အာဏာသိမ်း အဖွဲ့နှင့် ချာလပတ် ရမ်းလာနေ သော တိုင်းပြည် စီးပွားရေး

by Hla Soewai - Jul 01 2024

စစ်အာဏာ သိမ်း အဖွဲ့သည် ၎င်းတို့ သုံးနှစ်ကျော် အုပ်ချုပ်နေစဉ် ကာလ အတွင်း မကြုံစဖူး အောင် ဆိုးရွားလာနေသော စီးပွားရေး အား ဆပ်ရပ် ရှိသော ကြွေးမြီများ အား မဆပ်ပဲ ဆိုင်းငံ့ထားရန် အမိန့်ပေးလာခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဖမ်းဆီးခြင်း၊ နှင့် နိုင်ငံခြားငွေများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာခြင်း အစရှိသည့် နည်းမျိုးစုံ ဖြင့် ဖြေရှင်းရန် လုံးပမ်းနေသည်ဟု စကော့ မေသီဆန်မှ အေးရှားတိုင်းမ် အွန်လိုင်းတွင် ရေးသားလာသည်။

 

နိုင်ငံ အနှံ့ စစ်မျက်နှာ ပေါင်းစုံတွင် အရေး နိမ့်လာနေမှု များကြောင့် တိုင်းပြည်သည် failed state အဖြစ် အရှိန်အဟုန် နှင့် ဦးတည်လာနေသည် မှာ သိသာ ထင်ရှားနေ‌သော်လည်း ထိုထက် ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းအောင် နီးစပ်လာနေသည်က စီးပွားရေး ပြိုလဲ ကျဆင်းလာမှု ဟု ပြော၍ ရနိုင်‌ ကြောင်း ဆောင်းပါးကို အစချီထားသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် တချိန် က ပြည်ပ ရင်းနှီး မြုပ်နှံလိုသူများ အတွက် အာရှ၏ "နောက်ဆုံးဈေးကွက်" ကြီး အဖြစ် မက်လောက်စရာ အနေအထားကို ၎င်းတို့ အသက်ဆက်ဖို့ အဓိက ထားနေရသော စစ် စီးပွားရေး သို့ ပြောင်းလဲ ပစ်လိုက်ပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦး တင်ထွန်းနိုင် နှင့် မစွတာ ရှောင်တန်နဲလ် တို့မှ မေလ ၃ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြီး စီးပွား‌ ရေး တွင် စစ်ကောင်စီ သည် အမှားများ ဆင့်ကဲဆင့်ကဲ ကျုးလွန်နေ‌သော doom-loop economy အဖြစ် ဖြစ်ပျက်နေသည်များကို စိတ်ပျက်လက်ပျက် ပြောဆိုရှင်းလင်းသွားခဲ့သည်။

 

မြန်မာ ကျပ်ငွေ တန်ဖိုးသည် တခါဖူးမျှ မကြုံခဲ့ဖူးသည် နှုန်း ဖြစ်သော တဒေါ်လာလျှင် ၅,၀၀၀ အထိ ထိုးဆင်းသွားခဲ့သည်။ ကျပ်ငွေ သည် ၂၀၁၉ တွင် ရှိသည့် တန်ဖိုး၏ ၂၅ ရာနှုန်းမျှသာ တန်ကြေး ရှိတော့သည်။

 

၎င်းတို့ မျက်စိရှေ့တွင် တလိမ့်လိမ့် ကျဆင်းလိုက်လာနေ‌သော စီးပွားရေးကို ငွေစက္ကူများ ရိုက်နှိပ် ဖြန့်ချီ ခြင်းဖြင့် တုန့်ပြန်လာခဲ့သည်။ စုစုပေါင်း ရိုက်နှိပ်ခဲ့သည့် ပမာဏ သည် ကျပ်ငွေ ၂၅ တြီလီယံ ခန့် ရှိပြီး နိုင်ငံခြား အရံငွေသည် လည်း ဒေါ်လာ ၃ ဘီလီယံ ခန့် ကျဆင်းသွားခဲ့သည်။

 

ရှောင်တန်နဲလ် မှ ထိုသို့ ကျပ်တန်ဖိုး ထိန်းမရအောင် ကျဆင်းလာနေမှု ကြောင့် စစ်ကောင်စီ အဖို့ ၎င်းတို့လိုအပ်နေသော လက်နက် ခဲယမ်းများ ဝယ်ယူရန် နိုင်ငံခြားငွေများကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားနိုင်မည့် စီးပွားရေး မူဝါဒ ကို အလွယ်တကူပင် ပြောင်း၍ ကျင့်သုံးလာခဲ့သည်ဟု ပြောခဲ့သည်။

