မြန်မာ စစ်တပ် ၏ အာချီလီ သံဖနောင့်

by Hla Soewai - Jul 08 2024

မင်းအောင်လှိုင်သည် ၎င်း၏ အဆင်ခြင့်မဲ့ စွာ အာဏာသိမ်းခဲ့ပြီး ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာအောင် စတင် မီးမွှေး ခဲ့သည်။ ယခုအခါ နေရာပေါင်းစုံ တွင် ၎င်းတို့အား အမြစ်ပြတ်သည် အထိ တိုက်ထုတ်ရန် စိတ်ပိုင်းဖြတ်ထားသည့် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ ယင်းနှင့် အတူ မင်းအောင်လှိုင်သည် ၎င်း၏ စစ်ယန္တရားကြီး အတွက် ဓါတ်ဆီ၊ ဒီဇယ် နှင့် လေယာဉ်ဆီ များကို ပြည်ပမှ တန်ဖိုးကြီးစွာ ဝယ်ယူ တင်သွင်းကာ အားဖြည့်နေရသည့် အတွက် ဘေးကျပ်နံကျပ် ဖြစ်လာနေပြီဟု နစ်ကီ အေးရှား ရီဗြူး တွင် တွဲဖက် အယ်ဒီတာ ဒိုမိနစ် ဖောဒါ ၏ ဆောင်းပါး ရှည်ကြီးအား Big story အဖြစ် ရေးသား တင်ဆက် ထားသည်ကို ပြန်လည် တင်ပြသွားမည် ဖြစ်သည်။

 

ရုရှား ဗုံးကြဲလေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အတွက် လေယာဉ်ဆီများသာမက၊ စစ်သုံးထရပ်ကားများ၊ သံချပ်ကာ ယာဉ်များ၊ ကွပ်ကဲရေး ဘန်ကာများ၊ ဆက်သွယ်ရေး စခန်းများ၊ စစ်ဆေးရုံ များ၊ အရာရှိ အိမ်ယာ များ အစရှိသည်တိူ့အတွက် သုံးနေရသည့် ဂျင်နရေတာများ အတွက်ပါ စက်သုံးဆီများ လိုအပ်နေသည် မဟုတ်ပါလား။

 

ထို့အပြင် စစ်မြေပြင် တွင် လိုအပ်နေသည့် လက်နက်ငယ်များ၊ ခဲယမ်းများ၊ အတွဲလိုက် ပေါက်ကွဲ နိုင်သည့် မီးလောင်ဗုံးများ၊ ပေါင် ၅၀၀ ဗုံးသီးများ အား အပူတပြင်း ထုတ်လုပ်ပေးနေသည့် တနိုင်ငံလုံးရှိ စက်ရုံပေါင်း ၂၅ ခု အတွက် ဒီဇယ် ဆီများကို ဈေးကြီးပေး ဝယ်ယူနေရသည်။

 

ယခုထိ နိုင်ငံတကာ၏ အာရုံစိုက်နေမှုသည် လေယာဉ်ဆီများ တင်သွင်းနေသည့် အပေါ် တွင်သာ ရှိနေဆဲပင် ဖြစ်သည်။ အထက်တွင် ဖေါ်ပြသည်များ အတွက် စက်သုံးဆီများ အလုံအလောက် မရတော့လျှင် အာဏာသိမ်း အဖွဲ့၏ စစ်ယန္တရားကြီးသည် ဗုံးဗုံး လဲ ကျ သွားပေတော့မည်။ ပြဿနာ ဖြစ်လာရသည်က စက်သုံး ဆီများသည် စစ်တပ်အတွက်သာ လိုအပ်နေသည် မဟုတ် လူထု အတွက် သယ်ယူ ပို့ဆောင်ရေး ၊ ဆေးရုံ များ နှင့် လယ်ယာ စိုက်ပျိုးရေး ဖက်တွင်လည်း လိုအပ်နေခြင်းပင် ဖြစ်သည်။

 

နှစ်ဖက်စလုံး သုံး၍ ရနေသည့် စက်သုံးဆီများထက် စာလျှင် လေယာဉ်ဆီသည် စစ်ကောင်စီ ကျူးလွန်နေသော စစ်ရာဇဝတ်မှု များ နှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ဂျီနီဗာ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ သုတေသီ မွန်ဆေး ဖာရာ က ဆိုသည်။

