မန္တလေး နှင့် မိုင် နှစ်ဆယ် အကွာတွင် တိုက်ပွဲများ ပြင်းထန်နေ

by Hla Soewai - Jul 02 2024

မန္တလေး မြောက်ဖက် မိုင် နှစ်ဆယ် အကွာရှိ မတ္တရာ မြိုတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း အဖြစ် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA နှင့် ညီနောင် သုံးဖေါ် မဟာမိတ်တပ်ပေါင်းစု၊ မတ္တရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ၊ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဓနု ပြည်သူ့ လွတ်မြောက်ရေး တပ်၊ မြောက်ပိုင်း ရှမ်းပြည်နယ် မဟာမိတ်တပ် တို့ ပူးပေါင်း ထိုးစစ်ဆင်လျက် ရှိရာ မတ္တရာ အနီးရှိ‌ ၁၀၁၄ လေကြောင်းကာကွယ်ရေး တပ်ရင်း အား အပြီးအပိုင် သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်ဟု RFA သတင်းတွင် ပါရှိလာသည်။

 

မတ္တရာ စခန်းသည် ရက်အနည်းငယ် အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့‌သော စခန်းပေါင်း ၂၆ ခု တွင် တခု အပါအဝင် ဖြစ်သည်။ 

 

စစ်တပ်သည် မတ္တရာ သို့ မန္တလေးမှ စစ်ကူများ အလုံးအရင်း နှင့် စေလွှတ်နေသည်ဟု သတင်းများက ဆိုသည်။

 

မိုးကုတ် အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား‌လျက် ရှိနေသည်။ အေး ဘုရား တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၁၄၈ နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ ယခုအခါ မိုးကုတ် အနောက်ခြမ်းအား တော်လှန်ရေး တပ်ပေါင်းစုက ထိန်းချုပ် လိုက်နိုင်ပြီဟု သိရသည်။ စစ်ကောင်စီ လေတပ်မှ မိုးကုတ်အား ဗုံးကြဲတိုက်ခိုက်နေပြီ ဖြစ်သည်။

 

တိုက်ပွဲ ဖြစ်ပွားရာ နှင့် အလှမ်းဝေး‌ သော ဘုန်းကြီး ကျောင်းဝင်း အတွင်း သို့ စစ်ကောင်စီ၏ လက်နက်ကြီး ကျည် ကျရောက်လာ၍ သံဃာ သုံးပါး ပျံလွန်တော် မူပြီး နှစ်ပါး ဒဏ်ရာ ရရှိ သွားခဲ့သည်ဟု လည်း သိရသည်။

 

စစ်ကောင်စီ တပ်များ၏ ရမ်းသမ်း ပစ်ခတ်နေမှု များကြောင့် အပြစ်မဲ့ ပြည်သူ ၂၀ ခန့် သေဆုံးခဲ့ရပြီးကျေးရွာ ဆယ်ရွာခန့်မှ ဒေသခံများ အဝတ်တထည် ကိုယ်တခု နှင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

 

နောင်ချို ရှိ စစ်ကောင်စီ တပ်စခန်းများကို သိမ်းယူခဲ့ရာတွင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃၈၀ ကို ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန် ကြေညာခဲ့သည်။

 

စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်ကြောင်းလည်း ထုတ်‌ ဖေါ် ပြောဆိုခဲ့သည်။

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင် တိုက်ပွဲစတင်ဖြစ်ပွားလာ‌ နေ ပြီး ဆင်တောင်မှ စစ်ကောင် စီ တပ်က အမြောက်ဖြင့် လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။ 

 

ဟိုင်ဂင် သဘောတူညီချက် ပျက်ပြားသွားမှု အပေါ် တရုတ် အစိုးရ နှင့် စစ်ကောင်စီဖက်မှ ရေငုံ နှုတ်ပိတ်နေဆဲပင် ဖြစ်သည်။

 