 

စစ်ရေး အသုံးစရိတ်သည် တနိုင်ငံလုံး အတွက် လျာထားသော ဘတ်ဂျက် စုစုပေါင်း၏ ၆၀ ရာနှုန်း ရှိလာနေပြီ ဖြစ်သည်။ ယင်းနှင့် အတူ ကျန်းမာရေး၊ ပညာရေး ကဏ္ဍ များတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ယို့ယွင်းကျဆင်းလာခဲ့ရသည်။

 

ဆင်းရဲတွင်း နက်သည်ထက် နက်လာနေသူများသည် တိုင်းပြည် လူဦးရေ၏ ၄၀ ရာနှုန်းအထိ ရှိလာခဲ့သည်။ ဈေးနှုန်းများ ကြီးမြင့်လာနေမှု ကြောင့် အချို့သော အခြေခံ လူသုံးကုန် များသည် နိုင်ငံသား အများစု လက်လှမ်းမမီ နိုင် ဖြစ်လာသည်။ အထူးသဖြင့် ကုန်စည် သယ်ယူ ပို့‌ ဆောင်မှု များ ပြတ်‌ တောက်နေသည့် တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများ တွင် ဖြစ်သည်၊ စစ်ကောင်စီသည် စစ်တွေကဲ့သို့ မြို့ကြီးများတွင် ထိုသို့ ပြတ်လတ်သွားရန် ရည်ရွယ်ချက် ရှိရှိ ဖြင့် ပိတ်ဆို့ ဖြတ်တောက်ထားခဲ့သည်။

 

စစ်တပ်သည် ကုမ္ပဏီများအား ပေးရန် ရှိသည့် ပြည်ပ ကြွေးမြီများ နှင့် အတိုးများကို ဆိုင်းငံ့ထားရန် ညွှန်ကြားလာခဲ့သည်။ စီးပွားရေးကို နောက်ပြန် ဆွဲလာသည့် ထူးထူးဆန်းဆန်း လုပ်ရပ် အဖြစ် မြန်မာ ကုန်သည်ကြီးများ အသင်းမှ စက်မှု မထွန်းကားမီ ကာလ က ကျင့်သုံး ခဲ့သည့် ကုန်စည် ဖလှယ်သည့် စနစ် ဖြင့် ကုန်သွယ်ကြရန် ပြောဆိုလာခဲ့သည်။ ဘဏ်များသည်လည်း ၎င်းတို့ဖာသာ လည်ပတ် နိုင်စွမ်း မရှိတော့ပဲ စစ်ကောင်စီ အသက်သွင်း ခံနေရသည့် "ဖုတ်ကောင်" သာသာ ဘဝ ရောက်နေရပြီဟု ရှောင်တန်နယ်က ဆိုသည်။

 

ထိုသို့ အခြေအနေများ ပို၍ ဆိုးဝါးလာစေသည်က ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် လျပ်စစ်ဓါတ်အား ပြတ်တောက်လာနေခြင်းပင် ဖြစ်သည်။ ထို့ပြင် စစ်မှု မထမ်းမနေရ ဥပဒေ ဆိုသည်ကို အသက်သွင်းလာပြန်၍ လူငယ်များသည် စစ်ထဲ ဆွဲသွင်းခံလာရပြီး၊ အချို့ကလည်း ထွက်ပြေး တိမ်းရှောင်ကုန်ကြသည်၊ အချို့ကလည်း တော်လှန်ရေး အင်အားစုများထံ ခိုလှုံလာကြသည်။ ဤသို့ဖြင့် စီးပွားရေး အတွက် အရင်းအမြစ်များ ဖြစ်သည့် လူငယ်များ၏ လုပ်အား များ လေလွင့် ဆုံးရှုံးသွားခဲ့ရသည်။

 

၂၀၂၃ အကုန်ပိုင်းတွင် ဖြစ်လာမည်ဟု ခန့်မှန်းထားသော မြို့ပြ တိုက်ပွဲ များ ဖြစ်မလာခဲ့သော်လည်း စစ်ကောင်စီ အား ထို့ထက် ပို၍ ခြိမ်းခြောက်ခံလာရသည်က မြို့နေ လူတန်းစား၏ လူနေမှု အဆင့်အတန်း ကျဆင်းလာနေခြင်း နှင့် စီးပွားရေး အဆင်မပြေ မှုများကြောင့် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်လာနေ‌မှု များပင် ဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပွားမလာမီ အခြေအနေများ ကဲ့သို့ ဖြစ်လာနေသည်။

 