 

မင်းအောင်လှိုင် အာဏာသိမ်း အပြီး တပတ်အကြာတွင် အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် မှ သမ္မတ လုပ်ပိုင်ခွင့် အမိန့် ၁၄၀၁၄ ဖြင့် စတင်လာ‌ခဲ့သော နိုင်ငံတကာ၏ အရေးယူ ဒဏ်ခတ်မှု များသည်လည်း ကွက်တိကွက်ကျား နှင့် ဟာကွက်များ ရှိနေသည်။

 

ဂျက် လေယာဉ်ဆီ များ တင်သွင်းမှု အား ပိတ်ဆို့ နိုင်မှု တွင်တော့ အောင်မြင်မှူ များ ရသင့်သလောက် မရ ဖြစ်နေသည်။ ထိုသို့ လုပ်ရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ၂၀၂၂ တွင် စတင် လုံးပမ်းလာသော်လည်း ရခိုင်ပြည်နယ် သို့ ကုလ အေဂျင်စီ များမှ ကာကွယ်ဆေးများ လေကြောင်း ဖြင့် တင်ပို့နေမှု ကို ထိခိုက်သွားနိုင်ဆိုကာ ဟိုလေးတကြော် ကြော် ဖြစ်လာ၍ ရပ်ဆိုင်းသွားခဲ့ရသည်။

 

ယခုနှစ် ဖေဖေါ်ဝါရီ လ အတွင်း စစ်တပ် အတွက် လောင်စာဆီ နှင့် လက်နက် ထုတ်လုပ်ရေး အတွက် ကုန်ပစ္စည်းများများ တင်သွင်းရာတွင် ပါဝင်နေသည့် မြန်မာ ကုမ္ပဏီ နှစ်ခု ကို ပိတ်ဆို့ဒဏ်ခတ်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်က ကြေညာ လိုက်သည်။ ဇန်နဝါရီ လ အတွင်းတွင်လည်း ဂျိုးဘိုင်ဒင်သည် မြန်မာပြည် လုပ်ငန်းများ နှင့် ပတ်သက်သော အကြံပေးလွှာတွင် လေယာဉ်ဆီ အား "စိုးရိမ်မကင်းစရာ နယ်ပယ်" စာရင်းတွင် ထည့်သွင်းခဲ့သည်။

 

၎င်းတို့ အပေါ် စွပ်လာသော ကြိုးကွင်းက တဖြေးဖြေး တင်းလာနေပြီ ဖြစ်သည်။ ယခုအခါ မြို့ကြီး ပြကြီးများ မှ လွဲပြီး နိုင်ငံ၏ တဝက် နီးပါး ရှိ မည် ထင်ရသော ‌နယ်မြေ အမြောက်အမြားကို တော်လှန်ရေး တပ်ဖွဲ့များ က သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်၍ ၎င်းတို့ အတွက် လောင်စာဆီ သယ်ယူ ‌ပို့ဆောင်ရေး သည် အန္တရာယ် ရှိလာနေသည်။ မြန်မာ တွင် ပြည်တွင်း ရေကြောင်းလမ်း မှ ပို့ဆောင်နိုင်သည့် ဆီတင် သင်္ဘောကြီးများ မရှိ၍ နိုင်ငံတဝှမ်း ၂,၆၀၀ ခန့်ရှိ ဆီဆိုင်များကို ဆီတင် ဘောက်ဆာ ကြီးများ ဖြင့်သာ ပို့ဆောင်နေရသည်။

 

ယခင် နဝတ ခေတ်ကလိုပင် နယ်ခြားကို ထိန်းချုပ်နိုင်စွမ်း မရှိ၍ မှောင်ခိုဈေးကွက် ပြန်ပေါ်လာသည့် အနေအထား မျိုး ပြန်ရောက်သွားသည်။ ယခုအခါ အင်အား ၉၅,၀၀၀ ခန့်သာ ကျန်တော့သည်ဟု ခန့်မှန်းရသော စစ်တပ် အတွက် လောင်စာဆီ ရှားပါးလာမှု ကြောင့် တပ်များကို အလျင်အမြန် ရွှေ့ပြောင်း ချထား‌နိုင်ဖို့ အခက်အခဲများ ဖြစ်လာနေသည်။

