အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုဖြစ်ပြီ

by Hla Soewai - Mar 01 2020

ယနေ့ ဖေဖေါ်ဝါရီ ၂၉ ရက်တွင် အမေရိကန် အထူး သံတမန် ဇာမေး ခါလီဇက် နှင့် တာလီဘန် သဘောတရားရေးရာ အကြီးအကဲ မူလာ အဗ္ဗဒူ ဂါနီ ဘာရာဒါ တို့ နှစ်ဦးသည် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို ရှေ့တွင် ငြိမ်းချမ်းရေး စာချုပ် အား ဒိုဟာ တွင် လက်မှတ်ထိုးခဲ့ကြခြင်းဖြင့် ၁၈ နှစ်ကြာ အမေရိကန် နှင့် ဖြစ်ပွားနေသော စစ်ပွဲ အမှန်တကယ် အဆုံးသတ် သွားတော့မည်လောဟု တွေးတောစရာ ဖြစ်လာခဲ့ရသည်။

 

 

သို့သော် သေချာသည်မှာ အမေရိကန် တို့ အာဖဂန်နစ္စတန် စစ်ပွဲကို မနိုင်တော့ဟု ဝန်ခံခြင်းနှင့် အတူ နိုင်ငံတွင်း လစ်ဘရယ် ဒီမိုကရေစီ စနစ် တည်ထောင်ရန် ကြိုးပမ်းမှုများ စွန့်လွှတ်လိုက်ပြီ ဆိုခြင်းပင် ဖြစ်နေသည်။

 

အမေရိကန်တို့ ဆင်နွှဲခဲ့သော ပြည်ပ စစ်ပွဲများတွင် အရှည်ကြာဆုံး ဖြစ်ခဲ့ရပြီး စစ်သည် ၂,၅၀၀ ကျော် ကျဆုံးခဲ့ရမှုနှင့်အတူ အမေရိကန် အခွန်ထမ်း ပြည်သူ တို့ စစ်စရိတ် ဒေါ်လာ တစ် တြီလီယံ နီးပါး ကျခံပေးခဲ့ရပြန်သည်။ အာဖဂန်နစ္စတန် တို့ အဖို့ ပို၍ ထိခိုက်နစ်နာခဲ့ရသည့်အပြင် နှစ်စဉ် အရပ်သား ၃,၅၀၀ သေဆုံးခဲ့ရပြီး အာရှတွင် အဆင်းရဲဆုံး နိုင်ငံအဖြစ် ရုန်းကန်ခဲ့ကြရသည်။

 

သဘောတူညီချက်အရ တာလီဘန်တို့ ဘက်မှ အယ် ကိုင်ဒါ ကဲ့သို့ ပြည်ပ အကြမ်းဖက်သမားများကို လက်ခံခိုလှုံခွင့် မပေးရန် ဖြစ်ပြီး အာဖဂန် နိုင်ငံရေး သမားများနှင့် ပြည်တွင်းစစ် ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်မည်ဟူသော ကတိတည်ခဲ့လျှင် အမေရိကန်တပ်သား ၁၂,၀၀၀ ကို ၁၄ လ အတွင်း လုံးဝဥသုံ ရုပ်သိမ်းပေးသွားမည်  ဖြစ်သည်။ ပထမ ရက်ပေါင်း ၁၃၅ ရက်အတွင်း အမေရိကန် နှင့် မဟာမိတ်တို့၏ တပ်အင်အားကို ၈,၀၀၀ အထိ လျော့ချပေးသွားရမည် ဖြစ်ပြီး ဖမ်းမိထားသော တာလီဘန် အကျဉ်းသား ၅,၀၀၀ နှင့် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် ၁,၀၀၀ ကို မတ်လ ၁၀ ရက်နေ့တွင် အလဲအလှယ် စတင်ပြုလုပ်ရမည် ဖြစ်သည်။ ထို့အပြင် တာလီဘန် တို့အပေါ် အမေရိကန်တို့ ပိတ်ဆို့ ဒဏ်ခတ်ထားမှုများကို ဖယ်ရှားပေးရမည့် အပြင် အလားတူ ကုလသမဂ္ဂမှလည်း ဖယ်ရှားပေးရန် အမေရိကန်တို့ဖက်မှ စီစဉ်ပေးရမည် လည်း ဖြစ်သည်။