သမ္မတဟောင်း ဦးသိန်းစိန်သည် ဘီဂျင်းတွင် ရောက်ရှိနေသည်၊ နိုင်ငံများ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ မြောက် အထိမ်းအမှတ် အဖြစ် အာရှ-အာဖရိက နိုင်ငံ ခေါင်းဆောင်များ နှင့် အတူ ရောက်ရှိ‌နေခြင်း ဖြစ်ပြီး ဇွန် ၂၈ ရက်က မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုမူကြီး ငါးချက် ပေါ်ပေါက်ရေး အတွက် အဓိက နေရာမှ ပါဝင်ခဲ့သူ ဝန်ကြီးချုပ် ဦးနု ၏ သမီး ဒေါ်သန်းသန်းနု အားလည်း ဖိတ်ကြားခဲ့သည်ဟု သိရသည်။

 

သိသိသာသာ ဂျောင်ထိုးခံခဲ့ရသူ က မင်းအောင်လှိုင် ဖြစ်ပြီး မစ္ဆိယ စိတ်များဖြင့် ‌ဦးသိန်းစိန်အား လေဆိပ်သို့ပင် လိုက်လံ ပို့ဆောင်ခြင်း မရှိသည်ကို တွေ့ရပြန်သည်။

 

လက်ရှိ ဟိုင်ဂင် သဘောတူညီချက် ပျက်ပြားသွားပြီး ၎င်းတို့ အခြေမလှ ဖြစ်လာနေမှ့ ‌အပေါ် စစ်ခေါင်းဆောင် ဟောင်းများ၏ သဘောထားကို တီးခေါက်နိုင်ရန် တရုတ် အစိုးရ တာဝန်ရှိသူများက ဦးသိန်းစိန် နှင့် မဖြစ်မနေ ‌ဆွေးနွေးကြဖို့ ရှိရှိနေသည်။

 

ဦးသိန်းစိန် အဖို့ ၎င်းလေဆိပ် ဆင်းရာ လမ်းတလျောက် တွင် ကတုတ်ကျင်းများ တူးထားပြီး၊ သဲအိပ်များ၊ ကင်းပုန်းများ နှင့် စစ်မှုထမ်းဟောင်းများ၊အရေး အကြောင်းဆိုက လုမည့်ယက်မည့် ပြည်သူ့စစ်အဖွဲ့ ဆိုသူများ ကိုတွေ့မြင်ခဲ့မည်သာ ဖြစ်သည်။

 

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စက် လင်ဒါ သောမတ်စ် ဂရင်းဖီး မှ တွန် အင်ဒရူး၏ အစီရင်ခံစာ နှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်လာသည်။

 

အမေရိကန် ပြည်ထောင်စုမှ ကုလ အဖွဲ့ဝင် နိုင်ငံများ အားလုံး စစ်ကောင်စီအား လေယာဉ်ဆီများ လွှဲပြောင်းပေးနေခြင်းကို ရပ်တန့်ရန် ကုလ အထူးသံ၏ တောင်းဆိုမှု အား အပြည့်အဝ ထောက်ခံသည်ဟု ပါရှိခဲ့သည်။ ကုလ လုံခြုံရေး ကောင်စီ အနေဖြင့်လည်း ဖြစ်နိုင်သမျှ နည်းမျိုးစုံ သုံး၍ ဆိုးဝါးလာနေသော အခြေအနေများကို ဖြေရှင်းပေးရန် လည်း တောင်းဆိုထားသည်။

 

အထက် မြန်မာပြည် တွင် စတင်လာသော သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ် သည် မြို့နယ် ၁၀ ခု ထိ ပူးပေါင်း ပါဝင်လာကာ အရှိန် ရလာပြီဖြစ်ကြောင်း သိရှိရသည်။

 

ပြည်သူများဖက်က ၎င်းတို့ နေ့စဉ်လို ဆွမ်းဆက်ကပ် လှုဒန်းပေးနေကြသည့် သံဃာတော်များ ၎င်းတို့ဖက်မှ ရပ်တည်လာမည့် အရေး ကို မျှော်လင့် နေကြပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် စစ်မြေပြင် တွင် အရှုံးများနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်နေကြရပြီး မဲမဲ မြင်ရာ ရန်သူ ထင်နေကြသည့် ဂယောင်ချောက်ခြား ဖြစ်လာနေ‌သော လက်အောက်ခံ တပ်များကို ရှေ့လျောက်လည်း မည်သို့မျှ ထိန်းသိမ်း နိုင်တော့မည် မဟုတ်၍ ယခုလို အဖြစ်မျိုး ထပ်မံ ကြုံလာရဖို့သာ ရှိပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!