နိုင်ငံတကာ ရေးရာ မိတ်ဆက်(77)

by Hla Soewai - Jul 01 2024

၂၀၁၁ တွင် အမေရိကန် အစိုးရမှ အင်တာနက်အား ပွင့်လင်းမြင်သာစွာ ဖြင့် လုံခြုံစိတ်ချစွာ အားလုံး အသုံးပြု နိုင်ရန် တောင်းဆိုလာခဲ့သည်။ သို့သော် လူတိုင်းက အမေရိကန်၏ အပြောကို ဖြစ်သင့် ဖြစ်ထိုက်မှု တရပ် အဖြစ် တညီတညွတ် တည်း သဘောတူခဲ့ခြင်း မျိုးတော့ မရှိပေ။

 

လက်ရှိတွင် အင်ဝာာနက်သည် ပုံစံ အမျိုးမျိုး နှင့် ထွက်ပေါ်နေပြီး ဖြစ်သည်။ ထို့အတွက် Splinternet ဟု ပင် ခေါ်ဝေါ်လာကြသည်။ အထူးသဖြင့် တရုတ် ကဲ့သို့ နိုင်ငံများမှ အချုပ်အခြာအာဏာ ဆိုသည့် အကြောင်းပြချက်ဖြင့် အင်တာနက် ဖြင့် သွတ်သွင်းလာမည့် အကြောင်းအရာများ နှင့် ၎င်းတို့ နိုင်ငံသားများ တဦး နှင့် တဦး လွတ်လပ်စွာ ဆက်သွယ်နိုင်မည့် နည်လမ်း များကို ကန့်သတ်လိုလာကြသည်။

 

အချို့ အစိုးရများက အတိုက်အခံများမှ အင်တာနက်ကို အသုံးချပြီး ၎င်းတို့ ဖြစ်စေချင်သည့် နိုင်ငံရေး အပြောင်းအလဲများ ဖေါ်ဆောင်ပြီး ခြိမ်းခြောက်လာမည့် အရေးကို စိုးရိမ်ကြောင့်ကြလာကြသည်။ အချို့ အစိုးရ များကလည်း ညစ်ညမ်းရုပ်ရှင် နှင့် အကြောင်းအရာများသည် လူ့အဖွဲ့အစည်း ကို အန္တရာယ် ပြုလာနိုင်သည် ဆိုကာ ပိတ်ပင်လိုကြသည်။

 

နိုင်ငံသားများသည် အင်တာနက်မှ တဆင့် ကောလဟသများ ဖြန့်ချီခြင်း၊ လူမျိုးရေး တင်းမာမှု များ ဖြစ်ပေါ်အောင် မီးထိုးပေးခြင်းများ ပြူလုပ်လာနိုင်သည်ဆိုကာ အင်တာနက် နှင့် ဆိုရှယ် မီဒီယာ ဝက်ဆိုက်များ အား လုံးဝဥသုံ ပိတ်ပစ်ခဲ့သည်များလည်း ရှိလာသည်။ 

 

၂၀၁၉ နှစ် တနှစ်တည်းမှာပင် နိုင်ငံရေး အကျပ်အတည်း များ ပေါ်လာ၍ သီရိလင်္ကာ၊ အီရန် နှင့် အိန္ဒိယ တွင် ဆိုရှယ် မီဒီယာ သို့မဟုတ် အင်တာနက်ကို လုံးဝ ပိတ်ပင်ပစ်ခဲ့သည်များ ရှိခဲ့ဖူးသည်။

 

အင်တာနက်ကို တကမ္ဘာလုံး အတိုင်းအတာဖြင့် စီမံအုပ်ချုပ်သွားဖို့ အရေးသည် လွန်စွာ မှ ခက်ခဲလှပေသည်။ လက်တွေ့ကျကျ ဟန့်တား သွားနိုင်မည့် နည်းလမ်းမျိုး မရှိသလောက် ဖြစ်နေယုံမျှမက တနိုင်ငံ မှ တနိုင်ငံကို သူလျို လုပ်လာမည်ကိုလည်း တားဆီးရန် လည်း မဖြစ်နိုင်ပေ။

