အစွမ်းကုန် ကြမ်းရမ်း ရန် ပြင်ဆင်နေပြီ

by Hla Soewai - Jul 02 2024

စစ်တပ်သည် အာဏာသိမ်းပြီးနောက် ရက်အနည်းငယ် အတွင်း အခြေအနေများကို ထိန်းချုပ်နိုင်လိမ့်မည်ဟု တွက်ဆခဲ့ကြသော်လည်း သုံးနှစ်ခွဲ ကျော်လာသည် အထိ နယ်မြေ များ ဆက်တိုက်ဆိုသလို ဆုံးရှူံးလာနေသည်။ တိုင်းပြည်ကို အုပ်ချုပ် ပိုင် ခွင့် ဆိုသည်က နကိုယ်ကတည်းက မရှိ၍ ဆုံးရှုံးသွားပြီဟူ၍ တော့ ပြော၍ မရဟု ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက RFA တွင် အထက်ပါ ခေါင်းစဉ် ဖြင့် ရေးသားထားသည်

 

စစ်တပ်သည် ၎င်းတို့ ဖက်တွင် အချိန် ရှိနေသည်ဟု အမြဲလို ယူဆခဲ့ကြသည်။ ယခုအခါ တွင်တော့ ထိုသို့ မဟုတ်တော့မှန်း သိလာကြ၍ အရေးတကြီး ဖြစ်လာကြသည်။ ထို့အတွက် မည်သူကို မျှ ရှောင်ရကောင်းမှန်း မသိ၊ မဲမဲမြင်ရာ သတ်ဖြတ်လာတော့မည် ဖြစ် ၍ နိုင်ငံ အလယ်ပိုင်း နေ လူထု အဖို့ ရှေ့လျောက် အသေအပျောက် များလာနိုင်သည်။

 

ထိုသို့ လုပ်ရန် ၎င်းတို့အား တွန်းအားပေးလာသည့် အချက် လေးချက် ရှိနေသည်။

 

ပထမ အချက် အနေဖြင့် မင်းအောင်လှိုင်သည် သူ့စိတ်ထဲ အရည်အချင်း မရှိဟု ထင်သော အရာရှိများကို ချောင်ထိုးပြီး လူစားလဲလာနေ၍ အစားထိုး ခံရသူများက သူထက်ငါ ဖားယား ပြီး လူစွမ်းကောင်း လုပ်လာမည့် အန္တရာယ်ပင် ဖြစ်သည်။ နောက်ဆုံးအကြိမ် လူစားလဲရာတွင် အရာရှိ ကြီးငယ် အယောက် သုံးဆယ်ခန့် ချောင်ထိုးခံရပြီး ဗိုလ်ချုပ် ငါးယောက်ခန့် လက်ရှိ တာဝန်များမှ လူစားလဲ ခံခဲ့ရသည်။

 

မင်းအောင်လှိုင်သည် တပ်ကို ထိန်းချုပ် နိုင်နေဆဲ ဖြစ်ပြီး ဒရုန်း လက်ချက် ဖြင့် ဒဏ်ရာရသွားသည်ဟု ကောလဟသ ထွက်နေသော စိုးဝင်းလည်း ပြန်ရောက်လာပြီ ဖြစ်သည်။ လက်ရှိ စစ်ကောင်စီ အတွင်း သဘောထား ကွဲလွဲသူ ဟူ၍ ထင်ထင်ရှားရှား ထွက်မလာသေးပေ။

 

ဒုတိယ အချက်သည်ကား ငွေကြေးဖောင်းပွမှု နှုန်း မြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာနေခြင်း၊ ဒေါ်လာများ နိုင်ငံပြင်ပသို့ နည်းအမျိုးမျိုး နှင့် ထွက်နေခြင်း၊ ပြည်ပ ရင်းနှီ မြုပ်နှံမှု များ မရှိတော့ခြင်း အစရှိသည့် အကြောင်း များကြောင့် စီးပွားရေးသည် ဒယီးဒယိုင် နှင့် လဲပြိုမတတ် ဖြစ်လာနေသည်။ မရှိမဖြစ် စားကုန် များသည် အာဏာသိမ်းချိန်ကထက် ၂၇၀ ရာနှုန်း မြင့်တက်လာခဲ့သည်။

 

