စိုးဝင်း ၏ ရှန်ဒေါင်း ခရီးစဉ်၊ အမေရိကန် တို့ နိုးထလာမှု

by Hla Soewai - Jul 08 2024

ရှမ်းမြောက်‌ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာမှု နှင့် အတူ အာဏာသိမ်း အဖွဲ့ ဒု ခေါင်းဆောင် စိုးဝင်းသည် ရှန်ဒေါင်း ပြည်နယ် ချင်ဒေါင်း မြို့တွင် ကျင်းပမည့် ကမ္ဘာ စိမ်းလန်းစိုပြေရေး ဖိုရမ်သို့ တက်ရောက်မည် ဆိုကာ ဇူလိုင် ၆ ရက်နေ့က ရောက်ရှိသွားပြီ ဖြစ်သည်။

 

 

မင်းအောင်လှိုင် အဖို့ တော့ ယခုထိ သွားခွင့် မရဘဲ ဖြစ်နေဆဲပင်၊ သို့သော် မဟာဗျုဟာ ကျ ပြီး အရေးပါဆုံး မြို့လည်း ဖြစ်၊ ၎င်းတို့ အတွက် အလှည့် အပြောင်းကြီး ဖြစ်လာနိုင်မည့် လားရှိုး မြို့အား တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မှ ဝိုင်းရံထားချိန်၊ မြို့ထဲသို့ပင် တောင်ဖက်မှ ဝင်‌ ရောက်လာပြီဟု သတင်းများ ထွက်‌ ပေါ် လာချိန်၊ သံတွဲ လေဆိပ် အား အကျအဆုံး များစွာ နှင့် လက်လွှတ်လိုက်ရချိန် တွင် စိုးဝင်း၏ ခရီးစဉ် ထွက်ပေါ်လာခြင်းသည် တရုတ် ၏ အကူအညီ အား အပူတပြင်း တောင်းခံရန် လိုအပ်လာ၍‌ လော၊ သို့မဟုတ်က ၎င်းအား သုံးစားမရ ဖြစ်လာနေသည်ဟု ‌မင်းအောင်လှိုင်မှ ယူဆ၍ မရှိလည်း ဖြစ်သည်ဆိုကာ လွှတ်လိုက်ခြင်းလော ဆိုသည်က တပ်အပ် သေချာ မပြောနိုင်သေးပေ။

 

 

မြန်မာသည် ရှီကျင့်ပင်၏ ဒေါ်လာ ၁.၃ တြီလီယံ တန် ရပ်ဝန်း နှင့် လမ်း စီမံချက် တခုလုံး၏ အရေးပါ‌သော အစိတ်အပိုင်းလည်း ဖြစ်နေသည်။ နိုင်ငံကို လက်ညှိး ထိုး ရောင်းစားရန် ဝန်မ‌လေးသော အာဏာသိမ်း သမား များသည် ထိုအချက်ကို နိုင်ဖဲ အဖြစ် သဘောထားကာ တရုတ်ပြည်သို့ တယောက်ပြီး တယောက် ပျားပန်းခပ်မျှ သွားရောက်နေကြပြီ ဖြစ်သည်။

 

 

၎င်းတို့ ထိုသို့ ပျာယာ ခပ်လာချိန်တွင် အမေရိကန် သည် လည်း မြန်မာ၏ အနာဂတ်ရေးရာ ပေါ်လစီ အတွက် ဇွန်လ ၂၇ ရက်တွင် အောက်လွှတ်တော် မှ အမတ်များ စုပေါင်း၍ ပထမဆုံး အကြိမ် အဖြစ် မြန်မာရေးရာ ကွန်ဂရက် ၏ သီးသန့် ကော်မတီ Congressional Burma Caucus ကို အသက်သွင်း လာခဲ့ပြီ ဖြစ်သည်။

 

 

