တော်လှန်ရေး အဆင့်သစ် တက်လှမ်း

by Hla Soewai - Jul 08 2024

တိုင်းရင်းသား ပြည်သူ များ၏ ၎င်းတို့ အပေါ် အဓမ္မ ဖိနှိပ် အုပ်ချုပ်သွားမည့် စစ်အာဏာရှင် စနစ်အား စုပေါင်း ခုခံ တွန်းလှန်နေမှုသည် ယခုအခါ အဆင့်သစ် တရပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်ကို အောက် ပါ ဖြစ်ရပ်များက သက်သေ ခံလာနေသည်။

 

ယခုအခါ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လာရှိူး မြို့ အပြင်တဝိုက် တွင် MNDAA နှင့်တိုက်ပွဲများ ပြင်းထန်လာနေပြီး မြို့ ရှိ လေဆိပ်ကိုပါ ပိတ်ပစ်လိုက်ရပြီ ဖြစ်သည်။ စစ်တပ်မှ လားရှိုး မြို့ သို့ ဝင်သည့် လမ်းအားလုံး ကို ပိတ်ဆိုထားသည်ဟု AFP သတင်းအား နိုင်ငံတကာ မီဒီယာ များ တွင် ဖေါ်ပြလာကြသည်။

 

ဒေသခံများ၏ အဆိုအရ စစ်ကောင်စီဘက်က လားရှိုးမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ကြောက်ကန် ကန်၍ အဆက်မပြတ် ပစ်ခတ်နေပြီး လားရှိုး မြို့အထွက် သီပေါ တံတား နှင့် နမ္မဗောဓတံတား များ အပါအဝင် တံတား ငါးစင်းကိုလည်း ဖျက်ဆီးထားသည်ဟု သိရသည်။

 

မိမိတို့အားလုံး အတူတကွ တိုက်ပွဲ ဝင်လျက် ရှိနေသည်ဟု TNLA ပြောခွင့်ရ ဗိုလ်ချုပ် တာဘုန်းကျော် က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 

ယခုအခါ သံတွဲ မြို့အား ခုခံနေသော ခလရ ၅၅ တပ်ရင်း အား ရက္ခိတ တပ်တော်မှ အပြီးသတ် ထိုးစစ် ဆင်နေပြီ ဖြစ်သည်။ ၎င်းတို့သည် သံတွဲထောင် အား ခြေကုပ်ယူ၍ ခုခံသွားရန် ပြင်ဆင်နေသည်ဟု သတင်းများက ဆိုသည်။

 

ချင်းပြည်နယ် အတွင်းရှိ မတူပီ မြို့အားလည်း ချင်းညီနောင်များ အဖွဲ့ နှင့် အာရက္ခ တပ်တော် တို့ မှ ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ် သိမ်းယူ နိုင်ခဲ့ပြန်သည်။

 

မန္တလေး တိုင်း ဒေသကြီး အတွင်း ထိုးစစ်ဆင်နေ‌‌ သော တော်လှန်ရေး တပ်ပေါင်းစုသည် မတ္တရာ မြိုနယ် အတွင်းရှိ စစ်စခန်း ၈ ခု အား သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ ဖက်မှ ၆၄ ဦးနှင့် မိသားစုဝင် ၁၁၇ ဦး လက်နက်ချလာခဲ့သည်ဟု သိရသည်။ လက်နက် မျိုးစုံ ၁၂၅ လက်အားလည်း သိမ်းဆည်း ရမိခဲ့သည်။ လက်နက်ချသူ များအား လက်ဖျားနှင့်ပင် မတို့ ဟု အာမခံကြောင်း မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ စစ်စခန်းများသည် မတ္တရာ ကို ဖြတ်သွားသော အဝေးပြေး လမ်းမကြီး၏ အရှေ့ဖက် ခြမ်းတွင် ရှိနေပြီး ယခုအခါ တော်လှန်ရေး တပ်ဖွဲ့များ လက်တွင်း ကျရောက်သွားပြီ ဖြစ်၍ မန္တလေး၊ မတ္တရာ နှင့် ပုသိမ်ကြီး တို့အား ကာကွယ် နိုင်ရန် အားပျော့သွားပြီ ဖြစ်သည်။ ပြင်ဦးလွင် ဖက်တွင် ၎င်းတို့ အတင်းအဓမ္မ ဆွဲသွင်းထားသော တပ်သားသစ် ၅၀၀ ခန့် နှင့် အားဖြည့်လာသည်ဟု သိရသည်။

 

