အင်တာနက်အား မည်သို့မည်ပုံ ထိန်းချုပ်ရမည် ဆိုသည်နှင့် ပတ်သက်ပြီး သဘောတူညီချက် မရပဲ ဖြစ်နေချိန်တွင် တဖက်တွင် နည်းပညာများက တဆင့်ပြီး တဆင့် ခုန်ပျံ ကျော်လွှား တိုးတက်လာနေပြီ ဖြစ်သည်။ မဖြစ်နိုင်လောက်ဟု မဆိုလိုသော်လည်း ထိန်းချုပ် နိုင်မည့် အဖွဲ့အစည်းမျိုး နောက်ပိုင်း ပေါ်လာခဲ့လျင်ပင် နည်းပညာ များကို အမှီလိုက် ကြီးကြပ် သွားနိုင်ဖို့ အတော်ကို ခက်ခဲလာမည်သာ ဖြစ်သည်။
နိုင်ငံတကာ အဖွဲ့အစည်း တရပ် ပေါ်လာရန် အစိုးရများခြည်းသာ ပါဝင်ရမည် မဟုတ်ပဲ အင်တာနက် တွင် အဓိက ပါဝင်နေသော ကော်ပိုရေးရှင်းကြီးများကို ပါ ထည့်သွင်း ဖွဲ့စည်းရန် လိုအပ်သည်။ ဆိုက်ဘာရပ်ဝန်း ကို စည်း နှင့် ကမ်းနှင့် ဖြစ်ရေးတွင် တင်းခံ နေမှု များ ရှိလာနိုင်သည့် အတွက် အပေးအယူ များ လည်း ရှိလာမည် ဖြစ်သည်။
ပထမ ဆုံး အငြင်းပွားစရာ ဖြစ်လာရမည်ကား လူတဦးချင်းစီ ၏ ကိုယ်ရေး ကိုယ်တာ များ မချိုးဖောက်စေရ ဟူသည် နှင့် တဖက် တွင် လူများ ဘေးအန္တရာယ် မကျရောက်အောင် ကာကွယ်ဖို့ လိုအပ် နေသည်ဟူ သော အကြောင်းခြင်းရာ နှစ်ရပ် အကြားတွင် ဖြစ်သည်။
အင်တာနက် ဟူသည်ကပင် အချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနိုင်မည့် ဆက်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်နေသည်။ ထို့အတွက် အစိုးရများ အနေဖြင့် လူတဦး မှ အခြားတဦးထံ ပေးပို့သော အကြောင်းခြင်းရာ များအား ၎င်းတို့၏ ရဲအဖွဲ့ နှင့် ထောက်လှန်းရေး အေဂျင်စီများအား မည်သို့သော အခြေအနေမျိုး ကျမှသာ ကြားဖြတ် ကြည့်ရှူ့ခွင့် ပြုမည် ဆိုသည်အပေါ် အဆုံးအဖြတ် ပေးရဖို့ ဖြစ်လာသည်။
ကော်ပိုရေးရှင်း တခုစီအားလည်း မည်သို့သော အချက်အလက်များ စုဆောင်းသိမ်းဆည်း ခွင့် ပြုမည် ဆိုသည့် ပြဿနာပါ ရှိလာခဲ့သည်။
ထိုပြဿနာ များ နှင့် ပတ်သက်၍ မိတ်ဆွေရင်းခြာများ၊ အမေရိကန် နှင့် အီးယူ အဖွဲ့ဝင်များ ကဲ့သို့ မဟာမိတ်များ အကြားတွင် ပင် အကြီးအကျယ် ငြင်းခုံလာခဲ့သည်။ ဥရောပ နိုင်ငံများက နိုင်ငံသားများ ၏ ကိုယ်ပိုင် လွတ်လပ်ခွင့် များကို ယခုထက် ပို၍ ကာကွယ်ပေးသွားရန် နှင့် နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီများကို ကန့်သတ် တားမြစ်မှု များ ပြုလုပ်ပေးရေး ကို ပြောဆိုလာကြသည်။
