက်မှလည်း ပူဖောင်းများကို စက်သေနတ် ဖြင့် ပစ်ခတ်ခဲ့ပြန်သည်။

 

မြောက်ကိုရီယား ဖက်မှ မကြာသေးမီက ပစ်လွှတ်လိုက်သော အမှိုက်ထုတ် များသည် တောင်ကိုရီယား သမ္မတ ရုံး နှင့် မလှမ်းမကမ်းသို့ ကျလာခဲ့သည်။ သမ္မတ ယွန်ဆပ်ယိုးမှ ထိုသို့ ရန်စလာမှု ကို ပိုမို ပြင်းထန်သည့် နည်းဖြင့် လက်တုန့်ပြန်သွားမည်ဟု မကြာခဏ ပြောခဲ့သူ ဖြစ်သည်။ မြောက်ကိုရီယား ဖက်မှလည်း အလားတူ ခြိမ်းခြောက်ခဲ့သည်။

 

သို့သော် လတ်တလော ဖြစ်ပေါ်လာသော အနေအထား များ ကြောင့် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်လာကြသည်။ ထိုအထဲတွင် ကင်ဂျောင် အန်း မှ ရုရှား သမ္မတ ပူတင် နှင့် တွေ့ဆုံခဲ့မှု၊ နှစ်နိုင်ငံ ကို ပိုင်းခြားထားသော စစ်မဲ့ဇုံ ‌တွင် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော မြောက်ကိုရီယား စစ်သားများကို တောင်ကိုရီယား ဖက်မှ ‌သေနတ် ဖြင့် ပစ်ခတ်ခဲ့မှု တို့ ပါဝင်နေသည်။

 

သို့သော်လည်း ပူဖောင်းများကြောင့် နှစ်နိုင်ငံ အကြား စစ်ပွဲ ဖြစ်လာစရာ အကြောင်းမမြင်ပေ။ မြောက်ကိုရီယား ဖက်မှ အမှိုက်ထုတ်များ ပို့လွှတ်လာနေသည်ကို လက်တုန့်ပြန်သည့် အနေဖြင့် လော်စပီကာ ကြီးများ ကို မြောက်ဖက်သို့ လှည့်ကာ ဝါဒဖြန့် လှုံ့ဆော် ဟောပြောသည့် ကမ်းပိန်းကို ပြန် စ လာခံ့သည်။

 

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာချိန်တွင် ထိုကဲ့သို့ လုပ်ရပ်များ ထွက်ပေါ်လာသော်လည်း တင်းမာမှု လျော့ကျသွားချိန်တွင် တောင်ကိုရီယား အစိုးရ ဖက်မှ ထိန်းထိန်းသိမ်းသိမ်း လုပ်လာကြဦးမည် ဖြစ်သည်။

 

ပူဖောင်းများသည် နှစ်နိုင်ငံ အကြား ဆက်ဆံရေး ကို ညွှန်ပြနေသည့် မိုးလေဝသ လေညွန်တံများ ဖြစ်လာနေုသည်။ ထိုလေညွှန်တံများ ဖြင့် မည်သည့် ဖက်သို့ လေတိုက်ခတ် နေသည်ကို လွယ်လင့်တကူ မှန်းဆ နိုင်သည်။

 

(၂၀၂၄ ဇွန်လ ၂၆ ရက်နေ့ ထုတ် အီကော်နောမစ် မဂ္ဂဇင်း ပါ "Why North Korea is sending its rubbish to the South" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)