 

ဆိုက်ဘာရပ်ဝန်းသည် အခြားသော ဆက်သွယ်ရေး နည်းလမ်းများ နှင့် အနည်းငယ် ကွာခြား‌နေပေသည်။ ထောက်လှန်းရေး အေဂျင်စီများ အနေဖြင့် ယခင်လို စာတိုက်မှ တဆင့် စာများ ပေးပို့ခြင်း၊ တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောဆိုခြင်းများကို စောင့်ကြည့်ရန် လွယ်ကူသည်၊ ယခင်က မည်သို့မျှ ထိတို့၍ မရသော အစိုးရ၏ လုပ်ငန်းများကိုပင် အင်တာနက် ဖြင့် နှောက်ယှက်ဖျက်ဆီးနိုင်စွမ်း ရှိလာသည်။ ဥပမာ အားဖြင့် လျပ်စစ်ဓါတ်အားလိုင်းများကို ဖြတ်တောက်ပစ်ခြင်း၊ ၂၀၁၆:အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ရုရှားမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း၊ မူပိုင်ခွင့် ရှိထားသော တီထွင် ဖန်တီးမှုများကို ခိုးယူခြင်း၊ မြောက်ကိုရီယား မှ ဆိုနီ ‌ရုပ်ရှင် လုပ်ငန်းကို တိုက်ခိုက် ခြင်းမျိုး တို့ ဖြစ်သည်။

 

ထို့ကဲ့သို့သော တနိုင်ငံမှ တနိုင်ငံကို တိုက်ခိုက်လာမည့် လုပ်ရပ်များကို ဟန့်တားနိုင်ရန် အင်တာနက် အာ ပိတ်ပင်ခြင်းမျိုး မှ လွဲ၍ အခြား နည်းလမ်း မရှိနိုင်တော့ဘူးလားဟု မေးခွန်းထွက်ပေါ်လာခဲ့သည်။ အချို့က အကြမ်းဖက်သမားများ သို့မဟုတ် လူအများ အစုလိုက် အပြုံလိုက် သေကြေနိုင်သည့် လက်နက်များ ထုတ်လုပ်ခြင်း၊ ပစ်ခတ် နိုင်မည့် နည်းစနစ်များကို အင်တာနက်ဖြင့် တိုက်ခိုက်ခြင်းမျိုးကို ခြွင်းချက် အဖြစ် ခွင့်ပြုသင့်သည်ဟု ပြောလာကြသည်။

 

ထိုကဲ့သို့ တိုက်ခိုက်မှု မျိုးကို အမေရိကန် နှင့် အစ္စရေး တို့မှ အီရန်၏ နျူကလီယား ထုတ်လုပ်ရေး အစီအစဉ်များကို နှေးကွေးသွားစေရန် ပြုလုပ်ခဲ့ကြသည်။ အမေရိကန်သည် မြောက်ကိုရီယား၏ နျူကလီယား နှင့် ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်များကို နှောက်ယှက်ရန် ဆိုက်ဘာ မှ တဆင့် တိုက်ခိုက်မှုများ လုပ်ခဲ့သည်ဟု သတင်းများလည်း ထွက်ရှိလာခဲ့သည်။

 

အချို့ကလည်း ထိုသို့ နိုင်ငံတနိုင်ငံကို ဆိုက်ဘာမှ တဆင့် တိုက်ခိုက်လာခြင်းကို ပိတ်ပင်ရန် အပေါ်ယံအားဖြင့် သဘောတူခဲ့ကြသော်လည်း ၎င်းတို့ အနေနှင့် စစ်ရေး နည်းလမ်း တရပ် အဖြစ် အသုံးပြုရမည့် အခြေအနေမျိုး နှင့် ကြုံလာသည့် အခါတွင်မှု လက်မနှေးခဲ့ကြသည်ကို တွေ့လာရသည်။ အထူးသဖြင့် ၎င်းတို့ထက် သမာရိုးကျ လက်နက်အင်အား အရာတွင် သာလွန်နေသော နိုင်ငံများကို တိုက်ခိုက်လိုသည့် အခါမျိုးတွင် ဖြစ်သည်။