၂၀၁၈ တွင် အီးယူ သည် General Data Protection Regulation ဆိုသည်ကို ပြဋ္ဌာန်း အကောင်အထည် ဖေါ်လာပြီး ၎င်းတို့နိုင်ငံသားများအား အကာအကွယ် ပေးလာခြင်း နှင့် ယင်းကို ဖောက်ဖျက်သော ဂူဂယ်ကဲ့သို့ အမေရိကန် ကုမ္ပဏီ ကြီးများကို ဒဏ်ငွေများ ချမှတ် အရေးယူလာ ခဲ့သည်။
ဆိုက်ဘာရပ်ဝန်းအား စည်းနှင့် ကမ်းနှင့် ဖြစ်အောင်ထိမ်းကျောင်း ရေးတွင် နိုင်ငံများ ၏ သဘောတူညီမူ ရရေး ကြိုးပမ်းရာတွင် ရွေးချယ်စရာ နည်းလမ်းများ ရှိနေသည်။ အကယ်၍ တရားဝင် သဘောတူညီချက် ထွက်ပေါ်မလာသည့် တိုင် အစိုးရ၏ အကျင့်စရိုက်များ အပေါ် ဩဇာသက်ရောက် နိုင်မည့် အလားအလာများ ထွက်ပေါ် လာဖို့ ရှိနေသည်။
ဟန့်တားရေး ဆိုသည့် သဘောတရား သည် အခြား မလိုလားအပ်သည့် လှုပ်ရှားမှု များ ဥပမာ ဒီမိုကရေစီရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းလာမည့် အရေးကို တားမြစ်ထားရာ ရောက်သည်။ သို့သော် တကယ်တမ်း ဟန့်တားနိုင်ဖို့ သည် အလွန်ပင် ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ဆိုက်ဘာ မှ တိုက်ခိုက်လာခြင်းမျိုးကို အင်အားသုံးပြီး တုန့်ပြန်ဖို့ အထိ မလိုအပ်ပဲ ဖြစ်နေ သော ကြောင့်ပင်၊ ပိတ်ဆို့ ဒဏ်ခတ်မည် ဆိုကလည်း ရည်ရွယ်သလို ဖြစ်လာနိုင်ဖို့က မရေရာလှပေ။ အလွန်အကျွံ မတုန့်ပြန်မိဖို့ နှင့် အန္တရာယ်လည်း မဖြစ်စေမည့် နည်းလမ်းမျိုး ရှာနိုင်ဖို့လည်း မလွယ်ကူ လှပေ။
ထို့အပြင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး ဖြစ်ပြန်၍လည်း ဘယ်နေရာက လာသည် ဆိုသည်ကို အမြဲလို အတိအကျ သိနိုင်ဖို့ မဖြစ်နိုင်၊ ထို့အတွက် လည်း နောက်တကြိမ် မလုပ်ရဲ အောင် ဟန့်တားနိုင်ရေး အတွက် ရည်ရွယ် လက်တုံ့ပြန်၍ မရ ဖြစ်နေသည်။
အကယ်၍ အစိုးရ အဖွဲ့ တဖွဲ့သည် ထိုသို့ ဆိုက်ဘာ တိုက်ခိုက်မှု များ နောက်ကွယ် တွင် မည်သူမည်ဝါ ရှိနေသည်၊ မည်သည့် အဖွဲ့အစည်း များ ပါဝင်ပတ်သက်နေသည်ကို အတိအကျ သိနိုင်ခဲ့မည် ဆိုလျှင်တော့ တုန့်ပြန် နိုင်မည့် နည်းလမ်းများစွာ ရှိနေသည်။
ဥပဒေကို ချိုးဖောက်လာသည့် အတွင် ကျုးလွန်သူများအား ရာဇဝတ်သားများ အဖြစ် အပြစ်ဒဏ် ခတ်နိုင်သည်။ အကြမ်းဖက်သမား များ ဖြစ်နေက ကိုယ်ထိ လက်ရောက် တိုက်ခိုက် ချေမှုန်း ပစ်နိုင်သည်။ နိုင်ငံ တနိုင်ငံ၏ အစိုးရ တဖွဲ့သည် တိုက်ရိုက်သော်၎င်း၊ သို့မဟုတ် လူပုဂ္ဂိုလ် တဦး၊ အဖွဲ့တဖွဲ့အား ကျုးလွန်ရန် အားပေးခြင်းသော်၎င်း ပါဝင် ပတ်သက်နေသည် ဆိုက ထိုနိုင်ငံအား စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ခြင်း၊ စစ်ရေးအရ အရေးယူခြင်း၊ ဆိုက်ဘာနည်းလမ်း ဖြင့် ပြန်လည် တိုက်ခိုက်ခြင်း အစရှိသည့် နည်းလမ်းများ ဖြင့် တုန့်ပြန်နိုင်ပေသည်။