 

စစ်ကောင်စီ ၏ အလွဲလွဲ အချော်ချော် စီမံခန့်ခွဲ နေမှူ များကြောင့် စီးပွားရေး ပိတ်ဆို့ ခံရသည်ထက်ပင် ပို၍ အခြေအနေ ဆိုးလာနေသည်။

 

ကမ္ဘာဘဏ်၏ ၂၀၂၃ နှစ်ကုန် စာရင်းဇယားများ အရ ကျပ်ငွေတန်ဖိုးသည် ၂၀ ရာနှုန်း ထိုးကျခဲ့သည်။ ပို့ကုန် သည် ၂၀၂၄ မတ်လ ကုန် ခြောက်လ အတွင်း ယခင်ကထက် ၁၃ ရာနှုန်း ကျဆင်းသွားပြီး၊ သွင်းကုန် ပိုင်းတွင်လည်း ၂၀ ရာနှုန်း အထိ ကျဆင်းသွားသည်။

 

အထည် အလိပ် ပြီးလျှင် နိုင်ငံခြား ဝင် ငွေ ဒုတိယ အများဆုံး ရနေသည့် သဘာဝ ဓါတ်ငွေ့ အား ထိုင်း နှင့် တရုတ်သို့ တင်ပို့နေမှု မှ ရသည့် ဝင်‌ ငွေ သည်လည်း မတ်လကုန် စာရင်းဇယားအရ ပြီးခဲ့သည့် ၆ လ အတွင်း၂၃ ရာနှုန်း ကျဆင်းသွားခဲ့သည်။

 

ထိုသို့ နိုင်ငံခြား အရံငွေများ ဒလဟော ကျဆင်းလာနေမှုသည် နိုင်ငံ၏ စွမ်းအင် ကဏ္ဍာကို ထိခိုက်လာရသည်။ အထူးသဖြင့် ရေနံထွက်ရှိမှု သည် မဆိုသလောက်သာ ရှိနေပြီး ခေတ်မီ ရေနံ ဓါတု ချက် စက်ရုံများလည်း မရှိ ဖြစ်နေသည်။ ထို့အတွက် လိုအပ်နေသော လောင်စာဆီများကို ပြည်ပမှ နိုင်ငံခြားငွေများ ဖြင့် ဝယ်ယူ တင်သွင်းနေရသည်။

 

လောင်စာဆီများကို စစ်ကောင်စီ တပ်များက ရွာလုံးကျွတ် မီးတိုက်ရာတွင်လည်း သုံးစွဲနေရပြန်သည်။ ၎င်းတို့အာဏာသိမ်းပြီး ချိန်မှစ၍ တနိုင်ငံလုံး တွင် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရား ကျောင်းများ၊ ဗလီများ အပါအတင် အိမ်ခြေ အဆောက်အဦး ပေါင်း ၇၀,၀၀၀ ခန် မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

နယ်မြေများ ဆုံးရှုံးလာနေမှု ကြောင့် တရုတ် နှင့် ထိုင်းမှ စက်သုံးဆီများ ကုန်းလမ်းခရီးဖြင့် သယ်ယူ တင်သွင်းနေရမှု သည် ပြဿနာ ဖြစ်လာသည်။ ကုလသမဂ္ဂ၏ Comtrade အချက်အလက်များအရ လောင်စာဆီ သွင်းကုန် စုစုပေါင်း၏ အနည်းဆုံး ၆၆ ရာနှုန်းသည် စင်္ကာပူ မှ ပင်လယ်ရေလမ်း ကြောင်းမှ ဝင်ရောက်လာသည်ဟု သိရှိရသည်။

 

ရေနံ ဓါတု ထွက်ကုန်များ၏ ၉၆ ရာနှုန်းကို စင်္ကာပူမှ တင်သွင်းနေရပြီး ဈေးနှုန်းအားလည်း စင်္ကာပူ ပေါက်ဈေး ဖြင့် ဝယ်ယူခဲ့ရသည်ဟု စစ်ကောင်စီ၏ စွမ်းအင် ဝန်ကြီး ဆိုသူ မျိုးမြင့်ဦးက ဆိုသည်။

