နိုင်ငံတကာ ရေးရာ မိတ်ဆက်(79)

by Hla Soewai - Jul 08 2024

ဂလိုဘယ် အာရောဂျံ

*************

မနုဿ အနွယ်ဝင် တို့ သမိုင်းတလျောက်တွင် ယခုအခါ သည် တကမ္ဘာလုံး ၏ ကျန်းမာရေး အနေအထားသည် သိသာထင်ရှားစွာ ပိုမို တိုးတက် ကောင်းမွန်လာနေသည်ဟု ပြော၍ ရသလို တဖက်တွင်လည်း ကျန်းမာရေး နယ်ပယ် တွင် ဖြစ်ပေါ်လာနေသည့် စိန်ခေါ်မှု များကို ရင်ဆိုင် ဖြေရှင်း နိုင်ရန် အစိုးရ များ နှင့် ၎င်းတို့၏ နိုင်ငံသား များ အဆင့်သင့် ဖြစ်နေမှု ရှိမရှိဆိုသည့် အပေါ်လည်း စိုးရိမ်တကြီး မေးခွန်းထုတ်လာကြသည်။

 

အဘယ်ကြောင့် ဆိုသော တကမ္ဘာလုံး နှင့် သက်ဆိုင်သော ကျန်းမာရေး ဖက်တွင် စိန်ခေါ်လာမှု များအား စုပေါင်း ရင်ဆိုင် တုန့်ပြန်ရာတွင် လုံလောက်မှု မရှိသေးသည်ကို တွေ့လာရသောကြောင့် လည်း ဖြစ်သည်။

 

လူသား မှန်သမျှ ကျန်းကျန်းမာမာ နှင့် အသက်ရှည်စွာ နေထိုင်လိုကြသော အာရောဂျံ ပရမံ လာဘံ ဟူသော စိတ်ဆန္ဒများ ရှိနေခြင်း ကြောင့်လည်း ထိုသို့ စိုးရိမ်မကင်း ဖြစ်လာရခြင်းလည်း ဖြစ်ပေသည်။

 

ကျန်းမာရေး နှင့် ပတ်သက်ပြီး ကုန်ကျစရိတ် များလာပါက၊ အကျပ်အတည်းများ ဖြစ်လာမည်ဆိုက နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံ တည်ငြိမ်မှု၊ လုံခြုံမှု အစရှိသည့် အပိုင်းများ ယို့ယွင်း ထိခိုက် လာပြီး လူ့အဖွဲ့အစည်း သည်လည်း ပုံမှန် လည်ပတ် နိုင်စွမ်း မရှိ‌ တော့ပဲ အားပျော့ သွားမည် ဖြစ်သည်။

 

အခြားနိုင်ငံများ တွင် ဖြစ်ပွားလာသော ရောဂါများ ကူးစက်မလာ‌ အောင် ကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ တုန့်ပြန် ဆောင်ရွက်ခြင်း များ ဖြင့် မိမိနိုင်ငံသို့ ကူးစက်မလာအောင် ဟန့်တား ထားနိုင်သည်။

 

ကျန်းမာရေး စောင့်ရှောက်ပေးမှု သည် ကမ္ဘာစီးပွားရေး အတွင် အဓိက နေရာမှ ရှိနေသည်။ တကမ္ဘာလုံး ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုး ပမာဏ ၏ ဆယ်ရာ နှုန်း ခန့်ကို ကျန်းမာရေး ဖက်တွင် သုံးစွဲ နေရသော ကြောင့် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် တနိုင်ငံလုံး ထုတ်ကုန်ပမာဏ GDP ၏ ၁၈ ရာနှုန်း ကို ကျန်းမာရေးကဏ္ဍ အတွက် သုံးစွဲခဲ့သည်။

 

ကမ္ဘာ့ လူဦးရေသည် ယခုအခါ ၈ ဘီလီယံ အထိ ရောက်ရှိလာနေပြီ ဖြစ်သည်။ ယင်းသည် ပြီးခဲ့သည့် နှစ် နှစ်ရာ ခန့်ကထက် ရှစ်ဆမျှ တိုးပွား လာခဲ့ခြင်းပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ငါးဆယ်က လူဦးရေ နှင့် နှိုင်းစာလျှင် နှစ်ဆခန့် ဖြစ်လာသည်။ ထိုသို့ တိုးပွားလာရခြင်း၏ အဓိက အကြောင်းရင်းသည် လူ့သက်တမ်း သိသိသာသာ မြင့်တက်လာခဲ့သောကြောင့် ပင် ဖြစ်သည်။

 

ယနေ့ ကမ္ဘာတွင် လူတဦး တယောက် ကို ရွေးထုတ်ပြီး ဆန်းစစ်ကြည့်မည် ဆိုက အသက် ၇၂ နှစ် အထိ အသက်ရှင် နေထိုင် နိုင်မည် ဟု မျှော်လင့်၍ ရကြောင်း တွေ့ရှိနိုင်မည် ဖြစ်သည်။ ချမ်းသာသော နိုင်ငံ များ တွင် မူ လူ့သက်တမ်းသည် ၈၀ အထိ ရှိနေသည်။ သက်တမ်းရှည်မှု တွင် ဂျပန် နိုင်ငံသားများသည် ၈၄ နှစ် ဖြင့် ကမ္ဘာတွင် ထိပ်မှ ဦးဆောင်နေသည်။ (မြန်မာ သည် ၆၇ ဖြင့် နိုင်ငံပေါင်း ၂၀၁ တွင် အဆင့် ၁၅၃ ရှိ‌ နေပြီး အရှေ့တောင်အာရှ တွင် အနိမ့်ဆုံး ဖြစ်‌‌ နေဟု သိရသည်)