စစ်ကောင်စီ သည် ထိုအခြေ အနေများ အပေါ် တုန်လှုပ် ခြောက်ခြားလာနေပြီး ၎င်းတို့ ကိုယ်တိုင် ဖျက်ဆီးခဲ့သည့် စီးပွားရေးကို ကျားကန်နိုင်ရန် ကမူးရှူးထိုး ကြိုးပမ်းလာကြသည်။

 

၎င်းတို့အဖွဲ့တွင် စီးပွားရေးပိုင်း အဓိက စီမံခန့်ခွဲ ပေးနေသည့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အောင်နိုင်ဦး အား ထုတ်ပယ်ပစ်ခဲ့သည်။ ထို့နေမှာပင် စီမံဘဏ္ဍာ ဒု ဝန်ကြီး မောင်မောင်ဝင်း ဆိုသူအား လည်း ဖြုတ်ပစ်ခဲ့သည်။

 

ယခုအခါ ပျံ့နှံ့လာနေ‌သော ကောလဟသများထဲတွင် ယုံကြည်၍ ရနိုင်သည့် သတင်းများက စီးပွားရေး ပိုင်းတွင် အဓိက ကျသည့် ပုဂ္ဂိုလ်များအား စစ်ကောင်စီ မှ ဖမ်းဆီးထိန်းသိမ်း နေသည် ဆိုခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် ဗဟိုဘဏ် ဥက္ကဌ သန်းသန်းဆွေလည်း ပါဝင်နေသည်ဟု သိရသည်။ သန်းသန်းဆွေ အား ရန်ကုန် နိုင်ငံတကာ လေဆိပ်တွင် ပြည်ပ သို့ မထွက်ခွာမီ ထိန်းသိမ်းလိုက်ပြီး နေပြည်တော်သို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

 

ထို့မတိုင်မီ ရက်များက သန်းသန်း‌ဆွေသည် ထိုင်းဘဏ်လုပ်ငန်း ရှင်များ၏ ကိုယ်စားလှယ် များ နှင့် တွေ့ဆုံခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းဘဏ်များမှ တဆင့် ငွေလွှဲပြောင်းပေးနိုင်ရေး၊ ငွေလဲနှုန်းများ နှင့် ကုန်သွယ်‌‌ ရေး၊ ရင်းနှီးမြုပ်နှံ‌ ရေး ဆိုင်ရာများ ဆွေး‌ နွေးခဲ့သည်။

 

ထိုနေ့မှာပင် နိုင်ငံခြားငွေများ အလွှဲအပြောင်းလုပ်သည့် ဖေ့စ်ဘုတ် အကောင့် ၁၆ ခုကို ပိတ်ပစ်ရန် ဗဟိုဘဏ်က ညွှန်ကြားလာခဲ့သည်။

 

လက်ရှိတွင် ကောလဟသများသည် မြန်မာ နိုင်ငံရေး ယန္တရားကြီးအား တဝှီးဝှီး ဖြင့် မောင်းနှင်နေပြီ ဖြစ်ရာ ကရိုနီကြီးများ ဖြစ် သော ရိုးမ ဘဏ် မှ ဆာဂျေ ပန်း နှင့် ကမ္ဘောဇ ဘဏ် မှ အောင်ကိုဝင်း တို့လည်း ထိန်းသိမ်းခံနေရသူများထဲ ပါဝင်နေသည်ဟု သတင်း ထွက်ပေါ်လာခဲ့သည်။

 

စီးပွားရေး လုပ်ငန်းရှင်များအားလည်း ဘန်ကောက်နှင့် စင်္ကာပူ သို့ ခရီးထွက်ခြင်းမျိုးကို စစ်ကောင်စီမှ ကန့်သတ် စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။

 

ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံ စီးပွား ဖွံ့ ဖြိုး‌ ရေး အား နှောက်ယှက် ဟန့်တား နေသည် ဆိုကာ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းရှင် ၁၄ ဦး အား ဖမ်းဆီးလိုက်ပြီး တိမ်းရှောင်သွားသူ ၁၁ ဦး ၏ အမည်နှင့် ဖုန်းနံပတ်များကို ထုတ်ပြန်ခဲ့သည်။

 

တကယ်တမ်း တွင် ၎င်းတို့ ထုတ်ပြန်သည့် အစီအမံများသည်သာ တိုင်းပြည် စီးပွားကို ပြိုလဲအောင်လုပ်နေခြင်း ဖြစ်သည့် အတွက် မလိုက်နာပဲ နည်းအမျိုးမျိုး နှင့် ရှောင်တိမ်းနေမှု များ အပေါ် စစ်ကောင်စီသည် မည်သို့ လုပ်ရမည် မသိ ဖြစ်လာ‌ နေသည့် လက္ခဏာ များ အထင်အရှား တွေ့ လာ‌နေရသည်။