 

စင်္ကာပူသည် တရုတ်ပြီးလျှင် ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။ စစ်တပ်သည် လောင်စာဆီများ ပြည်ပမှ ဝယ်ယူ နိုင်ရန် ဦးစားပေး လုပ်ဆောင်လာချိန်တွင် နိုင်ငံတွင်းရှိ ပြည်သူများ၏ အခြေအနေသည် တနေ့တခြား ဆိုးဝါးလာနေသည်။ ရေအား နှင့် သဘာဝဓါတ်ငွေ့ ကို အမှီပြု ထုတ်လုပ်နေရသည့် လျပ်စစ်ဓါတ်အား ကို တနေ့လျင် နာရီ အနည်းငယ်မျှသာ ဖြန့်ဖြူးပေးနိုင်တော့သည်။

 

၎င်းတို့ အာဏာသိမ်းပြီးချိန်ကစ၍ ဓါတ်ဆီ ဈေးသည်လည်း လေးဆ ကျော်မျှ ခုန်တက်လာခဲ့ပြီး ဆီဆိုင်များသည်လည်း ၂၀၂၂ မှ စ၍ သတ်မှတ်ပေးထားသော ခွဲတမ်း ဖြင့် ရောင်းချခဲ့ရသည်။ ကားသမား များသည် ဖေ့ဘုတ်စ် ကလပ်များ၊ မှောင်ခိုဈေးကွက်များမှ ဝယ်ယူခဲ့ရသည်၊ လယ်သမားများသည်လည်း ၎င်းတို့၏ လယ်ယာသုံး စက်ပစ္စည်းများကို အသုံးမပြု နိုင် ဖြစ်လာရသည်၊ ဆီဆိုင်များ နှင့် စက်ရုံ အတော်များများ ပိတ်ပစ်ခဲ့ရသည်၊ ပြည်တွင်း မီဒီယာ များ အဆိုအရ ဒီဇယ် တလီတာ လျှင် ၅,၀၀၀ ကျပ် အထိပင် အမြတ် တင် ရောင်းခဲ့သည်ဟု သိရသည်။ မြန်မာနောင်း၏ သတင်းအရ နေပြည်တော်တွင် ဓါတ်ဆီဆိုင် ခြောက်ဆိုင်ခန့် ပိတ်သိမ်းခဲ့ရသည်။ ရဲအရာရှိကြီးများကိုပင် ခွဲတမ်း ဖြင့် တိတိကျကျ ရောင်းချ ပေး‌နေရသည် အထိ ပြတ်လတ်လာနေသည်။

 

ထိုသို့ ဖြစ်လာရခြင်း၏ အဓိက အကြောင်းသည် စစ်တပ်မှ ‌ဒေါ်လာအား "ရည်ညွှန်းဈေး" ဖြင့် ရောင်းချရမည်ဟု သတ်မှတ်ပေးလာမှု ကြောင့် ကျပ်ငွေ တန်ဖိုးသည် ဒလဟော ထိုးကျသွားခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ဒီဇင်ဘာလ အရောက်တွင် စက်သုံးဆီ တင်ပို့နေသူများအား ၎င်းတို့ သတ်မှတ်ဈေး ၂,၁၀၀ ကျပ် ဖြင့် ရောင်းပေးဖို့ ဒေါ်လာ အလုံအလောက် မရှိသည့် အဖြစ်နှင့် ရင်ဆိုင်လာရသည်။ ထိုအချိန်တွင် အပြင်ပေါက်ဈေးသည် ၃,၄၀၀ ကျပ် ဖြစ်လာ၍ လောင်စာဆီဈေးနှုန်းများ ထပ်မံ မြင့်တက်သွားခဲ့သည်။ ဇွန်လ အစောပိုင်းတွင်တော့ ၄,၃၀၀ ကျပ် အထိ ဖြစ်လာခဲ့သည်။

 