 

ထိုအတောအတွင်း တာလီဘန်တို့ ၏ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝ ရပ်ဆိုင်းရေး ကို အမေရိကန်တို့ အရမယူ နိုင်ခဲ့ပြီး  သိသိသာသာ လျော့ချသွားမည်ဟူသော ကတိသာ ရရှိခဲ့သည်။ လောလောဆယ်တွင် အိုစမာ ဘင်လေဒင် လို အကြမ်းဖက်သမားကြီးအား ခိုလှုံခွင့်ပေးခဲ့ပြီး နိုင်ငံအားလည်း ရက်စက်ကြမ်းကြုပ်လှသည့် အစွန်းရောက် အစ္စလမ် ဝါဒ နှင့် အုပ်ချုပ်ခဲ့သည့် အဖွဲ့ နှင့် မရေမရာ နိုင်လှသော စည်းကမ်းချက်များအပြင် အနာဂတ် တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက် စီမံခန့်ခွဲရန် ပါ လိုက်လျောပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

 

 

သို့သော် သွေးထွက်သံယိုမှုများ ချုပ်ငြိမ်းသွားပြီး အာဖဂန် ပြည်သူတို့ ဘဝ တိုးတက်မှုများ ရရှိလာမည်ဆိုလျှင် ထိုက်တန်သည်ဟု ဆိုရမည် ဖြစ်သည်။ ဤသည်ကလည်း နှစ်ဖက်စလုံး ရိုးသားမှု အမှန်တကယ် ရှိမရှိ နှင့် အလေးအနက်ထားမှု ရှိမရှိ အပေါ် တည်မှီနေပြန်သည်။ တာလီဘန် သည် ငြိမ်းချမ်းရေး ကို လိုလားချင်ဟန် ဆောင်ပြီး အမေရိကန်တပ်များ ထွက်ခွာသွားသည်နှင့် တိုင်းပြည်အာဏာကို လက်နက်ပြ သိမ်းယူဖို့သာ လိုလားနေသည်ဟု အချို့က စိုးရိမ်မကင်း ဖြစ်လျက် ရှိနေသည်။

 

ဒေါ်နယ် ထရန့်သည် တဖက်မှာ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ၎င်း၏ နိုင်ငံခြားရေး မူဝါဒ ‘အောင်ပွဲ’ အဖြစ် ပေးထားသော ကတိအတိုင်း အမေရိကန်တပ်များ ပြန်လည် ခေါ်ယူ နိုင်ခဲ့ပြီဟု ကြုံးဝါး နိုင်သော်လည်း တဖက်တွင် တာလီဘန်တို့ အပေါ် သံသယ မကင်း ဖြစ်နေသည်ကိုလည်း တွေ့ရပြန်သည်။ “ဆိုးဆိုးဝါးဝါး ဖြစ်လာခဲ့လျှင် တခါဘူးမျှ မကြုံဖူးသည့် အင်အားမျိုးဖြင့် မိမိတို့ ပြန်လာမည် ဖြစ်ကြောင်း” ပြောခဲ့ပြန်သည်။

 

