ဟံသာဝတီ လေဆိပ် တည်ဆောက်ရေး ဂျပန်-မြန်မာ ဖက်စပ် လုပ်ရန် စတင်ရန် ရှိနေ

by Hla Soewai - Jul 10 2019

ရင်းနှီး မြုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်တည်ဆောက်ရေး စီမံကိန်း အား ဂျပန် နှင့် မြန်မာ တို့ ဖက်စပ် တည်ဆောက်သွားကြရန် ဆွေးနွေးပွဲများ ပြန်လည် စတင်နေပြီ ဖြစ်သည်။

အဆိုပါ စီမံကိန်း အတွက် အသေးစိတ် ရေးဆွဲထားသည့် ပုံစံ ပေါ် မြန်မာ နှင့် ဂျပန် အစိုးရတို့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်ဟု မြန်မာ တိုင်းမ်တွင် ဖေါ်ပြထားသည်။

အဆိုပါ လေဆိပ်တည်ဆောက်ရေး အတွက် မြန်မာ့လေကြောင်း ဦးစီးဌာနမှ ဧက ၈၉၀၀ ခန့် သတ်မှတ်ပေးမည် ဖြစ်သည်။ ထို့အပြင် အမြန်လမ်း နှင့် မီးရထား လမ်း ကွန်ယက်တို့နှင့်ပါ ချိတ်ဆက်မိရန် ထပ်မံ အဆင့်တိုးမြှင့်သွားမည်ဟု လည်း သိရသည်။

ပဲခူး နိုင်ငံတကာ လေဆိပ်အား ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်း နေရာဖြစ်သော ပဲခူး မြို့ အနီး ကျောက်တိုင်ကန်ကျေးရွာ တွင် တည်ဆောက်မည် ဖြစ်သည်။

အဆိုပါ ပရိုဂျက်အား အစိုးရမှ ဦးစားပေး အဆင့် သတ်မှတ်ပြီး အမြန်ဆုံး စတင်ရန် ပံ့ပိုးပေးသွားမည်ဟု ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အထက်တန်း အရာရှိများက မြန်မာ တိုင်းမ် ကို ပြောပြခဲ့ကြောင်း သိရသည်။

တင်ဒါ အောင်မြင်သွားပါက လက်မှတ်ထိုးပြီး ၂၀၂၀ အတွင်း အမြန်ဆုံး စတင်တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

နာရီတာ နိုင်ငံတကာ လေဆိပ် ကော်ပိုရေးရှင်း မှ တင်ဒါ တင်သွင်းမည် ဖြစ်သည်။

ရန်ကုန် လေဆိပ်သည် ၂၀၂၀ အတွင်း ခရီးသည်များ နှင့် မမျှ ဖြစ်လာရန်ရှိနေ၍ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကို မဖြစ်မနေ ဆောက်လုပ်ပေးရဖို့ ရှိနေသည်။

ယခု လောလောဆယ်တွင် လေယာဉ် အစီးပေါင်း ၇၀ ခန့် ပဲခူးတိုင်း ဒေသကြီး ပေါ်တွင် နေ့စဉ် ပျံသန်းလျက် ရှိနေပြီး လေဆိပ်ကြီး နှင့် အတူ ပဲခူး နှင့် ရန်ကုန်အကြား ဆက်သွယ်ရေး လမ်းကြောင်းများ တိုးတက်လာမည် လည်း ဖြစ်သည်ဟု ပဲခူး တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးညွှန့်ရွှေက ပြောသည်ဟုလည်း ဖေါ်ပြထားသည်။

မြန်မာ မှ ဂျပန် အစိုးရ ချေးငွေ ဖြင့် ကုန်ကျစရိတ် ၅၀% ကို စိုက်ထုတ်ကျခံမည် ဖြစ်ပြီး ပြီးစီးသွားပါက တနှစ်လျင် ခရီးသည် အနည်းဆုံး ၁၀ သန်း ခန့် လက်ခံ သွားနိုင်မည် ဟု မျှော်လင့်ထားသည်။

စင်္ကာပူ Yongnam Holdings နှင့် မြန်မာ လေကြောင်းဦးစီးဌာန တို့ အဆိုပါ လေဆိပ် တည်ဆောက်ရေး အတွက် ၂၀၁၆ ဖေဖေါ်ဝါရီလ တွင် ချုပ်ဆိုခဲ့သော Framework Agreement သည် ပျက်ပြယ်သွားပြီဟု Yongnam မှ ၂၀၁၈ ဖေဖေါ်ဝါရီ လ တွင် ကြေငြာခဲ့ပြီးလည်း ဖြစ်သည်။

လောလောဆယ် တွင် ဟဲဟိုး၊ မော်လမြိုင် နှင့် ကော့သောင် လေဆိပ်များ တည်ဆောက်ရေး အတွက် တင်ဒါများ ခေါ်ယူထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

မူဆယ် လေဆိပ် တည်ဆောက်ရေး အတွက် တင်ဒါများ ခေါ်ယူခဲ့ပြီး ကုမ္ပဏီ ၆ ခု ကို ရွေးချယ်ခဲ့ပြီးလည်း ဖြစ်သည်။