ကုလ ၏ Comtrade အချက်အလက်များ နှင့် အခြား သတင်းအရင်း အမြစ်များကို ကြည့်မည်ဆိုလျှင် လောင်စာဆီ သည် ဗိုလ်ချုပ်ကြီးများ အတွက် မရှိမဖြစ် လိုအပ်နေသည် ဆိုသည်မှာ သိသာ ထင်ရှားလာရသည်။ ၂၀၂၃ တနှစ်တည်းမှာပင် ဒီဇယ် နှင့် ဓါတ်ဆီ အတွက် ဒေါ်လာ ၅.၅ ဘီလီယံ အထိ သုံးစွဲခဲ့ရပြီး စုစုပေါင်း သွင်းကုန် တန်ဖိုး၏ ၃၂ ရာနှုန်းအထိ ရှိလာခဲ့ရသည်။

 

စွမ်းအင် အတွက် သွင်းကုန် တန်ဖိုးသည် သဘာဝ ဓါတ်ငွေ့ တင်ပို့ရာမှ ရသည့် ငွေထက် များစွာ ကျော်လွန်လာသည်။ ၂၀၂၃ တွင် ထိုင်း နှင့် တရုတ်သို့ တင်ပို့ ရောင်းချငွေ ပမာဏ သည် ဒေါ်လာ ၃.၉ ဘီလီယံ ပတ်ဝန်းကျင်ခန့် ရှိခဲ့ပြီး တနိုင်ငံလုံး ကုန်ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်း လည်း ဖြစ်သည်။

 

ထိုင်း နှင့် တရုတ် နိုင်ငံများမှ ရရှိသော တရားဝင် စာရင်း ဇယားများအရ မြန်မာ၏ ဒုတိယ အများဆုံး ဝင်ငွေ ရရာ ဖြစ်သည့် ဓါတ်ငွေ့ တင်ပို့ ရောင်းချမှုသည် ယခုနှစ် တွင် ဒေါ်လာ ၃.၃ ဘီလီယံ အထိ ကျဆင်းသွားမည်ဟု ခန့်မှန်း၍ ရနေသည်။ ထို အခြေအနေ ကို ပို၍ ဆိုးလာ‌ စေသည်က ရွှေ၊ ရတနာ၊ ရဲတံခွန် နှင့် ဇောတိက ဓါတ်ငွေ့တွင်း များမှ ထုတ်လုပ်မှု ကျဆင်းလာတော့မည်ဟု ခန့်မှန်းထားချက်များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ထိုသို့ ကျဆင်းလာမှု ကြောင့် ထိုင်း-မြန်မာ ဆက်ဆံရေးသည်လည်း ယခင်ကလို သဟဇီဝ ဖြစ်နေတော့မည် မဟုတ်ပေ။

 

မြန်မာ စစ်တပ်၏ စက်သုံးဆီများကို ပြည်ပမှ တင်သွင်း နေရမှု အပေါ် အမှီဟဟဲ ပြုနေရမှု အား နောက်ထပ် အန္တရာယ် ကျရောက်လာစေသည်က ဒုတိယ အာချီလီ သံဖနောင့် ဟု ပြော၍ ရသည့် ရန်ကုန် ၏ တောင်ဖက် ၁၆ ကီလိုမီတာ အကွာတွင် ရှိသည့် သီလဝါ ဆိပ်ကမ်းပင် ဖြစ်သည်။

 

စက်သုံးဆီများ အတင်အချ လုပ်သည့် သီလဝါ သည် မြန်မာပြည် အနေအထားအရ အကြီးဆုံး ဆိပ်ကမ်း ဟု ပြော၍ ရပေသည်။ စစ်တပ်၏ စွမ်းအင် လိုအပ်ချက် အတွက် အရေးပါလှသော အသက်သွေးကြောကြီးလည်း ဖြစ်သည်။ ရက်ပေါင်း ၉၀ မှ ၁၅၀ အထိ လုံလောက်သည့် စက်သုံးဆီ ပမာဏ ကို သိုလှောင် ထားနိုင်စွမ်း ရှိနေသည်။

 

