မြန်မာ စစ်တပ်မှ လက်နက်များ ဆက်၍ ရနေသည့် အတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် ယခုထက် ပို၍ အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသည်ဟု မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး တာဝန်ခံ တွန် အင်ဒရူး၏ "Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar" သေမင်းတမန် ကုန်သွယ် ရေး နှင့် ဆက်စပ် နေသော ဘဏ်လုပ်ငန်း များ" ဟု ခေါင်းစဉ်တပ်ထား သော အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။
အဓိက တရားခံ အဖြစ် ထိုင်း ကုမ္ပဏီများသည် အာဏာသိမ်း အဖွဲ့ အား လက်နက်များ ဝယ်ယူနိုင်အောင် နိုင်ငံတကာ ဘဏ်လုပ်ငန်း များ ချိတ်ဆက်ပေးနေသည်ဟု ဖေါ်ပြထားသည်။
ထိုအစီရင်ခံစာကြောင့် မြန်မာ့ အရေး အား ဖြေရှင်းသွားရန် ဦးစားပေး ဆောင်ရွက်သွားမည် ဆိုသော ထိုင်း၏ မူဝါဒ အပေါ် ယုံကြည်မှု ကင်းမဲ့စရာ ဖြစ်လာ၍ ထိုင်း အစိုးရ အနေဖြင့် မှိန်းနေ၍ မရတော့ပဲ ၎င်းတို့ စုံစမ်း စစ်ဆေးသွားပါမည် ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့ရသည်။
အနောက်တိုင်း အစိုးရများ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုများ နှင့် နိုင်ငံတကာ ၏ ကြိုးပမ်းခဲ့မှု များသည် မြန်မာ စစ်တပ်မှ လက်နက်များ နှင့် ပြည်တွင်း တွင် ထုတ်လုပ်နေမှု ကို ပံ့ပိုးပေးရာ ရောက်သည့် စက်ပစ္စည်းများ ဝယ်ယူနေမှု ကို လုံးဝရပ်တန့်သွားအောင် မလုပ်နိုင်သည့် တိုင် သုံးပုံတပုံခန့် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ ၎င်း၏ အစီရင်ခံစာထဲတွင် ၂၀၂၂ အတွင်း စုစုပေါင်း ဝယ်ယူ မှု သည် ဒေါ်လာ ၃၇၇ သန်း မှ ၂၀၂၃ တွင် ဒေါ်လာ ၂၅၃ သန်း သာ ရှိတော့သည်ဟု ပါရှိခဲ့သည်။
မြန်မာ စစ်တပ်သည် ထိုသို့ ပိတ်ဆို့ ဒဏ်ခတ်မှု များ ထဲမှ ဂယ်ပေါက်များကို ရှာ၍ ဝယ်ယူ နိုင်ရန် ကြိုးပမ်းလာခဲ့သည်။ အချို့ အစိုးရများက ဟန်ပြသာ လုပ်လိုပြီး တိတိကျကျ လုပ်ပေးလိုစိတ် မရှိမှု ကို အခွင့်ကောင်း အဖြစ် အသုံးချလာခြင်း၊ ၎င်းတို့ အသုံးပြုနေသော ကုမ္ပဏီ များ၊ ဘဏ်များကို တသမတ် တည်း မထားပဲ အမြဲ ပြောင်းလဲ ပစ်ခြင်း မျိုး ဖြင့် ရှောင်လွှဲခဲ့သည်။
၎င်း၏ ယခင် အစီရင်ခံစာကြောင့် စင်္ကာပူ သည် ကုလ အထွေထွေ ညီလာခံ ၏ ဆုံးဖြတ်ချက်အား တိတိကျကျ လိုက်နာရန် ကြီးကြပ်လာမှုကြောင့် ၂၀၂၂ တွင် ဒေါ်လာ သန်း ၁၂၀ မှ ၂၀၂၃ တွင် ဆယ်သန်း အထိ ဖြစ်သွားခဲ့သည်ဟု ဆိုသည်။
သို့သော် ထိုင်းသည် မြန်မာ စစ်တပ်အား လက်နက်များ ရောင်းချမှု ပိတ်ဆို့ ရေး တွင် တိကျ ပြတ်သားသော မူဝါဒ မရှိ၍ ထိုင်း ကုမ္ပဏီများ မှ စစ်တပ်အား လက်နက်များ တင်ပို့ ရောင်းချပေးနေသည့် ပမာဏ သည် ထိုကာလ များ အတွင်း ဒေါ်လာ သန်း ၆၀ မှ ၁၂၀ အထိ ဖြစ်လာ၍ နှစ်ဆ ပင် တိုးလာခဲ့သည်ဟု တွန် အင်ဒရူး၏ အစီရင်ခံစာ တွင် မီးမောင်းထိုးပြလာခဲ့သည်။