စစ်ကောင်စီ သည် ၎င်းတို့၏ အရှုံးများသည် စိုးရိမ်ဖွယ်ရာ ကောင်းလာနေ‌၍ တိုက်ပွဲ သတင်းများနှင့် ပတ်သက်၍ ရေငုံ နှုတ်ပိတ်လျက် ရှိသည်။

 

နိုင်ငံတကာကလည်း စစ်ကောင်စီ အခြေအနေ ကို စောင့်ကြည့် လာနေကြပြီ ဖြစ်ပြီး တိုင်းပြည်ကို ထိန်းထားနိုင်စွမ်း မရှိတော့ ပြတ်သားစွာ သိမြင်လာသည့် အခါတွင် တော့ ဒလိမ့်ခေါက်ခွေး ဖြစ်အောင် အဆင်း ကို ဝိုင်းတွန်းပေးကြတော့မည်သာ ဖြစ်သည်။

 

ထိုအနေအထားကို ပိုဆိုးလာစေသည်က ထင်ရာ မြင်ရာ အတွေးများ နှင့် လုပ်ချင်တိုင်း လုပ်လာနေကြခြင်း ပင် ဖြစ်သည်။ နယူးယောက်တိုင်း သတင်းစာ တွင် ဆဲလ်ဖုန်း အရောင်းဆိုင် ပိုင်ရှင်အား ဝန်ထမ်းများကို လုပ်ခလစာ တိုးမြှင့် ပေးမှု ဖြင့် ဖမ်းဆီး အရေးယူ ခံရကြောင်း၊ အခြား ဆိုင်ပိုင်ရှင် ဆယ်ဦး အားလည်း အလားတူ ပြစ်မှု များ ဖြင့် အရေးယူခံခဲ့ရကြောင်း အစချီကာ ဆောင်းပါးရှည်ကြီး ပါရှိလာသည်။

 

စစ်ကောင်စီ သည် ထိုသို့ လစာတိုးပေးခြင်းသည် နိုင်ငံတွင်း ငွေကြေး ဖောင်းပွမှု ဖြစ်နေသည်ဟု ဆိုကာ အစိုးရ အပေါ် အယုံအကြည်မဲ့‌အောင် ဝါဒ ဖြန့်ချီရာ ရောက်သည်ဟု စွပ်စွဲချက် ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဤသည်ကို ကြည့်က ၎င်းတို့ အဖို့ ဂမူးရှူးထိုး ဖြစ်လာကာ ကြားရသူ များ အဖို့ ရယ်စရာ ကောင်းလှသည့် အမှားများ ဆက်တိုက် ဆိုသလို ကျူးလွန် လာနေပြီ ဆိုခြင်း နှင့် နိုင်ငံတွင်းရှိ အလုပ်သမား များအားလည်း မည်သည့် အလုပ်ရှင်ကမျှ လစာငွေ တိုးပေးရဲကြတော့ မည် မဟုတ် ဆိုသည်ကို ကောက်ချက်ချ နိုင်ပေသည်။

 

ဆောင်းပါးတွင် မြန်မာ့ စီးပွားရေးသည် အာဏာသိမ်း ပြီး နောက်ပိုင်း အကျပ်အတည်း ဖြင့် ခရီးစထွက်လာရာ ကသောင်းကနင်း အဖြစ်ကို ဆိုက်ရောက်လာပြီး ဒယီးဒယိုင် ဖြင့်ဆက်၍ ခရီးနှင်လာရာ ယခုအခါ ပြိုလဲ လု ဆဲဆဲ ဖြစ်လာနေပြီဟု ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နဲလ်က ပြောသည်ဟု ပါရှိခဲ့သည်။

 

ကျပ်ငွေတန်ဖိုး ဒလဟော ကျဆင်းလာမှု ကြောင့် လူထု ၏ စုဆောင်းငွေများသည် နေ့စဉ်နှင့် အမျှ မကြုံသဖူး ဆုံးရှူံးလိုက် လာနေရပြီ ဖြစ်သည်ဟု ဆိုသည်။

 

တဖက်တွင်လည်း ဈေးနှုန်းများက ထိုးတက်လာနေရာ ပြည်သူများ၏ ဘဝသည် ကြက်ခြံထဲက ကြက်များလို အသတ်ခံရမည့် အလှည့် ကို စောင့်နေရသည့် အဖြစ်မျိုး ရောက်နေပြီဟု မန္တလေး ဒေသခံ တဦး၏ အပြောအား ကိုးကား၍ ‌ဆောင်းပါး နိဂုံးတွင် ရေးသားထားသည်။

 

(ပုံတွင် မိုးကုတ် မြို့လယ် တဝိုက် လိုက်လံ စစ်ဆေးနေသော TNLA နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူများကို တွေ့နိုင်သည်။)