မြိတ် ဖက်တွင်လည်း ဆိပ်ကမ်းငယ်တခု ရှိပြီး မှောင်ခို အရောင်းအဝယ်များ တင်းကြမ်းပြည့် နေသည်။ သို့သော် သီလဝါသည် ပေါင်းခံ ချက်လုပ်ပြီးသား ရေနံထွက်ကုန် အားလုံး သိုလှောင်ရာ တခုတည်းသော နေရာ ဖြစ်သည်၊ ထိုအထဲတွင် ဒီဇယ် နှင့် ဓါတ်ဆီများသာမက ယခင် ပူးမား ဆိပ်သို့ သွားသည့် လေယာဉ်ဆီများလည်း ပါဝင်နေသည်။

 

ယမန်နှစ်က ထုတ်ပြန်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အစီရင်ခံစာထဲတွင် လေယာဉ်ဆီ တင်သွင်းမှု ပိတ်ဆိုရေးနှင့် ပတ်သက်၍ ဖေါ်ပြရာတွင် "နိုင်ငံခြား ကုမ္ပဏီများ သည် A1 လေယာဉ်ဆီများအား အရပ်သုံး လေကြောင်းလိုင်းများ အတွက်သာ ရောင်းချပေးနေသည်ဟု အလွယ်တကူ ပြော၍ မရတော့၊ စစ်တပ်သည် ၎င်းတို့ အလိုရှိသလို supply chain တခုလုံးအား ထိန်းချုပ်ထားနိုင်ခြင်းကြောင့် ဖြစ်သည်" ဟု ပါရှိခဲ့သည်။ လေယာဉ်ဆီသည် သီလဝါရှိ လှောင်ကန် ကြီးထဲ ရောက်သွားချိန်တွင်တော့ စစ်လေယာဉ် များထံ ရောက်မရောက် ဆိုသည်ကို မည်သူမျှ တပ်အပ် သေချာ မပြောနိုင်တော့ပေ။

 

ယခုနှစ် အစီရင်ခံစာတွင် ၂၀၂၂-၂၃ အတွင်း တိုက်ရိုက် ရောင်းချနေမှု အား စုစုပေါင်း ကီလိုတန်ချိန် ၆၇ တန် အား ဗီယက်မှ တဆင့် ခုနှစ်ကြိမ် ခန့် တင်သွင်းလာခြင်း ဖြင့် အစားထိုးလာခဲ့သည်ဟု ဖေါ်ပြထားသည်။ ဗီယက်နမ်သို့ ပို့ပေးသည့် ကုမ္ပဏီသည် ဒူဘိုင်း တွင် အ‌ခြေစိုက် ပြီး စင်္ကာပူ တွင် ရုံးခွဲ ရှိသည့် BB Energy Asia ဖြစ်သည်ဟု သိရသည်။

 

စစ်ကောင်စီသည် ထိုသို့ သတင်းများ ထွက်လာသော်လည်း စိုးရိမ်ခြင်း မရှိ၊ ဒေသတွင်း ၎င်းတို့ အတွက် လုပ်ပေးမည့် မဟာမိတ်များ ရှိနေသော ကြောင့် ဖြစ်သည်။

 

ရေနံ ထွက်ကုန်များ မြန်မာပြည်သို့ တင်ပို့နေခြင်းသည် ဒဏ်ခတ် ပိတ်ဆို့မှု များထဲ မပါ၍ ပြောင်ပြောင် တင်းတင်းပင် တင်ပို့နေကြသည်။ နိုင်ငံခြား ကုမ္ပဏီ တခုသည် အနောက်နိုင်ငံများမှ စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ထားသော အဖွဲ့အစည်း တခု၊ လူ ပုဂ္ဂိုလ် တဦးတယောက် နှင့် စီးပွားရေး အရ ဆက်သွယ် ဆောင်ရွက်လျှင် ၎င်းတို့၏ ပိတ်ဆို့ဒဏ်ခတ်ထားမှု ကို ဖေါက်ဖျက်ရာ ကျသည်။

 

အနောက်တိုင်း ၏ ဒဏ်ခတ်မှု ပုံစံသည် ချင့်ချင့်ချိန်ချိန် လုပ်ခြင်းမျိုး ဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီ များ၊ အိမ်နီးခြင်း နိုင်ငံများကို ပစ်မှတ်ထားခြင်းမျိုး မရှိသေးပေ။

 