အဆိုပါ ကော်မတီ သည် မြန်မာ တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး နှင့် စပ်လျှင်းပြီး အဓိက အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်သည်၊ ၂၀၂၂ BURMA ACT အား ၂၀၂၃ NDAA နှင့် အတူ ပြဋ္ဌာန်းခဲ့မှု တွင် ပါရှိသည်များကို အမြန်ဆုံး ကူညီထောက်ပံ့နိုင်ရန် သည်လည်း ထိုကော်မတီ၏ လုပ်ငန်းစဉ် များထဲတွင် ပါဝင်သည်။ ယင်းအား အာဏာသိမ်း မှု သုံးနှစ်မြောက်ခဲ့သည့် ၂၀၂၄ ဖေဖေါ်ဝါရီ ၁ ရက်တွင် ပါတီကြီး နှစ်ခု မှ ကိုယ်စားလှယ်များဖြင့် စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ယခုအခါ လုပ်ငန်း အကောင်အထည် ဖေါ်လာနေပြီ ဖြစ်သည်။

 

 

ကွန်ဂရက် မှ ထိုသို့ ဖွဲ့စည်း ဆောင်ရွက်လာမှု သည် ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ဟားမား စစ်ပွဲ များ နှင့် တန်းတူ အမေရိကန် အစိုးရ၏ ဦးစားပေးမှု ထဲ ပါရှိလာအောင် ပြောင်းလဲ ပေးနိုင်မည်ဟု အမေရိကန် တွေးခေါ် မျှော်မြင်ရေး အဖွဲ့ Stimson Center က သုံးသပ်လိုက်သည်။

 

 

ထိုသို့ ဖြစ်ပေါ်လာခြင်းသည်လည်း တက်ကြွလှုပ်ရှားသူ များ နှင့် ဖွဲ့စည်းထားသည့် ဝါရှင်တန် အခြေစိုက် Campaign for New Myanmar ၏ တွန်းတွန်း တိုက်တိုက် လုပ်လာခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထိုအဖွဲ့ အား မြန်မာ တို့၏ စီဒီအမ် လှုပ်ရှားမှု အတွက် အကူအညီ ပေးနိုင်ရန် ဆိုင်မွန် ဘေလင်းနက်စ် က ဦးဆောင် ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်၊ ဘေလင်းနက်စ်သည် နယူးယောက်တိုင်းမ် သတင်းစာမှ လူ့အခွင်အရေး ဆိုင်ရာ လှုပ်ရှားမှု များ တွင် ဆူပါ စပယ်ရှယ်လစ်ဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

 

 

မြန်မာ အား ဆက်၍ ပိတ်ဆို့ ဒဏ်ခတ်သွားရေး၊ မြန်မာ အရေး အထူး သံတမန် ခန့်အပ်ခြင်း နှင့် အမေရိကန်မှ ဆက်၍ အာရုံစိုက် စောင့်ကြည့်နေသည် ဆိုသည်အား အာဏာသိမ်း အဖွဲ့ ကို သိရှိနိုင်အောင် ပြုလုပ်သွားရေး တို့ အကောင်အထည် ပေါ်လာနိုင်မည် ဖြစ်သည်။

 

 

ဘိုင်ဒင် အစိုးရသည် လက်ရှိတွင် တရုတ် နှင့် ဆက်ဆံရေး တည်ငြိမ်အောင် ကြိုးပမ်းလိုသည့် သဘောထား ရှိနေ၍ ထိုအနေအထား ပျက်ယွင်းသွားမည်စိုး၍ မြန်မာ အရေး တွင် တက်တက်ကြွကြွ ပါဝင်လိုစိတ် မရှိ ဖြစ်နေသည်။ မြန်မာအရေး အထူး သံတမန် ရှိလာမည် ဆိုက ဒေသတွင်း ခရီးလှည့်ပြီး ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့များ နှင့် မဖြစ်မနေ တွေ့ဆုံဆွေးနွေးလာရဖို့ ရှိနေသဖြင့် ဘီဂျင်းအား စိတ်အနှောက်အယှက် ဖြစ်အောင် မီးလှန့် သံချောင်း ခေါက်သလို ဖြစ်သွားမည်ကိုလည်း အမေရိကန်က စိုးရွံ့နေသည်ဟု ဆိုသည်။

 

 

ထို့အတွက် တရုတ်မှ မြန်မာ အရေးအား အမေရိကန် တို့ ဝင်စွက်လာပြီဟု အထင်ရောက်စေမည့် မည်သည့် လှုပ်ရှားမှု မျိုး ကို မှ မပြုလုပ်မိစေရန် ဆင်ခြင်နေခြင်းလည်း ဖြစ်သည်။

 

 