အခြားနည်းလမ်းများသည်က မိမိတို့ အသုံးပြုနေသည့် စနစ် သည် လုံခြုံမှု မရှိ ဖြစ်နေလျင်ပင် ထို အခြေအနေ လျော့ပါးသွားအောင် လုပ်ခြင်းမျိုး ဖြင့် အတတ်နိုင်ဆုံး ကာကွယ်နိုင်သည်။
ယင်းသည် တိုက်စစ် နှင့် ခံစစ်၊ ဆိုက်ဘာ နည်းဖြင့် တနည်း မဟုတ် တနည်း တိုက်ခိုက်နိုင်စွမ်း ရှိသူများ နှင့် ထိုသို့ တိုက်ခိုက်ခြင်းမှ ကာကွယ်နေရသူများ အကြား တိုက်ပွဲ များပင် ဖြစ်သည်။
လူပုဂ္ဂိုလ်များ နှင့် ကုမ္ပဏီ အသေးစား များ အဖို့ ဆိုက်ဘာ သန့်ရှင်းရေး ဆိုင်ရာ ဆောင်ရန် ရှောင်ရန် များကို လိုက်နာကြရမည် ဖြစ်သည်။ မိမိတို့ အသုံးပြုရမည့် ကွန်ပြူတာဖွင့် စကားဝှက်များကို လွယ်ကူ ရှင်းလင်းသည့် စကားလုံးများ အစား ခက်မည်ထင်သော စကားလုံးများ ရွေးချယ်ခြင်း၊ စကားဝှက်ကိုလည်း ကီးဘုတ် အနီးတွင် အလွယ်တကူ ထားရှိခြင်းမျိုး မလုပ်မိ အောင် သတိထားခြင်း၊ ဆိုရှယ် မီဒီယာ၊ အီးမေးလ်၊ ဘဏ် အကောင့် စကားဝှက်များကို နှစ်ဆင့်ခံ အထောက်အထား များ ထားရှိခြင်းမျိုး လုပ်ထားသင့်သည်။ ထို့အပြင် encryption ခေါ် မိမိတို့ ပေးပို့ သည် များ ကို ကြားမှ ဖတ်ရှုနိုင်ခြင်း မရှိအောင် ကုပ်ဒ် များ ထည့်သွင်း သည့် စနစ် မျိုးလည်း အသုံးပြု၍ ရသည်။ System software များ အမြဲလို မွမ်းမံနေသည်များကို မျက်ခြေမပြတ် သုံးသွားသင့်သည်။
တခုခု ဖြစ်လာလျှင် အဆင်သင့် ဖြစ်နေရန် အတွက် အချက်အလက်များကို အခြား နေရာများ တွင်လည်း သိမ်းဆည်းထားသင့်သည်။ သို့မှသာ မိမိ၏ လုပ်ငန်းများသည် အခြေအနေ မပျက် ဆက်၍ လည်ပတ် နိုင်မည် ဖြစ်သည်။
လက်ရှိ အနေအထား အရ အင်တာနက်ကို ထိန်းချုပ် သွားနိုင်ရေး သည် ယခု ရာစုနှစ် အတွက် အကြီးမား ဆုံး နှင့် အရေး ပါဆုံး စိန်ခေါ်မှု ကြီး ဖြစ်လာသည်။
လက်ရှိ တွင် စည်း နှင့် ကမ်း နှင့် ထိန်းချုပ်သွားရေး ကို လိုလားသူများသည် လျှင်မြန်စွာ ပြောင်းလဲလာနေသော နည်းပညာ များကို အရှုံးပေးနေရပြီ ဖြစ်သည်၊ ယင်းသည် နျူကလီယား နည်းပညာကဲ့သို့ မဟုတ်ပဲ လူအများ လက်ဝယ်သို့ အလွယ်တကူ ပင် ရောက်ရှိလာနေ သော ကြောင့်ဖြစ်သည်။