 

ဇွန် ၃ ရက်တွင် ရန်ကုန် မှ အများစု ပါဝင်‌ နေသည့်ရွှေကုန်သည် ၂၁ ဦးအား ရွှေဈေးကွက် မတည်မငြိမ် ဖြစ်အောင် ဖန်တီးမှု ဖြင့် စွဲချက်တင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ တိမ်းရှောင်သွားသူ ၁၀ ဦး ၏ ဓါတ်ပုံ နှင့် လုပ်ငန်း လိပ်စာများကိုပါ သတင်းပေးနိုင်ရန် ဆိုကာ ပုံနှိပ်ဖေါ်ပြခဲ့သည်။

 

အိုးအိမ်ခြံမြေ ပွဲစားများကိုလည်း ပစ်မှတ်ထားလာပြန်သည်။ ၎င်းတို့အား ထိုင်းရှိ မြန်မာ နိုင်ငံသားများအား ကွန်ဒို များ "တရားမဝင်" ရောင်းချပေးနေမှူ ဖြင့် စွပ်စွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ အတွက် ရှားပါးလိုက်လာနေသော နိုင်ငံခြားငွေများ ပြည်ပသို့ ရောက်မသွားရန် ဂမူးရှူးထိုး ကြိုးပမ်းလာခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုးဆင်းကျလာနေသော စီးပွားရေးအား အဆင်း ဘီးတပ်ပေးလာသည်က ရာဇဝတ်မှု နှင့် မကင်းသော လုပ်ငန်းများနှင့် ဆက်စပ် ပတ်သက်နေမှု ပင် ဖြစ်သည်။ လူသိထင်ရှား ဖြစ်လာနေသည်က ‌ရွှေကုက္ကိုလ်နှင့် ကေကေ ပတ် တို့တွင် အွန်လိုင်း လူလိမ်ဂိုဏ်းများ မှိုလိုပေါက်လာနေမှု ပင် ဖြစ်သည်။ ၎င်းတို့ထံမှ စစ်ကောင်စီသည် မည်မျှ အတိုင်းအတာထိ ညှစ်ထုတ်ယူနေသည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ဒေါ်လာ ဘီလီယံ နှင့် ချီ ရှိမည်ဟု ခန့်မှန်းနေကြသည်။

 

ထို့ပြင် မူးယစ်ဆေး ကုန်သွယ်မှု၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူးမှု များလည်း အရှိန် ရလာနေသည်။ ယခုအခါ မြန်မာသည် ကမ္ဘာလူဆိုးဂိုဏ်းများ ကျက်စားရာ နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးပိုင်းတွင် ပါရှိလာပြီ ဖြစ်သည်။ ကမ္ဘာဘဏ္ဍာရေး ဆိုင်ရာ တရားမဝင်လုပ်ငန်းများ အရေးယူရန် ဖွဲ့စည်းထားသော အထူး တပ်ဖွဲ့မှလည်း ယမန်နှစ်က ငွေကြေးခဝါချမှု များကြောင့် မြန်မာအား အမည်ပျက်စာရင်း ထဲ ထည့်သွင်းလာခဲ့သည်။

 

စီးပွားရေး အခြေအနေများ ယို့ယွင်းပျက်စီးလာနေမှု နှင့် အတူ လူထု အကြား ဂဏှာမငြိမ် ဖြစ်လာနေသည်ကို ကြည့်၍ အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အပေါ် ဆက်၍ သစ္စာခံနေရန် အတွက် အောက်ခြေ အဆင့် ဝန်ထမ်းများကို လက်ဦးမှု ယူကာ လဒ် ထိုး သွေးဆောင်လာခဲ့သည်။

 

မည်သည့် ရှု့ဒေါင့်က ကြည့်ကြည့် စစ်ကောင်စီသည် အုပ်ချုပ်သူ အစိုးရ တရပ် အနေဖြင့် နိုင်ငံသားများ အတွက် တာဝန်ယူ ဆောင်ရွက်ပေးသွားရမည့် စီးပွားရေးပိုင်း ကို လုံးဝ ဥပေက္ခာ ပြုထားလာပြီ ဖြစ်သည်ဟု ပြော၍ ရနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည်လည်း စစ်ဒဏ်ခံခဲ့ရသော စီးပွားရေး ကို ပြန်လည် အဖတ်ဆယ် နိုင်ရန် ငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးညှိနှိုင်းရေး ထက် ဖုန်ဆိုးမြေ သမ္မတ အဖြစ် အုပ်ချုပ်သွားရလည်း ကျေနပ်နေမည့် သဘော တွေ့နေရသည်။