ဒီဇယ် နှင့် ဓါတ်ဆီများကို စင်္ကာပူ မှ ရေနံတင် သင်္ဘော အစီး ၅၀ ခန့် ဖြင့် သီလဝါ ဆိပ်ကမ်းသို့ သယ်ယူ ပေးခဲ့သည်။ ထိုမှတဆင့် သီလဝါရှိ လှောင်ကန်ကြီး ရှစ်ခု ထဲသို့ လောင်းထဲ ပေးသည်။

 

မြန်မာ တွင် အဓိက တင်ပို့ နေသည့် ကရိုနီ ကုမ္ပဏီများသည် ရောင်းချနေသည့် ကုမ္ပဏီကြီးများထံမှ မည်သူထံ ရောက်မည်ကို သိသိကြီးနှင့် အဘယ်ကြောင့် ကင်းရှင်းကြောင်း ပါမစ် ရနေလဲဆိုသည့် မေးခွန်းပင် ဖြစ်သည်ဟု လောင်စာဆီ ဖြန့်ဖြူးရေး ဖက်မှ အတွင်းလူ တဦးက နစ်ကီအေးရှား အား ပြောပြခဲ့သည်။

 

၂၀၂၃ ဖေဖေါ်ဝါရီ လ တွင် ထွက်ရှိခဲ့သော Global Witness အစီရင်ခံစာတွင် လေယာဉ်ဆီများအား ပိတ်ဆို့ အရေးယူမည် ဆိုက နိုင်ငံတွင်းရှိ လေကြောင်း လုပ်ငန်းများ လုံးဝနီးပါး ရပ်ဆိုင်းသွားမည်ဟု ဖေါ်ပြထားသည်။

 

မြန်မာသည် A1 ဂျက် လေယာဉ်ဆီကို အရပ်ဖက် လေကြောင်းလိုင်း အတွက် အသုံးပြု နေပြီး မြန်မာ လေတပ် အတွက်မူ လေယာဉ်ချင်း စီးချင်းထိုးရန် နှင့် အမြင့်မှ ပျံသန်းရန်လည်း မလိုအပ်၍ နောက်ဆုံးပေါ် အရည်အသွေး ကောင်း ဂျက် လေယာဉ် ဆီများ မလိုအပ်။ ဗုံးကြဲ ချဖို့ နှင့် ကင်းထောက်ပျံသန်းရန် အတွက်သာ သုံးရန် လိုသည်။

 

ပြည်တွင်း လေကြောင်းသွားလာမှု လျော့ကျ ထိခိုက်သွားမည့် အရေး သည် ၎င်းတို့၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် ဆုံးရှုံးခံရမည့် အသက် များ နှင့် ချိန်‌ဆ စဉ်းစားရမည် ဖြစ်သည်။ လက်ရှိတွင်တော့ အရေးမယူပဲ ဆက်နေသွားမည် ဆိုက လူအသက်များ ဆုံးရှုံးရမည့် ဘေးသည် လေယာဉ် ဆီ တင်သွင်းမှု ပိတ်ပင်သည်အတွက် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာမှု များထက် အဆမတန် မြင့်မားနေသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

 

စစ်ကောင်စီ အဖို့ အက်ကြောင်းများက နက်ရှိုင်းလာနေပြီ ဖြစ်သည်။ နောက်ထပ် အာချီလီ သံဖနောင်ကြီး တခုက စင်္ကာပူကို မှီခိုနေရမှု ပင် ဖြစ်သည်။ စင်္ကာပူ အား စွမ်းအင် အတွက်သာ မက ဘဏ်လုပ်ငန်းများ၊ ကုန်သွယ်ရေး ဆိုင်ရာ ငွေပေးငွေယူ များ အတွက်ပါ ဆက်ဆံနေရသည်။

 

သို့သော် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှု များသည် ၎င်းတို့ အတွက် ပြဿနာများ ထူပြောလာမည် ဆိုက စင်္ကာပူ သည် ၎င်းတို့ ၏ ပုံရိပ် နှင့်ဂုဏ်သိက္ခာထိခိုက်မည့် အရေးကို ပို၍ စိုးရိမ်လာမည် ဖြစ်သည်။ ဇွန် ၂၆:တွင် ထုတ်ပြန်ခဲ့‌သော ကုလ အထူးစုံစမ်းရေး တာဝန်ခံ တွန်အင်ဒရူးမှ ယခုအခါ ထိုင်း ဘဏ်များ ပို၍ ပတ်သက်လာနေပြီဟု ၎င်း၏ အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။