 

 ထိုထက်မက အသက်ရှည်ပြီး ၉၀ ကျော် အထိ နေရသော လူများလည်း များပြားလာနေသည်။ ထိုသို့ သက်တမ်း ရှည်ရှည် နေရသူများ သည် ပြီးခဲ့သည့် ရာစု နှစ်ကထက် နှစ်ဆ ကျော် ဖြစ်လာသည်။ ထို့အတွက် ဆင်းရဲသော နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လည်း အသက်ရှည်သူ များပြားလာသည်ဟု ဆိုရမည် ဖြစ်သည်

 

လူများသည် အစားအသောက်ကို ကျန်းမာရေး နှင့် ညီညွတ်အောင် စားသုံးလာကြခြင်း၊ ဆေးဝါး နှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု နယ်ပယ်များတွင် ခုန်ပျံ ကျော်လွှား တိုးတက်လာခြင်း၊ အထူးသဖြင့် မိခင် နှင့် ကလေး သေဆုံးမှု နှုန်း ကျဆင်းလာပြီး စစ်ပွဲကြီးများ ဖြစ်ပွားမှု သည် လည်း ပိုမိုနည်းပါးလာခြင်း များ ကြောင့် ဖြစ်သည်။

 

ပျမ်းမျ အမျိုးသမီး တဦး ၏ သက်တမ်းသည် အမျိုးသားများထက် ရှည်လျားလာသည်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း တွင် အသက် ငါးနှစ် အောက် ကလေးသူငယ်များ သေဆုံးမှု နှုန်းသည် စတင် ကျဆင်းလာခဲ့သည်။ ဤသို့ဖြင့် သန်း ၅၀ မျှသော ကလေးများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

 

ထိုသို့ ဖြစ်လာရသည့် အကြောင်းများစွာ ရှိနေသည်။ ကြိုတင် ကာကွယ်နိုင်မှု၊ ရောဂါ စမ်းသပ် ရှာဖွေ နိုင်မှု နှင့် ကုသပေးနိုင်မှု၊ နည်းပညာ နှင့် ဆေးဝါးများ ပိုင်းတွင် ခုန်ပျံ ကျော်လွှား တိုးတက်လာခြင်း၊ ပညာရေး အဆင့် အတန်း တိုးတက်လာခြင်းကြောင့် ကျန်းမာရေး ဗဟုသုတ များ ကြွယ်ဝလာခြင်း၊ ဝင်ငွေနည်း နိုင်ငံများအား ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ အတွက် အကူအညီများ ပေးအပ်လာကြခြင်း အစရှိသည့် အကြောင်းများ ဖြစ်သည်။

 

ယခင်က ကူးစက်နိုင်သည်ဟု သတ်မှတ်ထား‌ သော ရောဂါများ ကို တိုက်ဖျက်ပစ်နိုင်လာခြင်း အားလည်း အကြောင်းတခု အဖြစ် သတ်မှတ်နိုင်ပေသည်။ ၁၉၈၀ တွင် လူသား မျိုးနွယ် တရပ်လုံးအား ဒုက္ခပေးခဲ့သည့် ‌ကျောက်ရောဂါ အား အပြီးအပိုင် အမြစ် ဖြတ် နိုင်ခဲ့ပြီဟု တရားဝင် ကြေညာနိုင်ခဲ့သည်။ ပိုလီယို ရောဂါ ဖြစ်ပွားမှု အား ၉၉ ရာနှုန်းကျော် တိုက်ဖျက်ပစ်နိုင်ခဲ့ပြီဟု ၁၉၈၈ တွင် သတ်မှတ်နိုင်ခဲ့ပြီး ယခု အခါ မတွေ့ရသလောက် ရှားပါးသွားပြီ ဖြစ်သည်။

 

HIV ရောဂါ ကူးစက်မှု သည်လည်း ကျဆင်းလာခဲ့သည်။ AIDS နှင့် ဆက်စပ်ရောဂါများဖြင့် သေဆုံးမှူ နှုန်းသည် ယခု အခါ တနှစ်လျှင် တသန်း ခန့်မျှသာ ရှိ‌ တော့သည်၊ ထို နှုန်းသည် အမြင့်ဆုံး ရောက်ခဲ့သည့် ၂၀၀၄ နှစ်ထက်စာလျှင် တဝက်ခန့် လျော့ကျသွားခဲ့သည်။

 

အကယ်၍ ဆေးဝါး တိုးတက်လာမှု နှင့် လူတို့၏ အနေအထိုင် ထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့မှု မရှိခဲ့ဟု ဆိုက အနည်းငယ်မျှသာ ကျဆင်းသွားနိုင်ပေသည်။ ငှက်ဖျား နှင့် ဝက်သက်ရောဂါ ဖြစ်ပွားမှု နှုန်းသည်လည်း ကျဆင်းလာခဲ့သည်။