ပို၍ ဆိုးဝါးသွားသည်က ဝယ်ယူသည့် လက်နက် ပစ္စည်းများ ထဲတွင် အပြစ်မဲ့ ပြည်သူများကို ပစ်ခတ် တိုက်ခိုက်ရာတွင် သုံးသည့် Mi-17 နှင့် Mi-5 ရဟတ်ယာဉ် အတွက် အပိုပစ္စည်းများများ ပါဝင်နေခြင်းပင် ဖြစ်သည်။
အကယ်၍သာ ထိုင်း အစိုးရသည် စင်္ကာပူ ကဲ့သို့ တုန့်ပြန် လုပ် ဆောင်မည်ဆိုက မြန်မာ ပြည်သူ အများအပြား အသက်ချမ်းသာရာ ရနိုင်မည်ဟု လည်း ဆိုသည်။
နိုင်ငံများ အနေဖြင့် မြ့န်မာပြည်သူ များ ၏ လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ခွင့် ရှိသည် ဆိုသည့် အချက်ကို တလေးတစား ထောက်ခံကြမည် ဆိုက ၎င်းတို့ နိုင်ငံများရှိ ဘဏ် များ နှင့် ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်းများအား မြန်မာ စစ်တပ် လက်အောက်ရှိ ဘဏ်များ နှင့် အဆက်အသွယ် မလုပ်ရန် တိုက်တွန်းပေးဖို့လည်း တောင်းဆိုထားသည်။
ရုရှား နှင့် တရုတ် တို့မှ မြန်မာစစ်တပ် အား လက်နက် ပစ္စည်းများ တင်ပို့နေမှု လည်း ကျဆင်းလာသည်ဟု ထောက်ပြသွားခဲ့သည်။ သို့သော် အပြောင်းအလဲ မရှိ တသမတ်တည်း ဖြစ်နေသည်က အိန္ဒိယ ပင် ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ဖြစ်လာခြင်းသည်လည်း ထို နိုင်ငံများမှ ဝယ်ယူ မှု များအား တရားမဝင် လမ်းကြောင်း၊ နိုင်ငံတကာ ဘဏ်လုပ်ငန်း များ တွင် စာရင်းမဝင်သော ကုမ္ပဏီများကို အသုံးပြုလာ၍ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပါရှိသည်၊။
ထိုသို့ လုပ်လာမှုကို မည်သို့ မျှ မတတ်နိုင်သော်လည်း အင်ဒရူးသည် စစ်ပွဲ ကာလ တလျှောက်လုံး တရားဝင် ကုန်သွယ်ရေး လမ်းကြောင်းများ ဖြင့် စစ်ကောင်စီ ၏ ကုန်ပစ္စည်းများ နှင့် စစ်လက်နက် များ ဝယ်ယူနိုင်ရေး တွင် ပါဝင်နေသည့် ဘဏ် တိုက်ကြီး ၂၅ ခု အား အစီရင်ခံစာ တွင် ဖေါ်ပြထားသည်၊ ဘဏ်များ အနေဖြင့် ၎င်းတို့ ချမှတ်ထား သော စည်းမျဉ်း စည်းကမ်း များ တွင် ပါဝင်သည့် ရာဇဝတ်မှု မကင်းသော လုပ်ငန်းများ၊ စစ်ရာဇဝတ်မှု များ ကျုးလွန်နေမှု များ အား ကူညီပံ့ပိုးခြင်း မလုပ်ရန် ဟူသော အချက်များကို လိုက်နာရန်လိုသည်ဟု ထောက်ပြသွားခဲ့သည်။
အာဏာသိမ်းပြီး ကတည်းက လူပေါင်း ၅,၀၀၀ ခန့် သတ်ဖြတ်ခဲ့ပြီး လူ သုံးသန်းခန့် အား အခြေမဲ့ အနေမဲ့ ဖြစ်အောင် လုပ်ခဲ့ကြသည်သာ မက လူပေါင်း ၂၀,၀၀၀ ခန့်အားလည်း အကျဉ်းထောင်ထဲ ထည့်သွင်း ထားသည့် အကုသိုလ်များ ကျူးလွန်နေသော စစ်ကောင်စီသည် နိုင်ငံတကာတွင် ပို၍ အထီးကျန် ဆန်လာနေပြီ ဆိုသည်က သတင်းကောင်း ပင် ဖြစ်သည်ဟု အင်ဒရူးက ဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် ပြီးခဲ့သည့် လများ အတွင်း မြန်မာ နိုင်ငံ အတွင်း ပဋိပက္ခများ နှင့် လက်နက်များ ပံ့ပိုးနေမှု အား မကြာခဏ ဆိုသလို ထုတ်ဖေါ်ပြောဆိုခဲ့ပြီး လူများ သေဆုံးမှု ဖြင့် ငွေရှာနေသည့် အဖြစ်အား ဆိုးဝါးလွန်းသည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်ဟု အင်ဒရူးက ရည်ညွှန်းပြောဆိုသွားခဲ့သည်။