မည်သို့ပင်ဆိုစေ ဒိုဟာ သဘောတူညီချက်သည် အမေရိကန်တို့ အရှက်တကွဲ နှင့် အရေးနိမ့်သွားခဲ့ခြင်းကို ဝန်ခံသည့် ပြရုပ် အဖြစ်သာ ယူဆခြင်း ခံခဲ့ရပေသည်။ ထို့အပြင် အာဖဂန်နစ္စတန် အတွက် ဒုက္ခပင်လယ်ဝေစရာ ဖြစ်လာနိုင်ပြန်သည်။ ပြည်တွင်းစစ်ပွဲ အရှိန်မြင့်လာသည်နှင့်အမျှ အမေရိကန်တို့ မရှိသည်ကို အခွင့်ကောင်းယူကာ ဒေသတွင်းသို့  အင်အားကြီး နိုင်ငံများက သူ့ဘက်ကိုယ့်ဘက် လက်နက်များ အပြိုင်အဆိုင် သွတ်သွင်း ထောက်ပံ့လာနိုင်ဖွယ် ရှိနေသည်။ တာလီဘန်တို့ မှလည်း ကျောင်းများတွင် အမျိုးသမီးများ စာသင်ကြားမှုအား ပိတ်ပင်ခြင်း၊ တေးဂီတ များ ပိတ်ပင်ခြင်း နှင့် အိမ်ထောင်ရေး ဖေါက်ပြန်သူများအား ကျောက်ခဲများနှင့် ထုသတ်ခြင်းများ ပြန်လည် ပြုလုပ်လာနိုင်မည့် အလားအလာများလည်း ရှိနေသည်။

 

အမေရိကန်တို့ လုပ်နိုင်သည့်  နည်းမှာ တပ်များ ရုပ်သိမ်းခြင်းအား တဖြေးဖြေး နှင့် ပြုလုပ်သွားရန် ၊ တာလီဘန်တို့ ခေါင်းထောင်လာပြန်က ရုပ်သိမ်းနေခြင်းကို ရပ်တန့်ပြစ်ရန် ၊ လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေစဉ် အာဖဂန် လေပိုင်နက်အတွင်း စစ်လေယာဉ်များ အဆက်မပြတ် ပျံသန်းနေပြီး တာလီဘန် ထိုးစစ်ကြီး စတင်လာမည့် အရေးကို ဟန့်တားရန်ပင် ဖြစ်သည်။

 

အမေရိကန် အနေဖြင့် အာဖဂန် နိုင်ငံရေး တွင် တက်ကြွစွာ ပါဝင် ပတ်သက်နေခြင်းဖြင့် တာလီဘန် နှင့် လက်ရှိအစိုးရတို့ အကြား အကျိုးတစုံတရာ ဖြစ်ထွန်းသည့် ရလဒ်များ ထွက်ပေါ်လာအောင် ဖန်တီးပေးရမည် ဖြစ်သည်။

 

လက်ရှိ အာဖဂန် အစိုးရတွင် မည်သူက ရွေးကောက်ပွဲ အနိုင်ရသည်ကိုပင် ရှင်းရှင်းလင်းလင်း မသိနိုင်အောင် အငြင်းပွားနေဆဲပင် ဖြစ်သည်။ ထို့အတွက် အငြင်းပွားနေသော နိုင်ငံရေး သမားများ အား အမေရိကန် အနေဖြင့် မဖြစ်မနေ စည်းလုံးလာကြရန် ၊ ၎င်းတို့ တာလီဘန် နှင့် ရခဲ့သော သဘောတူညီချက်များကို လိုက်လျောပေးရန်၊ အတင်းအကျပ် တိုက်တွန်းဘို့ လိုအပ်နေပြန်သည်။

 

လက်ရှိ ငြိမ်းချမ်းရေး စာချုပ်သည် အဆုံး၏ အစသာ ရှိသေး၍ အမေရိကန်တို့ အနေဖြင့် တာလီဘန်တို့ လက်နက်များ စွန့်လွှတ်သည့်အထိ သတိကြီးစွာဖြင့် ဆက်လက် စောင့်ကြည့်နေမှသာ ဖြစ်ပေမည်။

 

ကိုးကား။  ။ The Economist / BBC