 

ထို့အတွက် ဆိုက်ဘာ နည်းလမ်းသည် အားနည်းသော နိုင်ငံများ ၏ လက်နက်များ ဖြစ်လာသည်ဟု ဆိုနိုင်ပေသည်။ အကုန်အကျလည်း မများသည့် အပြင် ၎င်းတို့ထက် စစ်ရေးအရ လွန်စွာ အားသာနေသော နိုင်ငံအား အကြီးအကျယ် ထိခိုက်ပျက်စီးသွားအောင် လုပ်နိုင်စွမ်း ရှိသည့် လက်နက် ဖြစ်လာသည်။

 

ဥပမာ ပြရမည် ဆိုလျှင် မြောက်ကိုရီယားသည် မည်သည့်ဖက်က ကြည့်ကြည့် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ ဖြစ်သော်လည်း နောက်ဆုံးပေါ် ဆိုက်ဘာ လက်နက်များ ပိုင်ဆိုင်ထားသည့် တခုတည်းသော နိုင်ငံ ဖြစ်လာသည်။

 

ပစ်မှတ် အဖြစ် ရွေးချယ်ခဲ့မှု နှင့် ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်း အပေါ် မူတည်၍ ဆိုက်ဘာ တိုက်ခိုက်မှုသည် လူများ အစုလိုက် အပြုံလိုက် သေကြေစေမည့် လက်နက်မျိုးကဲ့သို့ပင် ထိခိုက်ပျက်စီး နိုင်မှု နှင့် နောက်ဆက်တွဲ အကျိုးဆက်များ အတူတူ နီးပါးဟု ပြော၍ ရပေသည်။

 

ထိုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးကို ပိတ်ပင်ရေးအား ကမ္ဘာအနှံ့မှ ထောက်ခံမှု ရဖို့ အရေးသည် မဖြစ်နိုင်သလောက် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ ဂျီနီဗာ တွင် ဒီဂျစ်တယ် ညီလာခံ တရပ် ကျင်းပရန် တောင်းဆိုမှု များလည်း ထင်သလောက် အရေးထားခြင်း မခံခဲ့ရပေ။ စုပေါင်း သဘောတူညီမှု တရပ် ထွက်ပေါ်လာဖို့သည်က ဖြစ်နိုင်ခြေ ရှိ‌သော်ငြားလည်း ယင်းအား လိုက်နာ မလိုက်နာ ဆိုသည်ကို စောင့်ကြည့် အရေးယူ ဖို့ ဆိုသည်က မဖြစ်နိုင်ဟု ဆိုရမည် ဖြစ်သည်။

 

ယင်းနှင့် အတူ တပြိုင်တည်း ထွက်ပေါ်လာရသည့် အမေးသည်ကား သို့ဆိုက လက်နက်ကိုင်တပ်များအား မည်သည့် အချိန်နှင့် ဘယ်ပုံဘယ်နည်း အသုံးပြုသင့်သည် ဟူသော နိုင်ငံတကာ စည်းမျဉ်း စံနှုန်းများ ကော ရှိလာမည်လား ဆိုသည်ပင် ဖြစ်သည်။

 

ထိုသို့သော စည်းမျဉ်းများ ရှိလာမည် ဆိုက ဆိုက်ဘာဖြင့် တိုက်ခိုက်လာမည့် အရေးကို တနည်းမဟုတ် တနည်း ဟန့်တား နိုင်မည် ဖြစ်သော်လည်း နိုင်ငံတနိုင်ငံသည် ၎င်းတို့၏ နိုင်ငံ လုံခြုံရေး နှင့် အကျိုးစီးပွား ကာကွယ်ရေးသည် ပို၍ အရေးပါသည်ဟု ယူဆရမည့် အနေအထား ရောက်လာလျှင် လျစ်လျုရှု လာကြမည်သာ ဖြစ်ပေသည်။