၎င်းတို့ အတွက် အခွန်ငွေများလည်း ဒလဟော ကျဆင်းလာနေ၍ စစ်ကို ရေရှည် ဆင်နွှဲနိုင်ဖို့ အခြေအနေ မပေးတော့၊ လတ်တလောလည်း ပြန်ပြီး နာလန်ထူလာနိုင်မည့် အလားအလာ လည်း မမြင်တော့၍ ဖြစ်သည့် နည်းနှင့် အမြန် နိုင်အောင် တိုက်နိုင်မည့် လမ်းကို ရွေးရပေတော့မည်။

 

တတိယ အချက်သည် မြေပြင် တွင် အကျအဆုံး များလာ၍ လေကြောင်း တိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ကူ ကိုသာ တောက်လျောက် အားကိုးလာနေရခြင်းပင် ဖြစ်သည်။

 

ယခုနှစ် ဇန်နဝါရီ မှ မေလ အတွင်း လေကြောင်းမှ တိုက်ခိုက်မှု ပေါင်း အကြိမ် ၂,၀၀၀ ခန့် ပြုလုပ်ခဲ့သည်။ ။ နယ်မြေများကို ထိန်းထားနိုင်ခြင်း၊ ပြန်လည် သိမ်းယူ နိုင်စွမ်း မရှိတော့သည့် အတူတူ လူထုအား တော်လှန်ရေး တပ်များကို ထောက်ခံသည်ဟု ယူဆကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

 

တိုက်လေယာဉ်များအားလည်း ထင်သလို အသုံးမပြုနိုင်၊ အကြိမ် အရည်အတွက်ကိုလည်း ချွေတာနေရသည်။ အပိုပစ္စည်းများလည်း ပြတ်လတ်လာပြန်သည်။ သုံးသင့်သည်ထက် ပို၍ သုံးလာနေရ၍ ဒီအတိုင်း ရေရှည် ဆက်သွား၍ မရတော့မှန်းလည်း သိလာကြသည်။

 

စတုတ္ထ အချက်သည်ကား အာဏာသိမ်း အဖွဲ့သည်မြိုကြီးပြကြီးများကို ကာကွယ်ရန် ၎င်းတို့ လက်ဝယ်ရှိ အရင်းအမြစ်များထဲမှ ထုတ်နှုပ် သုံးစွဲလာရခြင်းပင် ဖြစ်သည်။

 

စစ်ကောင်စီသည် မြို့ပေါင်း ၆၀ ခန့် နှင့် နိုင်ငံ တဝက်နီးပါး ကို လက်လွှတ်ခဲ့ရပြီး ဖြစ်သော်လည်း လူဦးရေ ၏ ‌သုံးပုံ နှစ်ပုံခန့်သည် ၎င်းတို့ လက်အောက် ကျရောက်နေဆဲ ဖြစ်သည်။

 

စစ်တပ်သည် ယခုအခါ ကရင်နီ တို့၏ မြို့တော် လွိုင်ကော်အား ပြန်၍ သိမ်းယူနိုင်ရန် ထိုးစစ်ဆင်လာပြီ ဖြစ်သည်။ တဝက်တပျက်ကို ထိန်းချုပ်လာနိုင်သော်လည်း စစ်ကူ လွှတ် သော ဆီဆိုင် မှ တပ်များလည်း လမ်း မှ ဖြတ်တောက်ခံနေရသည်။

 

ရခိုင်ပြည်နယ်တွင်လည်း ရက္ခိတ တပ်တော်သည် မြောက်ပိုင်း တခြမ်းလုံး နီးပါးကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ စစ်ကောင်စီသည် မြို့တော် စစ်တွေသို့ ရေလမ်းကြောင်း ဖြင့်သာ စစ်ကူ ပို့ နိုင်တော့သဖြင့် မကြာမီ လက်လွှတ်လိုက်ရတော့မည် ဖြစ်သည်။

 

မြို့ပြ စစ်ဆင်ရေး များ အတွက် တော်လှန်ရေး တပ်များသည် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ကြရသည်။ ဂျပန် တံတားဖွင့်ပွဲတွင် မင်းအောင်လှိုင်အား လုပ်ကြံမည့် အစီအစဉ် ပျက်ပြားသွားခဲ့ရပြီး ‌တပ်ဖွဲ့ဝင် ၁၃ ဦး အဖမ်းခံခဲ့ရသည်။

 

စစ်ကောင်စီ သည် ၎င်းတို့ အခြေအနေ ကောင်းလာ‌ အောင် ရှေလျောက် ဘာလုပ်ဖို့ ကြံနေသည်ကို သိရှိရန် အရေးတကြီး လိုအပ်လာသည်။ လောလောဆယ် တွင် စစ်ဆင်ရေး ပိုင်း နှင့် ထောက်ပို့ပိုင်း တွင် လှုပ်ရှားလာ‌နေပြီ ဖြစ်သည်။