 

စင်္ကာပူသည် အာဏာသိမ်း အဖွဲ့ အား မည်သို့ မည်ပုံ ဆက်ဆံရမည် ဆိုသည်နှင့် ပတ်သက်ပြီး ကွဲပြားသော ခံယူချက် မျိုး ရှိနေသည်။ လက်ရှိ ဘဏ်လုပ်ငန်း များ၊ ငွေကြေး ခဝါချမှု များ မှ နေ ပြဿနာ၏ အခေါင်အဖျား ဖြစ်လာသော ဂျက်လေယာဉ်ဆီ အရေး တွင် မည်မျှ အတိုင်းအတာ အထိ လုပ်ဖို့ ရှိသည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ပြီး ၎င်းတို့ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ဖို့ သိပ်မရှိလှဟု ဝါရှင်တန် ရှိ နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက ဆိုသည်။

 

ယမန်နှစ် ဇူလိုင် ၃ ရက်နေ့ က စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရှစ်ရှနန်သည် မြန်မာသို့ စစ်ဖက် နှင့် အရပ်ဖက် နှစ်မျိုး သုံး၍ရသည့် ပစ္စည်းများ တင်ပို့နေမှု အပေါ် မေးမြန်းသည်ကို ဖြေကြားရာတွင် စင်္ကာပူ အစိုးရ အနေဖြင့် မြန်မာ အပေါ် ကုန်သွယ်ရေး ပိတ်ဆို့ ဖို့ မရှိဟု ရှင်းလင်းစွာ ပြောဆိုသွားခဲ့ပြီး ဖြစ်သည်။

 

စစ်ကောင်စီ သည် ပြည်ပနိုင်ငံများ နှင့် ဆက်ဆံရာတွင် ဒဏ်ခတ်ခံထားရသော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အား ခြေရာ‌ ဖျောက် နိုင်အောင် ကြိုးပမ်းလာခဲ့သည်။ လိုအပ်သလို ဗန်းပြနိုင်ရန် အတွက် ကုမ္ပဏီအသစ်များ အမြဲလိုပေါ်ထွက်လာခဲ့သည်။ အများပြည်သူ ဝင်ရောက် ကြည့်ရှု နိုင်သည့် ကုမ္ပဏီ မှတ်ပုံတင်စာရင်းကိုလည်း ၂၀၂၂ စက်တင်ဘာလ တွင် ပိတ်ပစ်ခဲ့သည်။

 

ဘဏ်များထက် ရေကြောင်း အာမခံ ကုမ္ပဏီများကို ပစ်မှတ်ထား ဒဏ်ခတ်ရန် အဘူဇာက အကြံပြုလာခဲ့သည်။ အာမခံ မရှိက ရေနံတင် သင်္ဘောများ အနေဖြင့် ဆိပ်ကမ်းများသို့ ဝင်ရောက်နိုင်ခွင့် မရှိပေ၊ ရေနံများ ဖိတ်လျံလာပါက ကုန်ကျစရိတ်များပြား မည့် အရေးကြောင့် ခွင့်မပြုခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင် ကနေဒါ တနိုင်ငံတည်းသာ မြန်မာသို့ လေယာဉ်ဆီ သယ်ဆောင်မည့် သင်္ဘောများအား အာမခံ ပေးခြင်းကို ပိတ်ပင်ထားသည်။ အင်္ဂလန် နှင့် အီးယူ နိုင်ငံများက ခွင့်ပြုနေဆဲ ဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး နှင့် Global Witness တို့၏ အစီရင်ခံစာ များတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(၂၀၂၄ ဇူလိုင် ၃ ရက်နေ့ နစ်ကီအေရှား ရီဗြူးတွင် ပါရှိသည့် ‌ဒိုမိနစ် ဖေါဒါ၏ "Myanmar's reliance on imported fuel squeezes military as civilians suffer" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)