မိမိ အမြင် ပြောရမည် ဆိုလျှင် မြန်မာသည် တရုတ်၏ အစောင့်ရှောက်ခံ နိုင်ငံ တနိုင်ငံ အဖြစ် အမေရိကန် အစိုးရ က သဘောထား နေခြင်း ဖြစ်သည်၊ ထိုထက် ပို၍ တရုတ်မှ စစ်ရေး အရ ဝင်ရောက် ပတ်သက်လာမည် ဆိုက အမေရိကန် သည် BURMA ACT ဖြင့် လိုအပ်သလို တုန့်ပြန်နိုင်ရန် ပစ္စည်းကိရိယာ များ စုဆောင်းထားခြင်းလည်း ဖြစ်သည်။

 

 

တရုတ်သည်လည် အမေရိကန်၏ သဘောထားကို ရိပ်စားမိနေ၍ မြန်မာ အရေး အကြောင်းပြု၍ ကြားခံ စစ်ပွဲ အဖြစ် မခံဘဲ ပြည်တွင်း ငြိမ်းချမ်းရေး ဖြင့်သာ ၎င်းတို့၏ စီမံချက်များ ကို အကောင်အထည် ဖေါ်နိုင်လိမ့်မည်ဟု တွက်ဆထားခြင်း ဖြစ်မည်ဟု သုံးသပ်၍ ရပေသည်။

 

 

Stimson Center မှ ဆက်လက် ရေးသားရာတွင် Campaign for New Myanmar မှ အာဏာသိမ်းပြီး နောက် မြန်မာထံမှ သိမ်းယူထားသည့် အပ်နှံ့ငွေများကို ပြန်လည် ထုတ်ယူခွင့်ပေးရန် သုံးသပ်စီစစ် မည့် အကြံပေး အဖွဲ့ကို ဖွဲ့စည်းရန် ယခု ပေါ်ပေါက်လာသည့် ကော်မတီ မှ ဘိုင်ဒင် အစိုးရအား တိုက်တွန်းသွားရန် တွန်းအားပေးသွားမည်ဟု ဆိုသည်။

 

 

BURMA ACT တွင် ပါရှိသည်များနှင့် စပ်လျှင်း၍ တိတိကျကျ ဖေါ်ပြနိုင်ခြင်း မရှိခဲ့သည့် အတွက် အောက်နှင့် အထက်လွှတ်တော် အကြား မည်ရွေ့မည်မျှ ထောက်ပံ့ ပေးသင့်သည် ဆိုသည့် ပမာဏ အပေါ် သဘောကွဲလွဲမှု များ ရှိနေ၍ နောက်ထပ် BRAVE BURMA ACT တရပ် ပြဋ္ဌာန်း ပြီး တိတိကျကျ သတ်မှတ် အကူအညီ ပေးသွားမည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

 

 

အနောက်တိုင်း မီဒီယာ များ က ပါတီ နှစ်ရပ်မှ အဖွဲ့ဝင် ၃၀ ခန့် ပါဝင်သော မြန်မာအရေး ကွန်ဂရက် ၏ သီးသန့် ကော်မတီ သည် မြန်မာ ပြည်တွင်းစစ်၏ ရလဒ်ကို ဩဇာ သက်ရောက်နိုင်ရန် အမေရိကန်မှ ပို၍ ပါဝင် စွက်ဖက်လာမည့် သဘောဟု ပြောဆို ရေးသားလာကြ၍ ဘီဂျင်း၏ စိုးရိမ်မကင်း ဖြစ်မှု ကို ဆွပေးသလို ဖြစ်လာနေသည်ဟု ဆိုသည်။

 

 

မည်သို့ပင် ဖြစ်စေ ကော်မတီ၏ ရည်မှန်းချက်များ အကောင်အထည် ပေါ်လာမည် ဆိုက မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ အနာဂတ် ပေါ်ထွန်းလာရေး အတွက် ထိရောက်စွာ အကူအညီ ပေးလာနိုင်မည် ဖြစ်သည်၊ သို့မဟုတ်ကလည်း မြန်မာ တို့၏ ခုခံ တော်လှန်စစ်ကို အမေရိကန် တို့ ဆက်၍ စောင့်ကြည့်သွားမည်သာ ဖြစ်သည်။

 

 ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!