 

လူအင်အား နှင့် အရင်းအမြစ်များ လုံလုံလောက်လောက် မရှိတော့၍ တိုင်းရင်းသား ‌ဒေသများကို လတ်တလော ပစ်ထား လိုက်ရပြီ ဖြစ်သည်။

 

ထိုဒေသများတွင် ၎င်းတို့၏ အဆုံးအရှုံးများက လွန်စွာ ကြီးမားလှသည်။ တိုင်းရင်းသား နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် ဇန်နဝါရီ မှ မေလ အတွင်း စစ်စခန်း ကြီးငယ်ပေါင်း ၂၁၈ ခုကို သိမ်းပိုက် နိုင်ခဲ့သည်။ ရခိုင်တွင် ၆၃ ခု၊ ကချင်တွင် ၁၀၃ ခု၊ ရှမ်းတွင် ၁၉ ခု၊ ကရင်တွင် ၁၂ ခု၊ ချင်းတွင် ၆ ခု၊ မန္တလေး ဒေသကြီးတွင် ၄ ခု၊ မွန် တွင် ၃ ခု၊ တနင်္သာရီ တွင် ၂ ခု၊ ကရင်နီ၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး တွင် ၁ ခုစီ တို့ ဖြစ်သည်။

 

‌နိုင်ငံတဝှမ်း တပ်ရင်း ဌာနချုပ်ပေါင်း ၇၄ ခု၊ ဒေသ စစ်ဆင်ရေး ဌာနချုပ် ၁၂ ခုကို တော်လှန်ရေး အင်အားစု များက သိမ်းယူ နိုင် ခဲ့ပြီ ဖြစ်ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ နယ်ခြား ဖြတ်ကျော် စခန်း အားလုံးနီးပါးလည်း စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။

 

စစ်တပ်၏ လက်ရှိ ဦးစားပေးသည် နိုင်ငံအလယ်ပိုင်းကို ထိန်းချုပ်နိုင်ရန် ဖြစ်၍ စစ်ကိုင်း၊ မကွေး၊ မန္တလေး တွင် အရှိန်အဟုန် ပြင်းစွာ ထိုးစစ်ဆင်လျက် ရှိသည်။ ထိုရည်မှန်းချက် အောင်မြင်သွားသည့် အခါတွင်တော့ စစ်တပ်အဖို့ အညာတွင် ‌ထောက်ပို့ လမ်းကြောင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။ ထို့နောက်တွင်တော့ ဒေသတခုချင်းအလိုက် သွေးခွဲ အုပ်ချုပ်ပြီး တန်ပြန် ထိုးစစ်များ ကို ၎င်းတို့ ကြိုက်သည့် အချိန်တွင် ကြိုက်သလို လုပ်ခွင့်ရ လာတော့မည် ဖြစ်သည်။

 

ထိုမှတဆင့် မူဆယ် နှင့် မြဝတီသွား အရေးပါသည့်လမ်းမကြီးများကို ပြန်လည် ထိန်းချုပ်နိုင်ရန် လုံးပမ်းလာမည် ဖြစ်သည်။ ယခုအခါ မြဝတီ သွား အာရှ အဝေးပြေးလမ်းမကြီး အမှတ် (၁) အား ထိုးစစ် ဆင်နေမှု သည် တိုးတက်မှု နှေးကွေးနေသော်လည်း တပ်အင်အား အလုံးအရင်း နှင့် ဒေါနတောင်တန်းကို မဖြစ်မနေ ဖြတ်ရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။

 

တရုတ်၏ စေ့စပ်ပေးထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရှိထားသည့် ကြားမှ ရှမ်းမြောက် ဒေသရှိ TNLA တပ်စခန်းများကို တိုက်လေယာဉ်များ၊ ဒရုန်းများ ဖြင့် တိုက်ခိုက် လာကြသည်။ ညီနောင်သုံးဖေါ် အဖွဲ့ကလည်း နေပြည်တော် သို့ ကိုယ်စားလှယ် အဖွဲ့ လွှတ်ပြီး ကန့်ကွက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။‌

 