အင်ဒရူး ၏ အစီရင်ခံစာကြောင့် သက်ဆိုင်ရာ နိုင်ငံများ အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်၊ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆိုပါ အစီရင်ခံစာ နှင့် ပတ်သက်၍ ကြေငြာချက် ထုတ်ပြန်ရာတွင် မြန်မာစစ်တပ်အား လက်နက်များ ရောင်းချ၊ လွှဲပြောင်း မပေးရေးသည် မိမိတို့ အစိုးရ မူဝါဒ ဖြစ်၍ ကုမ္ပဏီ များကို ဆက်လက် စောင့်ကြည့် သွားမည် ဟု ပါရှိလာခဲ့သည်။
ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီးဌာန မှ မိမိတို့ ဘဏ်လုပ်ငန်း နှင့် အဖွဲ့အစည်းများအား စည်းမျဉ်း စည်းကမ်း များ လိုက်နာရန် နှင့် ကုလ အစီရင်ခံစာ အားလည်း စုံစမ်း စစ်ဆေးသွားမည်ဟု ဆိုသည်။
ထိုင်းကုမ္ပဏီများမှ စစ်ကောင်စီ၏ ကာကွယ်ရေး ဝန်ကြီးဌာန အား ပို့ပေးနေသည့် ပစ္စည်းများ ထဲတွင် လေယာဉ် နှင့် ရဟတ်ယာဉ် အပိုပစ္စည်းများ၊ ဝေါကီတော်ကီ၊ ကွန်ပြူတာ ပစ္စည်းများ၊ ဆေး နှင့် ဆောက်လုပ် ရေး ပစ္စည်းများ၊ စက်သုံးဆီ၊ ချောဆီများ ပါဝင်နေသည်။
ထိုအထဲတွင် လူအများ စိတ်ဝင်စားနေသည်က လေယာဉ် ဆီများ တင်သွင်းနေမှု ပင် ဖြစ်သည်။ ထို လေယာဉ် ဆီများအား အရပ်ဖက် တွင် သုံးရန် ဟု စစ်ကောင်စီ အား ပြောနေသော်လည်း ၎င်းတို့တွင် စိတ်ကြိုက် သုံးချင်သည့် နေရာတွင် သုံးခွင့် ရနေသည်။
၂၀၂၃ တွင် မြန်မာဘက်မှ လေယာဉ်ဆီ ရောင်းသည့် ကုမ္ပဏီ နှစ်ခု အား ငွေချေသည် ဒေါ်လာ သန်း ၈၀ အား ကရန်ထိုင်း ဘဏ် နှင့် ကာဆစ်ကွန် ဘဏ် ရှိ အကောင့် များထဲ ထဲ့ပေးသည် ကို တွေ့ရသည်ဟု ဆိုသည်။
အစီရင်ခံစာ ထဲတွင် ထိုင်း ဘဏ် တိုက် ငါးခု ပါဝင်နေပြီး ထိုအထဲတွင် Siam Commercial Bank (SCB) ဘဏ်သည် ထိပ်ဆုံးမှ ပါနေသည်။ ထိုဘဏ်သည်၂၀၂၃ တွင် စစ်ကောင်စီ၏ ကာကွယ် ရေး ဝန်ကြီးဌာန နှင့် ဒေါ်လာ ၅ သန်း အဝင်အထွက် ရှိနေရာမှ ၂၀၂၄ မတ်လ တွင် ဒေါ်လာ သန်း ၁၀၀ အထိ ရှိလာ၍ ဖြစ်သည်။
မြန်မာ စီးပွားရေး ဘဏ်သည် ယခုထိ ပိတ်ဆို့ဒဏ်ခတ်သည့် စာရင်းထဲ မပါသေး၍ အာဏာသိမ်း အဖွဲ့ အတွက် လုပ်စားကိုင်စား၍ ရနေသေးသည်ဟု လည်း အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။
ပိတ်ဆို့ဒဏ်ခတ်နေသည့် အစိုးရများ အနေဖြင့် လေယာဉ် ဆီများ ရောင်းချပေးနေသည့် ကုမ္ပဏီ များကို ထည့်သွင်း အရေးယူမည်ဆိုက နိုင်ငံတွင်း အနေအထားများ လုံးဝ ပြောင်းလဲသွားအောင် နှင့် မရည်တွက် နိုင်သော လူ့အသက်ပေါင်းများစွာ ကို ကယ်ဆယ်ရာ ကျလိမ့်မည် ဟု တွန် အင်ဒရူးက ဆိုသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!