သို့သော် စစ်ကောင်စီသည် မူဆယ်သို့ သွားသည့် အမှတ် ၃ အဝေးပြေး လမ်းကို ပြန်ဖွင့် နိုင်ရန် လားရှိုး တွင် စစ်အင်အား ဖြည့်တင်းနေပြီ ဖြစ်သည်။ TNLA ဖက်မှ စစ်ကူ လာနိုင်သည့် လမ်းများကိုလည်း ဖျက်စီး ပစ်ခဲ့သည်။ (နောက်ဆုံး သတင်းအရ နောင်ချို နှင့် ကျောက်မဲ ရှိ အစိုးရ ရုံးများကို သိမ်းပိုက် နိုင်ခဲ့ပြီဟု သိရသည်။

 

နိုင်ငံခြား ငွေ ကုန်ခန်းလာနေ၍ လက်နက် ခဲယမ်းများကို ပြည်တွင်း မှာပင် တိုးမြှင့် ထုတ်လုပ်လာခဲ့သည်။ ထိုအထဲတွင် ပေါင် ၂၅၀ နှင့် ပေါင် ၅၀၀ ဗုံးများလည်း ပါရှိသည်။ စက်ရုံအများစု သည် မကွေးတိုင်း အတွင်း ရှိနေသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရတပ်များ နှင့် တိုင်းရင်းသား တပ်ဖွဲ့များ လက်လှမ်းမမီနိုင်အောင် ဖြစ်နေသည်။

 

မကြာမီ ထွက်ရှိလာတော့မည့် မြန်မာ အရေး အထူး အကြံပေး ကောင်စီ၏ အစီရင်ခံစာတွင် တရုတ်၏ အကူအညီ ဖြင့် thermobaric ခေါ် အပူ နှင့် အောက်စီဂျင် ရောစပ် ပေါက်ကွဲစေသည့် ဗုံးများ ထုတ်လုပ်နေသည်ဟု ပါရှိလာသည်၊ ထိုဗုံးအမျိုးအစားအား Fuel Air Explosive (FAE) ဟု ခေါ်သည်။ လောင်စာများ ထည့်သွင်းထားပြီး လေကို ထုတ်ထားသဖြင့် ပေါက်ကွဲသည့် အခါ ပြင်ပမှ လေထု ကို စုတ်ယူ မည် ဖြစ်၍ အောက်စီဂျင် ပြတ်တောက်မှု ကြောင့် ပို၍ အသေအပျောက်များ နိုင်သည်။

 

စစ်တပ်သည် လူထု အား ကြောက်ရွံ့သည်ထက် ကြောက်ရွံ့ကာ ဒူးထောက်လာစေမည့် မဟာဗျုဟာ သာ ကျန်တော့၍ ထိုကဲ့သို့ လက်နက်မျိုး သုံးလာဖွယ် ရှိသည်။

 

တရုတ်မှ ထောက်ပံ့ပေးလာသော ဒရုန်းများတွင် တပ်ဆင်ရမည့် လက်နက်များကိုလည်း ပြည်တွင်းမှာပင် ထုတ်လုပ်လာသည်။ ဒရုန်း အော်ပရေတာ များ အားလည်း ရှေ့တန်း တွင် အသုံးပြုလာသည်။ ဇွန်လ ၁၉ ရက်တွင် စစ်တပ်မှ TNLA စခန်းအား ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ တပ်ဖွဲ့ဝင် လေးဦး ကျဆုံးသွားခဲ့သည်။

 

နောက်ထပ် ဗျူဟာ တခုက တပ်သားသစ်များ စုဆောင်းရေး နှင့် အငြိမ်းစား စစ်အရာရှိ များ ပြန်လည် အသုံးချနိုင်ရေး ပင် ဖြစ်သည်။

 

တော်လှန်ရေး အဖွဲ့များက ၎င်းတို့ အတွက် အတင်းအဓမ္မ စုဆောင်းပေးနေသူ အယောက် ၈၀ ခန့်အား သုတ်သင် နိုင်ခဲ့သော်လည်း တလ ၅,၀၀၀ ပြည့်အောင် စုဆောင်းနိုင်ခဲ့ပုံ ရှိသည်ဟု RFA သတင်းတွင် ပါရှိလာသည်။

 

တိုက်ရည်ခိုက်ရည် ပြည့်ဝသူများ အား ထုတ်နှုတ် သုံး လာနိုင်ပြီး ကမန်းကတန်း လေ့ကျင့်ကာ ရှေ့တန်း လွှတ်လိုက်သည့် လူသစ်များကို လူသား ဒိုင်းအဖြစ် အသုံးချတော့မည် ဖြစ်သည်။

 

စစ်ပွဲ တပွဲတွင် အရည်အတွက်သည် အရည်အသွေး ပင် ဖြစ်သည် မဟုတ်ပါလား။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!